တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတောင်းကြည့်ကာ မရမကပါတီဝင်လိုင်းပြီးစည်းရုံးမဲဆွယ်သော USDP ပါတီ စည်းရုံးရေးအဖွဲ့အား လွယ်လင်ဒေသခံအချို့က တံခါးပိတ်သော့ခတ်ရှောင်တိမ်းနေကြကြောင်း စုံစမ်းသိရှိရသည်။“ကြံ့ဖွတ်ပါတီတွေ ပြီးခဲ့တဲ့အပတ်ထဲက လွယ်လင်မှာစည်းရုံးရေးဆင်းတာ အဲလိုလုပ်ရပ်မျိုး ရပ်ကွက် ၃ခုလောက် ကြုံရ တယ်။ အိမ်ထောင်စုစာရင်းတောင်းကြည့်တာ။ မရမနေ အဓမ္မစည်းရုံးတာ။ အဲဒါနဲ့တချို့ အိမ်တွေဆို သူတို့လာမယ်သိတာ နဲ့ တံခါးပိတ်သော့ခတ်ပြီးကျောခိုင်းရှောင်ထွက်ကြတာ” ဟု လွယ်လင်မြို့ ခံတဦးက ပြော၏။
လွယ်လင်၌ စည်းရုံးရေးဆင်းသည့်အလား ပင်လုံမြို့နှင့် တခြားမြို့တွင်လည်း USDP ပါတီကအိမ်ရှင်ဆန္ဒမေးမြန်း ခြင်း မရှိဘဲ ပါတီဝင်အဖြစ် အဓမ္မသွတ်သွင်းခဲ့သေးကြောင်းလည်း လွယ်လင်မြို့ခံများကပြောပြပါသည်။
ယနေ့ ၁၃ ရက်တွင်မူ လွိုင်လင်မြို့သို့ SNDP ကျားဖြူပါတီလည်း လာရောက်စည်းရုံး ကြောင်းသိရ သည်။
လွယ်လင်မှာဆို ရပ်ကွက် ၄ တခုထဲကောင်းကောင်းစည်းရုံးနိုင်ရင် လုံလောက်ပြီ။ အဲမှာက သျှမ်းများတယ်။ အိမ်ထောင် စု ၃၀၀ ကျော်ရှိမယ်။ လွယ်လင်ကိုသွားမယ့်အကြောင်း သတင်း ပို့ထားပြီး ကတည်းက ဒေသခံလူငယ်တွေ စည်းရုံးထား တာအယောက် ၃၀၀ လောက် ရှိပြီ။” ကျားဖြူ ပါတီစည်းရုံးရေးမှူးတဦးက ပြောသည်။
လွယ်လင်၌ စည်းရုံးရေးဆင်ပြီးးပါက လာမည့် ၁ -၂ ရက်အတွင်း မိုင်းပွန်ဘက်သို့ ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။
“အချိန်ကလဲ ကပ်နေတော့ ပင်လုံ ဆနင်းတောင်ပေါ်ရွာဘက်လဲ တချို့သွားစည်း ရုံးကြတယ်။ အဲ့ဘက်မှာ မဆင့်ခေါ်ရဘဲ နဲ့ အိုးစည်ဗုံ မောင်းတွေနဲ့ ကြိုဆိုကြတဲ့ရွာတွေတောင်ရှိတယ်။” ၄င်းကဆက်ပြောပြသည်။
သို့သော် ဆနင်းတောင်ပေါ်ရွာသားများအတွက် မဲပုံးသတ်သတ်ထားပေးမည်လော (သို့မဟုတ်) ပင်လုံသို့သွားရောက် မဲပေးခိုင်းမည်လော ဆိုသည်ကိုမူ ရွေးကောက်ပွဲကော်မရှင်က မဆုံးဖြတ်ပေးသေး ဟုလည်း သိရ၏။
အောက်တိုဘာ ၇ ရက်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မတ်ချိနူတိုက်နယ်ဘက် ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင် သော ကြံ့ဖွတ်ပါတီ စည်းရုံးရေးဆင်းစဉ်ကလည်း- “ကြံ့ဖွတ်ပါတီ၊ တစညပါတီ၊ ကျားဖြူပါတီ ဘယ်ပါတီမဆို သျှမ်းတွေ ချည်းဘဲ ဖြစ်တယ်။ ဘယ်ပါတီကိုသာ မဲထည့်ပေးပါဆိုတာ မပြောလိုဘူး။ အဓိကကတော့တံခါးလေး ဟပေးတုန်း မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မိမိရရအပြည့်အ၀အသုံးချစေချင်တယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် မျက်စိဖွင့်နားစွင့်ပြီး လုပ်စေချင်တယ်” ဟု စိုင်းမောက်ခမ်းကိုယ်တိုင် ပြောကြောင်း လားရှိုး ရောက် မတ်ချိနူရွာသားတဦးကပြောသည်။
မဲပြားပေါ်၌ မဲပေးသူ၏ အမည်နှင့် မှတ်ပုံတင်ရေးရမည်ဟူသော (2008 ဆန္ဒခံယူပွဲကကဲ့သို့) ခြိမ်းခြောက်မှု ရှိနေသည့် အပေါ် ရန်ကုန်မြို့နေ သျှမ်းအမျိုးသားတဦးက- “မဲရုံအ၀င်ဝမှာဘဲ မှတ်ပုံတင်ပြ မဲပြားယူရမှာ။ မဲပြား ပေါ်မှာ နာမည် မှတ်ပုံတင်အမှတ်ရေးမယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကိုယ်ကဘယ်မဲပုံးမှာ မဲထည့်တယ်ဆိုတာ ဘယ်သူမှလိုက်မကြည့်ဘူး။ ဒါကြောင့် မိမိအခွင့်အရေးကိုအသုံးချပါ။ ကိုယ်ပေးချင်တဲ့ပါတီကို ဘဲရွေးပြီး မဲပေးကြပါ” ဟု တိုက်တွန်းပြောဆိုသည်။
No comments:
Post a Comment