ရန်ကုန်သားတာတေ
“ထုံးဖြူ၊ ဗမာဆေး တရာဖိုးပေးကွာ”
“ခပ် .. န လေးစောင့်နော်အားကို့ .. ချွန်ဒေါ် ယားပေးမယ်နော်၊ အော်ဒါ နည်းနည်းများလို့ပါ”
“မြန်မြန်လုပ်ကွာ .. တရာဖိုးကို ဘယ်နှယာ ရမှာလဲ”
“ခြောက်ယာရမယ်နော် အားကို .. ကွမ်းဈေးတွေ အရမ်းတက်တယ် .. ချွန်ဒေါ်တို့လည်း ရှုံးတယ်”
“မဖြစ်နိုင်ပါဘူးကွာ .. မင်း ဒီလောက်တောင် ရောင်းနေရတာ .. ရန်ကုန်တမြို့လုံးလည်း နေရာတိုင်း ကွမ်းတံတွေးချည်းပဲ .. မင်းတို့ သူဌေးမဖြစ် ဘယ်သူဖြစ်မှာလဲကွ။ ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ”
“ချွန်ဒေါ့်နာမည် မောင်တာတေပါ”
ရန်ကုန်မြို့လယ်တွင်ဖြစ်သည်။ ဖိုးရှုပ်တယောက် ကွမ်းယာဝယ်နေသည်ကို ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ စောင့်နေ ရသည်။ ကွမ်းယာယာသည့် ကောင်လေးက လက်မလည်အောင်ယာရင်း စကားကိုလည်း အမျှင် မပြတ်ပြော နေသည်။ ဖိုးရှုပ်ကလည်း သတင်းထောက်ပီပီ စပ်စုနေသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ် မပြီးသေးဘူးလားကွာ .. ကြာလိုက်တာ။
ဦးရုက္ခစိုး၏ အသံကြားတော့ ကွမ်းယာသည်လေးက မော့ကြည့်သည် ..။
တာတေ။ ။ ဟား ဒီလူးကြီး ချွန်ဒေါ်မြင်ဖူးတယ် .. ဖိုးချစ်ဇာတ်ပွဲထဲက မဟုတ်လား။ ချွန်ဒေါ်နော် ကွမ်းယာရောင်းရင်း အဲဒီဇာတ်ပွဲကြည့်တယ်။ အရမ်းကောင်းတယ်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ .. ဦးရုက္ခစိုးကို ကွမ်းယာသည်က ဇာတ်ထဲကနတ်နဲ့ မှားနေပြီဗျ။
တာတေ။ ။ ဘယ်လိုဖစ်တာလဲ ဦးလေး .. အဝတ်အစားတွေ ပေါင်ပြီး ဖဲရိုက်လိုက်လို့လား ..။ ဇာတ်ထဲက အဝတ်တွေနဲ့ လျှောက်သွားတယ်နော် .. ဦးလေး မကောင်းဘူးရှိတယ်။ သူများ ရယ်မယ်နော်။ ဟီးဟီးဟီး။
ထင်ရာတွေလျှောက်ပြောရင်း ဖြူဖွေးသောသွားများကို ဖြဲကာ ရယ်ပြနေသော တာတေကြောင့် ဦးရုက္ခစိုး ကျွဲမြီးတိုသွားသည်။
ရုက္ခစိုး။ ။ ကဲ ကဲ ဖိုးရှုပ်ရေ .. မင်းလည်း မြန်မြန်ပြီးပါမှပဲ။ မဟုတ်ရင် ငါ ဒီကောင့်ကို ထ ရိုက်မိတော့မယ်။ သူပြောတာနဲ့ ငါ့မလဲ ရစရာကို မရှိတော့ဘူး။
ဖိုးရှုပ်။ ။ မင်းကလည်း မင်းပဲ။ အလုပ်ရှုပ်ရတဲ့ထဲ မင်းမို့လို့ ဒီလောက်လေကပန်းနိုင်တယ် အံ့ရော .. ရော့ ၂၀၀ တန် .. ပြန်အမ်း တရာ။
တာတေ။ ။ ဟား ဒါက ချွန်ဒေါ်တို့ အလုပ်ရဲ့ ကာစတန်မာ ဆားဗစ်ပဲ အားကို ..။ စကားများများ ပြောရတယ်နော်၊ လူများများလာမယ်။ ချွန်ဒေါ့်ကိုလူမှတ်မိမယ်။ ရော့ ရော့ အားကို့ ကွမ်းယာထုပ်။ ခဏစောင့် ချွန်ဒေါ် ချက် မှာ လက်မ ထိုးလိုက်ဦးမယ်။
ကြွက်စုတ်။ ။ ဟေ့ကောင် .. မင်းကို တရာပြန်အမ်းဖို့ ပြောနေတာ .. ဘယ်က ချက်ကို လက်မနဲ့ ထိုးဦးမလို့လဲ .. မြန်မြန်လုပ်စမ်းပါကွာ။ ဒီမှာ ဦးရုက္ခစိုးကြီး စိတ်တိုနေပြီ။
ကုလား။ ။ ဟား .. အားကိုတို့ တော်တော်ခေတ်နောက်ကျနေပြီ .. ကြည့်ရတာ တောက တက်လာတာနဲ့တူတယ် .. ခပ် … နလေးစောင့် ..။
ပြောရင်းဆိုရင်းနှင့် တာတေက စာရွက်ပိုင်းလေးတခုပေါ်တွင် “၁၀၀ ကျပ်” ဟု ရေးလိုက်သည်။ ပြီးတော့ အောက်တွင် “တာတေ” ဟု လက်မှတ်ထိုးကာ ဖိုးရှုပ်ကိုလှမ်းပေးလိုက်သည်။ ဖိုးရှုပ်ကလည်း ယောင်နန နှင့် ယူလိုက်သည်။
ရုက္ခစိုး။ ။ ဟ .. ဟေ့ကောင် မောင်တာတေ .. မင်းက လူလည်ကျတာလားကွ။ ဒီစာရွက်နဲ့ ဘာလုပ်လို့ ရမှာလဲ။ ပြန်အမ်းကွာ တရာ။
တာတေ။ ။ ဘာလုပ်လို့ရမလဲ .. ဟုတ်လား။ ချွန်ဒေါ် ရှင်းပြမယ် ..။ ဒီစာရွက်နဲ့နော် .. တာတေ့ ကွမ်းယာဆိုင်မှာ အချိန်မရွေး ကွမ်းပြန်လာဝယ်လို့ရတယ်။ ဒါမှမဟုတ် .. ချွန်ဒေါ့် ဆိုင်ခွဲတွေမှာ သွား ဝယ်ချင်လည်းရတယ်။ ဦးလေး တရာတောင်းတယ်နော်။ ဒါ စိတ်ကူးယဉ်တာပဲ .. ။ ဘယ်သူမှ မတောင်းတော့ဘူး .. ။ တရာတန်နော် .. အရမ်းကို ရှားပါးပစ္စည်း ဖစ်နေပြီ။
ကြွက်စုတ်။ ။ ဟေ့ကောင် အကြွေရှားတာတော့ ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် ငါကြားဖူးတာတော့ ကော်ဖီမစ်ထုပ်တို့၊ သကြားလုံးတို့၊ ဖယောင်းတိုင်တို့ အမ်းတာဆို။ မင်းလို စာရွက်ပိုင်းပေါ် ၁၀၀ လို့ ရေးပေးတာတော့ ခုမှကြုံဖူးတယ်။
တာတေ။ ။ အဲဒါကြောင့် အားကိုတို့ ခေတ်နောက်ကျနေပြီလို့ ပြောတာ ..။
ဖိုးရှုပ်။ ။ နေပါဦးကွ .. ခု ဘဏ်တွေက ပိုက်ဆံအဟောင်းနဲ့ အသစ် လဲပေးနေပြီလေကွာ .. မင်း သွားလဲပါလား။
တာတေ။ ။ စိတ်ကူးမယဉ်ပါနဲ့ အားကို .. တာတေနော် ဘဏ်သွားဖို့ အချိန်မရှိဘူး။ လူအများကြီး မစောင့်နိုင်ဘူး။ ချွန်ဒေါ် စီးပွားပျက်မယ်လေ။ ပြီးတော့ တယောက်ကိုနော် အရွက် ၃၀ ပဲ လဲပေးမယ်။ မလောက်ဘူး။ ဒီနည်းက အားလုံး အဆင်ပြေတယ်။ တချို့ဆို စာရွက် မသိမ်းချင်တော့ ချွန်ဒေါ့်ဆီမှာ ကွမ်းယာ လပေးစားကြတယ်။ ကောင်းတယ်နော် အားကို။ ဒီမှာတော့ အားလုံး ဒေါင်ကျကျ ပြားကျကျပဲ ..။ ဘဏ်ကနော် အရမ်းကြာတယ်။ ချွန်ဒေါ်တို့ ကွမ်းယာသည်တွေ၊ လက်ဖက်ရည် ဆိုင်တွေ၊ စတိုးဆိုင်တွေအားလုံး ဒီနည်းကို သုံးနေတာကြာပြီ .. ရောင်းသူ ဝယ်သူ အားလုံး အဆင်ပြေတယ်။ မကြာဘူးနော်။
ထိုစဉ် လူတယောက် ရောက်လာပြီး “ကွမ်း ၂၀၀ ဖိုးပေးပါ” ဟု ပြောလိုက်သောကြောင့် တာတေလည်း စကား ပြတ်ကာ ဦးရုက္ခစိုးတို့လည်း ထိုသူကို လှည့်ကြည့်မိကြသည်။ ထိုလူစိမ်းကိုကြည့်ရသည်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ အဝတ်အစား အကောင်းစားများကို ဘိုသီဖတ်သီ ဝတ်ထားပြီး ခေါင်း စုတ်ဖွားနှင့် ဖြစ်နေသည်။ ထိုသူကလည်း ဦးရုက္ခစိုးတို့ကို ပြန်ကြည့်သည်။
ကြည့်ရင်းက ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ ထိုသူကို မှတ်မိကာ ပြိုင်တူ အားရပါးရ အော်လိုက်ကြသည်
“ဟာ .. ဘီလ်ဂိတ်ကြီး”
ဂိတ်။ ။ ခင်ဗျားတို့ကို ကျုပ်သိပါတယ်ဗျာ။ နာမည်ကြီးတွေပဲဟာ ..။ ဦးရုက္ခစိုးဆို ပိုတောင် ရင်းနှီးနေသေးတယ်။
ရုက္ခစိုး။ ။ ဘယ်လိုဖြစ်ပြီး ကွမ်းဝယ်စားနေတာလဲဗျ။ မနည်းကြည့်ရတယ်။ ဘိုသီဖတ်သီနဲ့။
ဂိတ်။ ။ ပြော .. မပြောချင်ပါဘူးဗျာ။ ကျုပ် တသက်နဲ့ တကိုယ် မကြုံဘူးတာတွေ ကြုံလာရလို့ .. လူလည်း ရူးကြောင် မူးကြောင် ဖြစ်နေတာ။ ကွမ်းဝယ်တယ်ဆိုတာက စားမလို့ မဟုတ်ပါဘူးဗျာ .. စမ်းသပ်မလို့ပါ။
ဖိုးရှုပ်။ ။ ဘယ်လိုစမ်းသပ်မှာလဲဗျ .. ခင်ဗျားက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ပြောပါဦး။
“သတင်းထောက်ကတော့ မေးခွန်းတွေစပြီ” ဟု ဘီလ်ဂိတ်က တွေးလိုက်သည်။
ဂိတ်။ ။ မြန်မာပြည်မှာ အီးကောမာ့စ် (e commerce) စတော့မယ်ဆိုလို့ လာတာလေ။ ချိုကုပ်ဒူးကြီးက ကျုပ်ကို ဖိတ်လို့ဗျ။ သူကတော့ ပြောတာပဲ .. ခင်ဗျားက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ကြားဖူးတယ် .. လာကူညီ စမ်းပါ ဆိုတာနဲ့ လာတာ။
ကြွက်စုတ်။ ။ အဲဒီသတင်း ကျနော်တို့လည်း ကြားတာပဲဗျ။ မြန်မာပြည်မှာ ခရက်ဒစ်ကတ် မရှိ ဘာမရှိနဲ့ ဘယ်လိုလုပ် အီးကောမာ့စ် မှာလဲဗျ။ ဘဏ်စနစ်တွေကလည်း ကမောက်ကမ မဟုတ်လား။
ဂိတ်။ ။ အေးဗျ .. ဒါပေမယ့် ကျုပ်ကို ခင်ဗျားတို့ ချိုကုပ်ဒူးကြီးက အထင်ကြီးနေတာဆိုတော့ ရသလောက် လုပ်ပေးကြည့်မယ်၊ ကျုပ်အစွမ်းကို ပြမယ်ဆိုပြီးလာတာပဲ။ ဒါပေမယ့် … အဲဒီ အီး …
ထိုစဉ် ကွမ်းယာသည်တာတေက ဘီလ်ဂိတ်လက်ထဲသို့ ကွမ်း ၁၂ ယာပါသည့် အထုပ်ကလေး ထည့်ပေး လိုက်သောကြောင့် စကားစပြတ်သွားသည်။ ဘီလ်ဂိတ်က ၅၀၀ ကျပ်တန်တရွက်ပေးလိုက်သည်ရာ တာတေက ၂၀၀ တန်တရွက်နှင့် ၁၀၀ ဟု ရေးထားသော စာရွက်ပိုင်းလေး တပိုင်း ပြန်ပေးသည်။ ဘီလ်ဂိတ်က ယူလိုက်သည်။
တာတေ။ ။ ဟေး .. အားကို့တို့ ပြောတဲ့ထဲမှာ အီး ဆိုတာတွေပါတယ်၊ ညစ်ပတ်တယ်နော်။
ဖိုးရှုပ်။ ။ ဟေ့ကောင် .. အဲဒီ အီး က ညစ်ပတ်တဲ့ အီး မဟုတ်ဘူးကွ။ အီလက်ထရွန်းနစ် အီး (E) ..။ မင်းက ငါတို့ကိုတော့ ခေတ်မမီဘူးပြောတယ် .. မင်းကျတော့ ဘာမှလည်း မသိဘူး။
ဖိုးရှုပ်က ခုနက ခံထားရသည့်အတွက် တာတေ့ကို ပြန်တွယ်လိုက်သည်။
တာတေ။ ။ ချွန်ဒေါ် နားမလည်ဘူး အားကို ..။
ဖိုးရှုပ်။ ။ နားမလည်ရင် မှတ်ထား ..။ ဒီဆရာကြီးက မိုက်ခရိုဆော့ဖ် သူဌေးကြီး ..။ မင်းနားလည်အောင် ပြောရရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ အချမ်းသာဆုံးထဲမှာပါတဲ့ သူဌေးကြီးကွ။ သူက မြန်မာနိုင်ငံမှာ အွန်လိုင်း စီးပွားရေး ထွန်းကားဖို့ လာကူညီတာ ..။ လူပြိန်းနားလည်အောင် ပြောရရင် .. ပိုက်ဆံ ကိုင်စရာမလိုဘဲ ဈေးဝယ်လို့ရမယ့် စနစ်ပေါ့ကွာ .. ဟဲဟဲ .. ဟုတ်တယ်နော် .. ဆရာကြီး။
ဖိုးရှုပ်က ခပ်ကြွားကြွားပြောရင်း ဘီလ်ဂိတ်ဘက်ကိုလှည့်ကာ ထောက်ခံချက် ယူလိုက်သည်။
ဂိတ်။ ။ ဟုတ် .. ဟုတ် တော့ ဟုတ်ပါတယ် .. ဒါ .. ဒါပေမယ့် .. (တွန့်ဆုတ်ထစ်အစွာ ပြန်ပြောသည်)
တာတေ။ ။ ဟားဟား .. ပိုက်ဆံမသုံးဘဲ ဈေးဝယ်တာများ အထူးအဆန်းလုပ် လာပြောနေ သေးတယ်။ ခု ချွန်ဒေါ်တို့လည်း ဒီလိုပဲ လုပ်နေတာပဲလေ ..။ ပိုက်ဆံနော် အကုန်လုံး စုတ်ပြတ်သတ်နေတယ်။ ကွမ်းယာကို လက်ဖက်ရည်နဲ့ လဲသောက်တယ်၊ စတိုးဆိုင်က ပြန်အမ်းတဲ့ ဖယောင်းတိုင် သုံး၊ လေးတိုင် ပေါင်းလိုက်ရင် ကိုယ် လိုချင်တဲ့ ပစ္စည်း ထပ်ဝယ်ချင် ဝယ်လို့ရတယ်။ အမ်းထားတဲ့ သကြားလုံးတွေစုထားရင် လိုချင်တဲ့ ပစ္စည်းနဲ့ ပြန်လဲလို့ ရတယ်။ ကော်ဖီမစ် သုံးထုပ်ပေးရင် ခေါင်းလျှော်ရည် သုံးထုပ်ရတယ် ..။ ဘာလိုချင်လဲ အကုန်ရတယ်။ အားကိုတို့ ပြောတဲ့ အီးဆိုတာကြီး မလိုဘူးနော် .. လုံးဝ မညစ်ပတ်ဘူး။ ဘာမှမအမ်းချင်ဘူးနော် .. ခု ချွန်ဒေါ် လုပ်သလို စက္ကူပေါ်မှာ စာရေးပေးလိုက် .. ကွမ်းပြန်ဝယ်လို့ရတယ် .. တာတေ့မှာနော် .. ကွမ်းယာဆိုင်ခွဲ အများကြီးပဲ။ ရန်ကုန်မှာကော မန္တလေးမှာကော .. ရှိတယ်။ ဒီလိုလုပ်နေတာ ကြာပြီ .. အီး မလိုဘူး အားကို။
ဖိုးရှုပ်။ ။ ဟာ .. အရေးထဲ ကွမ်းယာဆိုင်ကြော်ငြာက ဝင်နေသေးတယ်။ ဒီကောင်ကတော့ ခက်နေပြန်ပါပြီ .. ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ ဦးဘီလ်ဂိတ်ရယ်။
ဂိတ်။ ။ သူပြောတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း မြန်မာပြည်မှာ အီး ကောမာ့စ် ဖြစ်ထွန်းဖို့ တတ်စွမ်း သလောက် ကူညီမယ်ဆိုပြီး လာတာပဲ။ ဒီရောက်တော့ ကျုပ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ခု ကျနော့်မှာ ၁၀၀ တို့ ၅၀ တို့ရေးထားတဲ့ စာရွက်တွေ အများကြီးပဲ။ ဖယောင်းတိုင်တွေ၊ ကော်ဖီမစ် ထုပ်တွေလည်း အများ ကြီးပဲ။ မြန်မာပြည်မှာ လူများစုက ဒီလိုပဲ လုပ်နေကြတာဗျ။ ဘာခရက်ဒစ်ကတ်မှ မလိုဘူး။
ကြွက်စုတ်။ ။ ဟုတ်ပါ့မလားဗျာ .. ခင်ဗျားက မလုပ်ပေးချင်တာနဲ့ဘဲ။
ဂိတ်။ ။ လုပ်ပေးလို့ရရင် လုပ်ပေးပါတယ်ဗျာ။ ကျုပ်က ဆော့ဖ်ဝဲတွေ ဘယ်လောက်လုပ်ပေးလုပ်ပေး ..၊ ဘယ်လောက်လှူလှူ၊ ဘယ်သူက သုံးမှာလဲဗျ ..။ ခင်ဗျားတို့ ခေါင်းရှောင်ကြီးတွေပဲ သုံးမယ့်ကိစ္စ ကျုပ်က ဘာလို့ လုပ်ပေးမှာလဲ။ ပြည်သူလူထုက သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲဟာ။ ခုနည်းက ဘယ်လောက်ကောင်းလဲ .. မီးလည်း လာစရာမလိုဘူး။ အင်တာနက်မရှိလည်းရတယ်။ ကျုပ်တောင် ဒီစနစ် ပြန်သုံးကြဖို့ အိမ်ဖြူတော်ကို အကြံပေးရင်ကောင်းမလား စဉ်းစားနေတာ။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာ ရောက်တာ ပေါ့ဗျာ။ ကျုပ်လည်း အသစ်အဆန်းတွေချည်း လုပ်ရတာ ပျင်းလာပြီ၊ တခါတလေ ကမ္ဘာဦးကို ပြန်သွားချင်တဲ့ စိတ် ပေါက်နေတာ အတော်ပဲလေ။ အဲဒါကြောင့် ခုလို တာတေတို့ဆီက နည်းနာတွေ ဆည်းပူးနေတာ။ မကြာခင် ကျုပ်မိတ်ဆွေ ကမ္ဘာကျော် ဘဏ်သူဌေးကြီးတွေလည်း လာလိမ့်မယ်။ သူတို့ကလည်း စိတ်ဝင်စားတယ်ဗျ။
တာတေ။ ။ ကဲ .. ချွန်ဒေါ် မပြောဘူးလား .. ဘာ အီး မှ မလိုပါဘူးလို့ ..။
ဦးရုက္ခစိုး။ ။ သူတို့ပြောတာ ဟုတ်သားပဲကွ ..။ မြန်မာနိုင်ငံက အီး မလိုတဲ့ နိုင်ငံပဲ။ အမြော်အမြင် ရှိလိုက်တဲ့ ချိုကုပ်ကြီးတွေ။ ထွက်သမျှဓာတ်ငွေ့တွေ ရောင်းစားတာ လက်စသတ်တော့ အီး မလိုလို့ကိုး။ လူတွေဆီက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကိုပါ ရောင်းလို့ရရင် ရောင်းဦးမလားမသိဘူး။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … အီးပေါက်ရင် သတိထားပေါက်နော်။ နောက်ပိုင်း ဈေးကောင်းချင်ကောင်းမှာ။
ကြွက်စုတ်။ ။ အဲဒီတော့လည်း စုထားပြီး နိုင်ငံတော်ကို ပြန်သွင်းရတာပေါ့ဗျာ။
ထိုစဉ် ကွမ်းယာသည်၏ ဘေးနားတွင် ထူထားသော “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့” ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီး “ဝုန်း” ခနဲ ပြုတ်ကျလာသဖြင့် သူတို့အားလုံး လွတ်အောင် မနည်းရှောင်လိုက်ရ လေတော့သည်။
ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။
No comments:
Post a Comment