မျိုးသိဏ်း
ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ မစ္စတာ ဝီလျံယက်တော ကျူးကျော် ဝင်ရောက်ခဲ့သော အမှုနှင့် စပ်လျဉ်း၍ တာဝန်ကျနေသော ရဲများကို အရေးယူခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောသည်။
ယနေ့ (သြဂုတ်-၇) မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်တွင် “နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လက်ရှိ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခြင်း” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သူက ပြောခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေး တာဝန်ယူတဲ့ ရဲတပ်ရင်းက တာဝန်ရှိတဲ့သူ (၆၁) ဦးကို စစ်ဆေးပြီး တာဝန်ပေါ့လျော့တဲ့ သူတွေကို အရေးယူခဲ့ပါတယ်” ဟု ရဲချုပ်က ဆိုသည်။
ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က လုံခြုံရေး တာဝန်ရှိသူများအား စစ်ဆေးနေကြောင်း၊ အပြစ်ရှိပါက အရေးယူမည် ဖြစ်ကြောင်း ရဲချုပ်၏ ပြောကြားချက်အပေါ် ပြည်တွင်း မီဒီယာတခုက မေးမြန်းခဲ့ခြင်းကို ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“ဒုရဲမှူးကြီး တယောက်ကို ရာထူး လျှော့ချခဲ့ပါတယ်။ အခြား တာဝန်ရှိတဲ့ ဝန်ထမ်း အဆင့်ဆင့်ကို အချုပ်သုံးလ၊ အချုပ်ခြောက်လ စသဖြင့် ချမှတ် အရေးယူခဲ့ပါတယ်။” ဟု ဗိုလ်မှူးချုပ် ခင်ရီက ဆိုသည်။
ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခံရသူ ၂၀ ဦးကျော် ရှိသည်ဟု ဆိုသည်။
မစ္စတာ ယက်တော၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သတ်၍ ရန်ကုန် ဆေးရုံကြီးတွင် ကုသမှု ခံယူနေကြောင်းနှင့် မိုမန်ဘာသာ ဥပုသ်စောင့်ခြင်းကို ရက်ရှည် ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း၊ ရက်ပေါင်း (၄၄) ရက် ဥပုသ်စောင့်ခဲ့ခြင်းမျိုး ရှိကြောင်း၊ သူ့ တက်သည့် ရောဂါလည်းရှိကြောင်း ၊ ယနေ့တွင်လည်း သုံးကြိမ်ခန့် တက်သွားခဲ့ကြောင်းလည်း ဖြေကြားသွားသည်။
No comments:
Post a Comment