ဗထူး Sunday, 16 August 2009
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေသည့် လယ်မြေများအား ပြန်လည်စိုက်ပျိုး ရန် အတွက် ဆိုကာ အာဏာပိုင်များက ဒေသခံလယ်သမားများထံမှ ငွေကြေး အဓမ္မကောက်ခံလျက်ရှိသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူများ၏ လယ်ဧက ၃၀၀၀ ကျော်မှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် ပြန်လည်စိုက်ပျိုးရန် ကျေးရွာအုပ်စု၊ ဒိုင်နယ်အလိုက် လယ်ယာလုပ်ကိုင်သူများထံမှ အဓမ္မ ငွေကောက်ခံနေခြင်းဖြစ်သည်။
ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စုနှင့် ကျွန်းသာယာကျေးရွာအုပ်စုအတွင်း ပျက်စီးသွားသည့် လယ်ယာမြေများအား ကျေးရွာအုပ်စုတစုလျှင် ဧက ၅၀ နှုန်းစိုက်ပျိုးပေးရန် အာဏာပိုင်များက သတ်မှတ်ပြီး စိုက်ပျိုးခိုင်းသော်လည်း လယ်စိုက်ရာသီကြောင့် လယ်သမားများအများစုမှာ မိမိလယ်မြေများကိုပင် အပြီးသတ် စိုက်ပျိုးနိုင်ခြင်းမရှိသေးသဖြင့် အာဏာပိုင်များက ငွေကြေးတောင်းခံနေသည်ဟု ဒေသခံလယ်သမားများက ပြောသည်။
“ကောက်စိုက်သမားတဦးကို ၅,၀၀၀) လယ်သမားက ၁၀,၀၀၀၊ စက်ရှိတဲ့ လယ်ပိုင်ရှင်က ၁၅,၀၀၀ ပေးရမယ်လို့ တောင်းတယ်၊ အဲ့ဒါတွေက အောက်လှည်းဆိပ်ကျေးရွာအုပ်စုနဲ့ ကွင်းပုန်းကျေးရွာအုပ်စုတွေမှာ ဖြစ်နေတာ၊ နောက် ဒေါင့်ကြီးကျေးရွာအုပ်စုကျတော့ တစ်အိမ်ထောင်စုကို ၁,၀၀၀၊ ကောက်သမားက ၅၀၀၊ မဖြစ်မနေ ထည့်ရမယ်၊ မထည့်ရင်ဖမ်းမယ်လို့ (ရယက)က အမိန့်ထုတ်တယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။
ဒေါင့်ကြီးကျေးရွာတွင် ကျေးရွာပေါင်း ၁၃ ရွာခန့်ရှိပြီး၊ ရွာပေါင်း ၂၇ ရွာရှိသည့် စက်ဆန်းကျေးရွာအုပ်စုတွင်လည်း အလားတူ ငွေကြေးကောက်ခံနေခြင်းများ ယခုအထိ ပြုလုပ်နေသည်ဟု အဆိုပါဒေသခံက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့မှစတင်ကာ ခရိုင်အမိန့်ဖြင့် ကျေးရွာ(ရယက)များက ကျေးရွာအုပ်စုအလိုက် စပါးစိုက်ပျိုးရန် ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပြီး လယ်သမားအများစုက မိမိလယ်မိမိ ပြီးစီးအောင်စိုက်ပျိုးနေရသည့်အပြင် ယခုကောက်ခံသည့် ငွေကိုလည်း အများစုက မပေးနိုင်ကြောင်း သိရသည်။
“အခုချိန်ထိ ကောက်နေတုန်းပဲ၊ ကျနော်တို့ကလည်း မပေးဘူး၊ တော်တော်များများကလည်း မပေးဘူး၊ အဲဒါကို ဘာဖြစ်လို့လဲဆိုတော့ သူတို့က တစ်ဒိုင်နယ်မှ ၁၀၀,၀၀၀ လောက်တောင်းတာကို အခုက တအားများနေတယ်၊ အဲဒီမှာ သွားလုပ်တဲ့အခါကျတော့လည်း တကယ်သွားလုပ်တဲ့ သူတွေကို သူတို့ ပံ့ပိုးမှုမပေးဘူး၊ အဲဒီငွေက ကြားမှာတင် ပျောက်နေတယ်” ဟု ငွေမပေးနိုင်သည့် လယ်သမားတဦးက ပြောသည်။
ကြိမ်ချောင်းကြီးနှင့် ကျွန်းသာယာဘက်ရှိ လယ်ယာမြေများမှာ လုပ်ကိုင်၍ မရနိုင်လောက်အောင် ပျက်စီးဆုံးရှုံးနေပြီး ပေါင်းပင်များ လူတရပ်ခန့် မြင့်တက်နေသည့်အပြင် ပြုပြင်ရန် စက်ကရိယာအပါအ၀င် မျိုးစပါးအဆုံး လိုအပ်ချက်များရှိနေပြီး လယ်လုပ်ချိန်မှာ ၁၅ ရက်ခန့်သာ ကျန်တော့သဖြင့် ပြီးစီးအောင် စိုက်ပျိုးရန်မလွယ်ကြောင်း အဆိုပါလယ်သမားက ပြောသည်။
ယခုအခါ အာဏာပိုင်များက အဆိုပါဒေသများတွင် လယ်ယာမြေလုပ်ကိုင်ပြီးစီးကြောင်း လက်မှတ်များထိုးခိုင်းပြီး လက်ရှိစိုက်ပျိုးနေသည့် လယ်များ ပြီးစီးအောင်လုပ်ကိုင်ရမည်ဟု အမိန့်ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။
“လက်ရှိလုပ်နေတဲ့ လူတွေကလည်း မျိုးတွေသေတဲ့အခါ ပြန်ဝယ်ကျဲ၊ ပြန်သေ၊ အဲ့ဒီလိုဖြစ်နေတဲ့အခါကျတော့ တချို့လည်း မလုပ်နိုင်တော့ဘူး၊ ရပ်နေရတယ်၊ တချို့တော့ နည်းနည်းပါးပါး မြင်ရတယ်၊ ၅၀ ရာခိုင်နှုန်းလောက်တော့ မပြီးဘူး၊ လက်ရှိ ဌာနဆိုင်ရာတွေ လုပ်တာလည်း မပြီးဘူး၊ မြေစေးနဲ့ ရေနံဆိုလို့ရှိရင် အခွက် ၅၀ ပေါ့နော်၊ ဆင်းလုပ်ရတာ၊ ၁၀ ခွက်လောက်ပဲ ပြီးတယ်၊ သူတို့လည်း အခုမလုပ်ရဘူး၊ ရပ်နေရတယ်” ဟု ကြိမ်ချောင်းကြီးမှ လယ်သမားတဦးက ပြောသည်။
အလားတူ ဒေါင့်ကြီးကျေးရွာအုပ်စုတွင်လည်း ငွေကြေးကောက်ခံမှုများ ပြုလုပ်နေပြီး လယ်သမားများထံမှ အဓမ္မ ခြိမ်းခြောက်ကာ ငွေကောက်ယူနေပုံနှင့်ပတ်သက်၍ အဆိုပါဒေသမှ လယ်လုပ်သူ လယ်ပိုင်ရှင် အမျိုးသမီးတဦးက “ဘုန်းကြီးကလွဲရင် သက်ကြီးရွယ်အိုတွေလည်း ပေးရမယ်၊ အဲ့ဒါ အသက်ကြီးတဲ့သူတွေက မထည့်နိုင်ဘူးပြောတာကို မရဘူးရှင့်၊ ဒါ (ခယက)ကနေပြီး ညွှန်ကြားချက်နဲ့လုပ်တာ၊ မပေးနိုင်ရင် တရားစွဲမယ်၊ အရေးယူမယ်၊ ရဲနဲ့ ဖမ်းမယ်လို့ကို ပြောတာ” ဟု ပြောသည်။
ဒေါင့်ကြီးကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်ရှိသဖြင့် အာဏာပိုင်များက လယ်ဧက ၅၀ အချိုးကျ စိုက်ပျိုးရန် တအိမ်ထောင် ကျပ်ငွေ ၁,၀၀၀ နှုန်း သတ်မှတ်၍ ကောက်ခံသောကြောင့် ကျပ်ငွေ သိန်း ၄၀၀ ကျော် ရရှိနေမည်ဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုသည်။
ဘိုကလေးမြို့နယ် (မယက)အတွင်းရေးမှူး ဦးမျိုးညွန့်လက်မှတ်ဖြင့် ပြီးခဲ့သည်လက ရေးထိုးထုတ်ပြန်ထားခဲ့သည့် စာတွင် “လယ်ယာမြေများ အပိုင်လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စ” ဟု ဖော်ပြထားပြီး လယ်ယာမြေလုပ်ကိုင်သူများ လယ်မြေများ အပိုင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး (ရယက)မှ လယ်လုပ်မည့် ကျေးရွာအုပ်စုနှင့် အမြန်ဆုံးတွေ့ဆုံကာ (မယက)ရုံးသို့ ဇူလိုင်လ (၂၇) ရက်နေ့အရောက် ခေါ်ဆောင်လာရန် အကြောင်းကြားခဲ့သည်။
သို့သော် ကြိမ်ချောင်းကြီးနှင့် ကျွန်းသာယာတို့တွင် လယ်ယာသွားရောက်လုပ်ကိုင်နေသူများအား လယ်ပိုင်ဆိုင်ခွင့်ရှိသည်ကို အာဏာပိုင်များက ယခုအချိန်အထိ ပြောဆိုခြင်းမရှိသည့်အပြင် စပါးစိုက်ပျိုးရန် ဆင့်ခေါ်နေပြီး ငွေကောက်ခံမှုများသာ ပြုလုပ်နေသည်ဟု ဒေသခံလယ်သမားများက ပြောသည်။
ယခုလက်ရှိ ဘိုကလေးမြို့နယ်ရှိ လယ်ယာမြေများအခြေအနေနှင့်ပတ်သက်၍ လယ်သမားတဦးက “ကျမတို့ လယ်တွေဆိုရင် မျိုးတွေကလည်း ကျဲ၊ ကျဲသလောက်လည်း မပေါက်တော့ နောက်ထပ်ကျဲ၊ ဒီကြားထဲ ကြွက်တွေကလည်း ဖျက်ဆီးတာက တမျိုးပေါ့နော်၊ မျိုးစပါးဝယ်ကျဲတာ ကျမတို့က အကြွေးပေါ့၊ ပိုက်ဆံ နောက်ပေးမယ်၊ လယ်ပေါ်မှပေးမယ်ဆိုပြီးတော့ ရတဲ့မျိုးသာ ဝယ်ကျဲနေရတာ၊ စပါးဖြစ်ရင်ပြီးရောဆိုပြီး ကျဲနေရတယ်၊ တချို့လယ်တွေဆို လွှတ်ထားရတယ်၊ ကျမ အပြည့်မလုပ်နိုင်တော့ဘူး၊ ကျဲပြီး ပေါက်သလောက်ပဲယူမယ်ဆိုပြီး ထားတဲ့လယ်တွေ မြို့နယ်ထဲမှာ အများကြီးရှိတယ်” ဟု ပြောသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ ကြိမ်ချောင်းကြီးကျေးရွာသည် အိမ်ခြေ ၃၀၀၀ ကျော်ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေ ၃၀၀ ခန့်သာရှိပြီး ပြီးခဲ့သည် ဇူလိုင်လ (၁၄) ရက်နေ့က တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်ခြေ ၄၀ ခန့် ထပ်မံပျက်စီးခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ဒိုင်နယ် ၇၂ ဒိုင်နယ်ရှိပြီး နာဂစ်မုန်တိုင်းကြောင့် ကြိမ်ချောင်းကြီးကျေးရွာအုပ်စုမှ လယ်မြေ (၁၃၂၈ ဒဿမ ၄၉) ဧကနှင့် ကျွန်းသာယာကျေးရွာအုပ်စုမှ လယ်မြေ (၁၈၁၆ ဒဿမ ၅၉) ဧကကို ပြန်လည်စိုက်ပျိုးရန် အာဏာပိုင်များက လုပ်ဆောင်နေခြင်းဖြစ်သည်။
No comments:
Post a Comment