Sunday, August 9, 2009

တောင်းဆိုရုံဖြင့်မရ တိုက်ယူရတော့မည်

ကို(၂)

စစ်အာဏာရှင်စနစ်ဆိုသည်မှာ တောင်းဆိုရုံဖြင့်မရ၊ မိမိ၏ ရပိုင်ခွင့်များကို မိမိတို့ကိုယ်တိုင် တိုက်ယူကြ ရတော့မည်ဟု ထိုင်း-ကရင်နီ နယ်စပ် လွတ်မြောက်နယ်မြေတွင် အခြေစိုက်နေသည့် (ABSDF) အဖွဲ့က ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၁ နှစ်မြောက်တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) အဖွဲ့မှ အာဏာရှင်စနစ်ကို ငြိမ်းချမ်းသည့်နည်းဖြင့် တိုက်ပွဲဝင်ဖို့ အခက်အခဲရှိသွားပြီး လက်နက်ကိုင်တိုက်ပွဲဝင်မှ ရမည်ဆိုပြီး လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်း ကြာညောင်းလှပါပြီ။

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ စိတ်ဓါတ်နှင့် ရည်မှန်းချက်ကို ဖြိုချဖျက်ဆီးရန် လုပ်ကြံနေသည့် မြန်မာစစ်အစိုးရ နှင့် ခုခံကာကွယ်နေသူ မြန်မာပြည်သူများကြား ဖြစ်ပွားနေသော ပဋိပက္ခဟုလည်း ဆိုနိုင်ပါသည်။

“လက်နက်ကိုင်တိုက်ပွဲပါမှသာလျင် ဒီနေ့ကျနော်တို့လိုချင်တဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ ပြည်သူလူထုနဲ့ ပေါင်းစပ်ပြီးတော့ ဆက်လက်တိုက်နေပါတယ်” ဟု ထိုင်း-ကရင်နီနယ်စပ်မှာ အခြေစိုက်သည့် ABSDF အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ကိုဆန်နီက ပြောသည်။

ကရင်နီပြည်တွင်လည်း မြန်မာစစ်အစိုးရ၏ တိုက်ခိုက်မှု၊ ဖိနှိပ်ဖြိုခွဲမှုများ ရှိခဲ့သော်လည်း ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သည့် သပိတ်အဖွဲ့ဝင်ဟောင်းများ၊ ယခုလူငယ်များက စစ်အစိုးရအား ဆန့်ကျင်သည့် ကန့်ကွက်မဲများ၊ လုထုလှုပ်ရှားမှုများ အနည်းအကျဉ်း ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် အရေးခင်းအတွင်း ကျောင်းသူ၊သားများအပြင် ပြည်သူလူထုများဖြင့် ချီတက်ခဲ့ကြသည်ဟု သိရသည်။ လွိုင်ကော်မြို့အပြင် တခြားမြို့များဖြစ်သည့် မိုးဗြဲ၊ ဖယ်ခုံ၊ ဒီမောဆို စသည့် မြို့များဆီကိုလည်း သွားရောက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။

“လွိုင်ကော်မှာ ဆန္ဒပြနေတဲ့ ကျောင်းသား ပြည်သူလူထုအားလုံးကို ပစ်ခွင့်ရထားတဲ့ စစ်တပ် ခမရ ၁၁၇ နှင့် ၁၁၈ က လူထုကို လာဝိုင်းလိုက်တယ်။ ဒါပေမယ့် ပစ်ခတ်မှုတခုမှ မရှိခဲ့ဘူး။ အစိုးရပိုင်၊ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်တဲ့ ပစ္စည်းတွေအပါအ၀င် ဖျက်ဆီးမှုလုပ်ခဲ့တာ ဘာမှမရှိခဲ့ဘူး” ဟု ကိုဆန်နီက ဆက်ပြောသွားပါသည်။

ထိုအရေးခင်းတွင် ပါဝင်ခဲ့သည့် ကရင်နီ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဆရာသာဝါးက ၈၈ အရေးခင်း နှင့်ပတ်သက်ပြီး ကျောင်းသား ပြည်သူလူထု၏ တိုက်ပွဲအပေါ် သူ၏ခံယူချက်ကို အခုလိုပြောပြပါသည်။

၎င်းက “ကျနော်တို့ဆန္ဒပြတာ၊ မဲထည့်တာဟာ အောင်ပြီလို့ လုံးဝကို ယုံတာ။ ဒါပေမယ့် အစိုးရက အာဏာ လွဲမပြောင်းပေးဘူးလေ” ဟုပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွင် အောင်မြင်မှုမရသည့်အတွက် တော်လှန်ရေးနယ်မြေထဲကို ရောက်ရှိလာပြီး အာဏာရှင်စနစ် ကျဆုံးသွားဖို့ လက်နက်ကိုင်တော်လှန်ရန် အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းဖြစ်သည်။

၈၈ အရေးခင်းသည် ကရင်နီပြည်သူလူထုအတွက် အလွန်အသိနည်းပြီး ပါဝင်မှုအားနည်းခဲ့ခြင်းသည် ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် ပြည်တပြည်အဖြစ် သီးသန့်ရပ်တည်သွားနိုင်ရန် ဖြစ်သည်ဟု ၈၈ အရေးခင်းတွင် ပါဝင်ခဲ့သည့် ဆရာသာဝါးက သူ့၏အမြင်ကို ပြောသွားခဲ့ပါသည်။

နိုင်ငံရေးအရ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်ပြုရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မတရား အထိမ်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များ ပြန်လွတ်ပေးရေး၊ အခြေခံ လူ့အခွင့်အရေးနှင့်အညီ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားပိုင်ခွင့် ရှိရေးတို့အတွက် ရုန်းကန်တိုက်ပွဲဝင်ကြရတော့မည့် အချိန်ကာလတခု ဖြစ်သည်ဟု ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

ထိုင်း-ကရင်နီနယ်စပ်တွင် အခြေစိုက်ထားသည့် ABSDF အဖွဲ့သည် ကရင်နီတပ်မတော် နှင့်အတူ ယခုလက်ရှိ မြန်မာစစ်အစိုးရအား လက်နက်ကိုင်တော်လှန် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

No comments: