Narinjara News
မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် ဘူးသီးတောင်-မောင်တော ကားလမ်းရှိ တောင်ခေါင်းကြီး အတွင်း ဖေါက်ခွဲရေး ဗုံးတလုံးကို သက်ဆိုင်ရာမှ ရှာဖွေ တွေ့ရှိခဲ့သည်။
အဆိုပါ ဗုံးကို တနင်္လာနေ့ နေ့လည်အချိန်တွင် ကင်းလှည့်နေသော လုံထိန်း တပ်ဖွဲ့ တဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့မှ ရဲအရာရှိတဦးက ပြောသည်။
သူက “နေ့လည်ပိုင်းအချိန်လောက်မှာ အဲဒီ တောင်ခေါင်းကြီးမှာ တာဝန်ကျတဲ့ လုံထိန်း တပ်ဖွဲ့ တဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သတင်းရလို့ ဒီက တာဝန်ရှိသူတွေက လိုက်သွားပြီး ဗုံးရဲ့ စနက်တံတွေကို သွားဖြုတ် လိုက်ရပါတယ်” ဟု ပြောသည်။
၎င်းဗုံးကို စစ်ဆေးရန်အတွက် ယခုအခါ ဘူးသီးတောင်ရှိ စကခ ၁၅ သို့ ယူဆောင် သွားသည်ဟု သိရသည်။
မည်သည့် အဖွဲ့၏ လက်ချက် ဖြစ်သည်ကို ရဲအရာရှိမှ ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အသေးစိတ်ကို မနက်ဖြန်မှ သိရှိရမည် ဖြစ်ကြောင်း ပြောသည်။
ယခုကဲ့သို့ လူသွား လူလာများသည့် လမ်းပေါ်တွင် ဖေါက်ခွဲရေး ဗုံးတလုံး တွေ့ရှိသည့် သတင်းကြောင့် မောင်တောမြို့နေ လူထု အတွင်း စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု မောင်တောမြို့ခံ တဦးက ပြောသည်။
အဆိုပါ ဗုံးကို တွေ့ရှိပြီး နောက်ပိုင်း တောင်ခေါင်းကြီး အပါအ၀င် မောင်တောမြို့တွင် လုံခြုံရေးကို တင်းကျပ်လိုက်သည်ဟု သူက ပြောသည်။
တောင်ခေါင်းကြီးမှာ ဘူးသီးတောင်-မောင်တောကားလမ်းတွင် မြင့်မား မတ်စောက်သော တောင်ကြောတခုကို ဖြတ်ပြီး ဖေါက်လုပ်ထားသော ဥမင်လိုင်ခေါင်း ဖြစ်သည်။
ဘူးသီးတောင်-မောင်တောကားလမ်းမှာ ၁၆ မိုင်ရှည်လျားပြီး အဆိုပါ တောင်ခေါင်းကြီးမှာ ကားလမ်း၏ အလယ် ၈မိုင် တွင် တည်ရှိသည်။
အဆိုပါ ကားလမ်းကို အင်္ဂလိပ်အစိုးရက ဖေါက်လုပ်ခဲ့သည်။
No comments:
Post a Comment