Monday, August 10, 2009

ဒီကေဘီအေစခန်းကို ဒီကေဘီအေတပ်ဖွဲ့ကပစ်ခတ်၊ စစ်အစိုးတပ်မှတစ်ဦးသေ သုံးဦးဒဏ်ရာရရှိ

Kaowao သြဂုတ် ၆၊၂၀၀၉။

မဲဆောက်(သြဂုတ်-၁၀)။ ။ ယနေ့နံက်နှစ်နာရီအချိန်ခန့်၌ မြဝတီအခြေစိုက် ဒီကေဘီအေ အမှတ် ၉၀၇ တပ်ရင်းဂိတ်စခန်း အမှတ် ၁ နယ်စပ်ဂိတ်မှတပ်ဖွဲ့ဝင် ၅ ဦးတို့က စခန်းရှိ RPG တစ်လက်၊ M-16 မောင်းပြန်သေနတ်အချို့နှင့် ပစ္စတိုတစ်လက်တို့ကို ထရပ် ကားငယ် တစ်စီးပေါ်တင်ဆောင်ပြီး ၄င်းတို့၏စခန်းကို ပစ်ခတ်၍ ထွက်ခွာခဲ့ကြောင်း KNU အရာရှိတစ်ဦးက ပြောကြားခဲ့သည်။


တဖန် အဆိုပါဒီကေဘီအေတပ်ဖွဲ့ဝင်တို့သည် မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေ အမှတ် ၉၉၉ တပ်ရင်းမှူး စောချစ်သူ၏ နေအိမ်ရှေ့တွင် ရပ်နားထားသော မော်တော်ကားများကိုလည်း တရစပ် ဆက်လက်ပစ်ခတ်ပြန်ပါသည်။

ထို့နောက်မြဝတီမြို့ရှိ စစ်အစိုးရ၏တပ်မှ KNU များမြို့ပေါ်ကို ဝင်ရောက်ပစ်ခတ်သည်ဟု ယူဆပြီး လက်နက်ကြီးများဖြင့် အဝေးမှလှမ်းပစ်ခတ်ခဲ့ရာတွင် ပေါက်ကွဲသံ ၂ ချက်ကြားရသည်ဟု မြဝတီမြို့ခံများပြောကြား နေကြသည်။

တဆက်တည်းမှာပင် ထိုဒီကေဘီအေတပ်ဖွဲ့ဝင်များ သင်္ကန်းညီနောင်ဖက်သို့ ဆက်လက်ထွက်ခွာသွားရာ ဆန်းစစ်ဂိတ်တွင် တာဝန်ကျနေသော စစ်အစိုးရတပ်ဖွဲ့ဝင်များ တားဆီးသဖြင့် ပစ်ခတ်မှုဖြစ်ပွားရာ စစ်အစိုးရတပ်ဖွဲ့ဝင်မှ တပ်ကြပ်ကြီးတစ်ဦး နေရာတွင်ပင် သေနတ်ထိမှန်သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ရဲသားတစ်ယောက် သေဆုံးသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

“တချို့ကပြောတာ ပစ်ခတ်တဲ့သူတွေက မြင်းဆေးကြောင်လို့တဲ့၊ တချို့ပြောတာက ၉၉၉ တပ်ဖွဲ့ စောချစ်သူအပေါ်မကြေနပ်လို့ ပစ်တာလို့ ပြောနေကြတာပါပဲ၊ ဒီကေဘီအေ ၉၀၇ နဲ့ ၉၉၉ ကလည်းသိပ်မကြေလည်ကြဘူးလေ”ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ထောက်ပြသည်။

အဆိုပါဒီကေဘီအေတပ်ဖွဲ့ဝင် ၅ ဦးတို့စီးလာသော ထရပ်ကားငယ်ကို မြဝတီ-သင်္ဃန်းညီနောင်ကားလမ်းဘေး၌ ရပ်နားပစ်ထားခဲ့သည်ကို ယနေ့မိုးလင်းချိန်တွင်တွေ့ရှိခဲ့ရပြီး ၄င်းတို့မှာတောထဲသို့ ဝင်ရောက်သွားသည်ဟု ယူဆကြောင်း ဒေသခံများမှ သိရှိရသည်။

No comments: