Saturday, August 8, 2009

ရခိုင်ပြည်နယ်က မြို့ (၅)မြို့ လုံခြုံရေးဆိုင်ရာ စိတ်မချရသော မြို့များ အဖြစ် သတ်မှတ်

Narinjara News

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အခြေအနေမှာ ယနေ့ (သြဂတ်စ်)လ ၇ ရက်နေ့ထိ ပုံမှန် အတိုင်းရှိသော်လည်း စစ်တွေနှင့် တခြားမြို့၎ မြို့ကို လုံခြုံရေးအရ စိတ်မချရသော မြို့များ အဖြစ် သတ်မှတ်ထားသည်ဟု သတင်းရရှိသည်။

စစ်တွေနှင့် အတူ လုံခြုံရေး စိတ်မချရသော မြို့များမှာ ဘူးသီးတောင်၊ ကျောက်တော်၊ တောင်ကုတ်နှင့် သံတွဲတို့ ဖြစ်သည်။

အမည်မဖေါ်လိုသူ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက် အရ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးမှာ အမ်းမှနေ စစ်တွေသို့ ရောက်ရှိနေပြီး အဆိုပါ မြို့များ၏ ဖြစ်ပေါ် ပြောင်းလဲမူများကို ယနေ့ နေ့လည်ပိုင်းမှ စတင်ပြီး သြဂတ်စ်လ ၉ ရက်နေ့ထိ တနာရီ တကြိမ်ကျ သတင်းပေးပို့ရန် ညွှန်ကြားထားသည်ဟု သိရသည်။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ် အတွင်းမှ စစ်တွေနှင့် တောင်ကုတ်မြို့များတွင် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်ခဲ့သော်လည်း ကျန်သုံးမြို့မှာ နိုင်ငံရေးအရ စစ်တွေနှင့် တောင်ကုတ်ကဲ့သို့ တက်ကြွသော မြို့များ မဟုတ်ကြောင်း သိရသည်။

သို့သော်လည်း ယခုအခါ ဘူးသီးတောင်၊ ကျောက်တော်နှင့် သံတွဲကိုပါ လုံခြုံရေး ဆိုင်ရာ စိတ်မချရသော မြို့များ အဖြစ်သတ်မှတ်ထားသဖြင့် တစုံတရာ ထူးခြားသော သတင်းများ ပေါ်ပေါက်နေ၍ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူ တဦးမှ ပြောဆိုသည်။

ယမန်နေ့ သြဂတ်စ်လ ၈ ရက်နေ့မှာ ၂၁ နှစ်မြှောက် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့ ဖြစ်သဖြင့် စစ်အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာနိုင်သဖြင့် မြန်မာနိုင်ငံ တ၀န်းလုံးတွင် လုံခြုံရေး တိုးချဲ့ထားပြီး အခြေအနေကို သက်ဆိုင်ရာမှ အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှာ စစ်အစိုးရအား ဆန့်ကျင် ပုန်ကန်ရာတွင် နာမည်ရ ပြည်နယ် တခု ဖြစ်နေသဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းကပင် စစ်တွေမြိ့ရှိ ဘုရားကြီး၊ လောကာနန္ဒာ စေတီနှင့် ဦးဥတ္တမ ပန်းခြံတို့တွင် ချထားသော လုံခြုံရေး တပ်ဖွဲ့များကို ယခုအချိန်ထိ မရုတ်သိမ်းဘဲ ဆက်လက် ချထားလျက်ရှိကြောင်း သိရသည်။


No comments: