ဖနိဒါ
ချင်းမိုင်(မဇ္ဈိမ)။ ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မဇ္ဈိမ သတင်းဌာန မြန်မာပိုင်း အင်တာနက် ဝဘ်ဆိုဒ်မှာ တိုက်ခိုက်မှုခံနေရသဖြင့် ဖတ်ရှုမရနိုင်ဘဲ ဖြစ်သွားသည်။
“ဟုတ်ပါတယ်။ မဇ္ဈိမရဲ့ ဝဘ်ဆိုဒ်တွေ အတိုက်ခံရပါတယ်။ အရင် အတိုက်ခံရသလိုပါပဲ။ဲ DDoS - Distributed Denial of Services attack လို့ခေါ်တဲ့ တပြိုင်နက်တည်းမှာ ဆာဗာပေါင်းများစွာကနေ မဇ္ဈိမဝဘ်ဆိုဒ်တွေကို request ပေါင်းများစွာ ပို့လိုက်တဲ့အတွက် မဇ္ဈိမရဲ့ ဆာဗာတွေက ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိဘဲ ဒေါင်းသွားခြင်း ဖြစ်ပါတယ်” ဟု ဝဘ်ဆိုဒ် ထိန်းသိမ်းစောင့်ရှောက်သူ နည်းပညာရှင် ကိုစိုင်း က ပြောသည်။
တိုက်ခိုက်မှုကို ပြီးခဲ့သည့် ၃ ရက်ကတည်းက စတင်ခြင်းဖြစ်ပြီး တာဝန်ရှိ နည်းပညာသည်များ အနေဖြင့် အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ယနေ့တွင်တော့ တိုက်ခိုက်မှု အင်အားက ပိုများလာပြီး ဝက်ဆိုက် မပေါ်တော့ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
တိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူ မည်ဝါ ပါဝင်နေသည်ကို လတ်တလောအချိန်တွင် သဲသဲကွဲကွဲ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
မဇ္ဈိမ အင်တာနက် စာမျက်နှာများကို တိုက်ခိုက်မှုမှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ကွာခြားချက်မှာ ပမာဏကြီးမှုနှင့် ငယ်မှုသာ ဖြစ်သည်။ ဖတ်ရှု၍ မရနိုင်တော့သည့် အဆင့်ဖြစ်သည်မှာ ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ် သေမင်းတမာန်မုန်တိုင်း ဖြစ်ပွားစဉ်က ဖြစ်သည်။
ယခုတိုက်ခိုက်ခံရချိန်တွင် တပါတီ အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီသို့ ကူးပြောင်းရန် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို နိုင်ငံအဝှမ်း စတင်ဆန္ဒပြသော နောင် ရှစ်လေးလုံး ဟု အမည်တွင်လာခဲ့သည့် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နှစ်ပတ်လည်မှု ၂၁ နှစ်မြောက် အခါသမယနှင့်လည်း တိုက်ဆိုင်နေသလို မဇ္ဈိမ သတင်းဌာန တည်ထောင်ခြင်း ၁၁ နှစ်မြောက်လည်း ဖြစ်သည်။
စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သော ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများနှင့် ဆက်နွယ်ဖြစ်ရပ်များတွင် အနည်းဆုံး လူ ၃ ထောင်ကျော် သေကြေခဲ့သည်ဟု ယုံကြည်ရသည်။
ထိုသို့ဖြစ်ချိန်တွင် မြန်မာပြည်တွင်းရှိ အင်တာနက် ဆက်သွယ်မှုနှုန်းများကို ယခင်သီတင်းပတ်အတွင်း တနင်္ဂလာနေ့မှစ၍ စစ်အစိုးရက လျှော့ချခဲ့သည်။
No comments:
Post a Comment