Monday, August 17, 2009

အမေရိကန်နိုင်ငံသား ပြစ်ဒဏ်မှ ကင်းလွတ် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရဆဲ

NEJ / ၁၇ သြဂုတ် ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ် မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံရာတွင် တောင်းဆိုခဲ့ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ သည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင် (၇) နှစ်ချမှတ် ခံရ သည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တောလည်း ထောင်ဒဏ်က ကင်းလွတ်ပြီး ထိုင်းနိုင်ငံသို့ လိုက်ပါလာခဲ့သည်။


အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် ၎င်း၏ (၂) ပတ်ကြာ အာရှ (၅) နိုင်ငံ ခရီးစဉ်အရ သြဂုတ် (၁၄) ရက်တွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး သြဂုတ် (၁၅) တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာတခုတွင် မိနစ် (၄၀) ခန့် သီးခြားတွေ့ဆုံခဲ့သည်။

မိမိ၏နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ရေကူးဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ပြီးခဲ့သည့် သြဂုတ် (၁၁) ရက်တွင် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲထပ်မံချလိုက်ပြီး မစ္စတာယက်တောကို ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ဘဲ ဆက်လက်ထိန်းသိမ်းထားပါက ရှေ့နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိမည်ဟု နိုင်ငံတကာအနေဖြင့် ယုံကြည်လက်ခံရန် မဖြစ်နိုင်ကြောင်း မြန်မာစစ်ခေါင်းဆောင်များအား ပြောကြားခဲ့သည်ဟုလည်း မစ္စတာဝက်ဘ်က ယမန်နေ့ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

မစ္စတာယက်တောနှင့်ပတ်သက်၍လည်း အမေရိကန်အထက်လွှတ်တော်အမတ်က “သူဟာ မလုပ်သင့်တာကို လုပ်ခဲ့တဲ့ အတွက် ၀မ်းနည်းစရာကောင်းပါတယ်။ သူတပါးကို ကူညီနိုင်မယ်လို့ထင်ပေမယ့် သူ့ကြောင့် အဲဒီလူမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ရတယ်” ဟု သတင်းထောက်များကို ပြောသည်။

သို့သော် ၎င်း၏ မေတ္တာရပ်ခံချက်ကြောင့် မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် မစ္စတာယက်တောကို ပြန်လွှတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း မစ္စတာဝက်ဘ်က ပြောကြားသွားသည်။

မစ္စတာယက်တောသည် မစ္စတာဝက်ဘ်နှင့်အတူ ရန်ကုန်မှ ဘန်ကောက်သို့ရောက်ရှိပြီးနောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတင်ကုသနေရကြောင်း သိရသည်။

ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ ယခုကဲ့သို့ နေပြည်တော်တွင် တွေ့ဆုံခဲ့မှုသည် အမေရိကန်လွှတ်တော် အမတ်တဦးနှင့် မြန်မာအစိုးရထိပ်ပိုင်း ခေါင်းဆောင်တို့၏ (၁၀) နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံခဲ့ရာတွင် မစ္စတာဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အဓိကအချက်သုံးချက်ကို တောင်းဆိုခဲ့ကြောင်း ၊ အဆိုပါအချက် (၃) ချက်မှာ လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် မစ္စတာယက်တောအား ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန်တို့ဖြစ်ကြောင်းလည်း မစ္စတာဝက်ဘ်က ရန်ကုန်မှမထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးကိစ္စကို စစ်အစိုးရဘက်မှ တုံ့ပြန်မှုမလုပ်သေးသော်လည်း ၎င်း၏တိုက်တွန်းချက်ကို အလေးအနက်စဉ်းစားလိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စတာဝက်ဘ်က ပြောသည်။

No comments: