ကယားထဲ
မွန်းတည့်ဆယ့်နှစ်နာရီ ထမင်းစားဆင်းတဲ့ ချိန်မို့ ဖာဆောင်းမြို့ရဲ့ လမ်းမထဲမှာ ဖြူစိမ်းဝတ်ဆင်ထားတဲ့ ကျောင်းသူ/သားလေးတွေ နေရာအပြည့်ယူထားကြတယ်။
ကျောင်းသားတွေကြားထဲကနေပြီး ညိုညစ်ညစ် တီရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ ၁၃နှစ်အရွယ် ကောင်လေးတစ်ယောက် ကျနော်တို့ရှိတဲ့နေရာကို ပြေးလာလေရဲ့။
“စွတ်ပိုက်လား အစ်ကို စွတ်ပိုက်လား၊ ဘယ်သွားချင်လဲ ပြောပါအစ်ကို” လို့ ကောင်လေးက ကျနော့နားကို လိုက်လိုက်ပြီးတော့ အော်မေးနေရှာတယ်။
ကျနော်အဲဒီချိန်မှာဘဲ ကောင်လေးနဲ့ ရင်နှီးမှုလေး ရခဲ့တယ်။ ဦးစွာ သိခွင့်ရလိုက်တာကတော့ နာမည်လေးက အောင်အောင်တဲ့။
ရင်းနှီးသွားတဲ့ တစ်ဆက်ထဲမှာဘဲ အောင်အောင်က “ကျနော် ဒီတစ်နှစ် ကျောင်းစရိတ် မတတ်နိုင်လို့ ၇ တန်းနဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေတာပါ” လို့ သူ့အကြောင်း လေးတွေကို ရင်ဖွင့်သွားရှာပါတယ်။
ကရင်နီပြည် ဒေသအသီးသီးကနေပြီး ထိုင်းနယ်စပ်သို့ သွားလိုသော ခရီးသွားကုန်သည်တွေကို ဖာဆောင်းကနေ ၂၇မိုင်ဝေးတဲ့ စွတ်ပိုက်စခန်းထိ ရေစီးအားသန်တဲ့ ရွှေသံလွင်မြစ်ပေါ်မှာ အားမာန်အပြည့်နှင့် လိုက်လံပို့ဆောင် မောင်းနှင်ပေးတဲ့ မော်တော် အမောင်းသမားတစ်ဦးဆိုတာ သိလိုက်ရတယ်။
မိသားစု စားဝတ်နေရေး ဖူလုံဖို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီဖြေရှင်းပေးနေရကြောင်းကို အောင်အောင်က “ရသမျှငွေကို အိမ်ကိုပေးတယ်လေး၊ တခါတလေ ပွဲရှိတဲ့ချိန်မှာမှ အဖေက ၁ ထောင်လောက်မုန့်ဖိုး ပေးသုံးပါ တယ်” လို့ ပြောသွားပါတယ်။
အောင်အောင်ရဲ့ ဖခင်ဟာ စစ်မူထမ်းတစ်ယောက်ဖြစ်ပြီး၊ မိခင်ကတော့ သံလွင်မြစ်ကမ်းပေါ်မှာ စိုက်ပျိုးထားကြတဲ့ နှမ်းခင်းတွေကို နေ့စားလိုက်တဲ့ ရှမ်းလူမျိုးတောင်သူဖြစ်ပါတယ်။ ဖာဆောင်းမြို့မှာ ရှမ်းလူမျိုးအများစု နေထိုင်ကြပါတယ်။
ကရင်နီပြည်ရဲ့ အလယ်ပိုင်း ဖာဆောင်းမြို့လေးက အလွန်ပူပြင်းလှလွန်းလို့ ကျနော့မှာ နေမထိထိုင်မသာ ဖြစ်နေချိန်မှာတော့ ကောင်လေးဟာ ခရီးသည်တချို့နဲ့ နေမင်းကြီးကို အန်တုပြီး စွတ်ပိုက်ကို သူ့မော်တော်လေးနဲ့ သံလွင်မြစ်အတိုင်း ရုန်းကန်ဆန်တက်သွားပါတယ်။
ပညာရေးကိုသာ အဓိကဦးစားပေးရမဲ့ ပညာခေတ်အချိန်အခါမှာ အောင်အောင် တစ်ယောက်တည်း ရုန်းကန်ရတာ မဟုတ်ဘဲ အလယ်တန်း ကျောင်းသားအရွယ်သာသာရှိသေးတဲ့ ကျောင်းသား တွေဟာ သံလွင်မြစ်ကမ်းပါးနားက မော်တော်ထဲမှာ အလုပ်လုပ်နေကြတာ တော်တော်များများ တွေ့ခဲ့ရတယ်။
ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ ငယ်ရွယ်နုနယ်သေးတဲ့ အသိစိတ်တွေထဲမှာ ဒီလို အဆင်မပြေမူများနဲ့ ကြုံတွေ့တိုင်း ကျောင်းသားဘ၀ကို ကျောခိုင်းပြီး အလုပ်များထွက်လုပ်ကြရင်း ငွေမျက်နှာနောက်ကို လိုက်မိမှာစိုးမိပါတယ်။
“ကလေးတွေ ပြင်ပစီးပွားရေးလောက ရောက်သွားတော့ ပြင်ပက စရိုက်တွေ အတုယူပြီး ပညာရေးကို စိတ်မ၀င်စားတော့တာတွေ ရှိပါတယ်” လို့ ဖားဆောင်းမြို့မှ ဒေသခံ ကျောင်းသားတွေထဲက မိဘတစ်ဦးက ပြောပါတယ်။
မိဘတိုင်းက သားသမီးကို ဆင်စီး မြင်းရံ မဖြစ်နိုင်ပေမဲ့ ဆင်နှင်း မြင်းကန် ကိုတော့ မြင်လိုကြမှာမဟုတ်ပါဘူး။
နောက်နှစ်ပညာသင်နှစ်မှာတော့ သူတို့လေးတွေ ကျောင်းတက်ဖြစ်မဖြစ်ဆိုတာကတော့ မသေချာလှပါဘူး။ သူတို့လေးတွေ ပညာသင်လိုစိတ်ရှိနေစေချင်သေးပါကြောင်း ဆိုချင်ပါတော့တယ်။
တချို့တက္ကသိုလ်ကျောင်းသားတွေလည်း ကျောင်းပိတ်တုန်း ကျောင်းစရိတ်ရနိုင်ဖို့ သံလွင်မြင်ကြီးရဲ့နဘေးမှာ ရမိရရာ အလုပ်ကို အားကုန်လိုက်လုပ် နေကြတာတွေ လည်း ရှိပါတယ်။
“ကျနော် နည်းပညာတက္ကသိုလ် ဒုတိယနှစ်ဆက်တက်နိုင်ဖို့ အခုကျောင်းစရိတ်တွေ ရသလောက်ရှာတာပါ” လို့ အသက် ၁၇နှစ်သာရှိသေးတဲ့ မောင်ဇော်ထက်က ၇၅ မိုင် လောက်ရှိတဲ့ ဖားဆောင်း-လွိုင်ကော် မော်တော်ယာ ဉ်လိုင်းပေါ်မှာ ကားစပယ်ယာအကူလုပ်ရင်း ပြောခဲ့တာပါ။
ခရီးသည်တွေမရောက်လာသေးခင်မှာ မောင်ဇော်ထက် တယောက် သံလွင်နဘေးက သူ့အတန်းဖေါ် သူငယ်ချင်းတွေနဲ့ စားဝတ်နေရေးအတွက် တီးတိုးစကား ပြောနေကြတာကိုတွေ့ခဲ့ရတယ်။
စားဝတ်နေရေးအတွက် ရရာအလုပ်တွေကို ရုန်းကန်လုပ်ကိုင်နေကြရပေမဲ့ သူတို့လေးတွေရဲ့ မျက်ဝန်းမှာတော့ နောင်အာဏာဂါတ်မှာ ပညာတွေကို ဆက်လက်သင်ယူ ဆည်းပူးဖို့ ပေါ်လွင်နေကြပါတယ်။
“နောက်နှစ်မှာ ကျနော် ကျောင်းပြန်တက်ဖို့ ကြိုးစားနေပါတယ်” လို့ ရွှေသံလွင်သားလေး အောင်အောင်က အားမာန်အပြည့်နဲ့ ပြောဆိုသွားပါတယ်။
အောင်အောင်လို အရွယ်နဲ့မလိုက်အောင် အားမာန်အပြည့်နဲ့ ရုန်းကန်ကြိုးစားနေတဲ့ ရွှေသံလွင်နဘေးက ကျောင်းသားလူငယ်လေးတွေကို နောင်မကြာခင် အနာဂါတ် အချိန်လေးတွင်းမှာ ပညာတွေ ဆက်လက် ဆည်းပူးစေလိုပါကြောင်း…
No comments:
Post a Comment