Thursday, August 5, 2010

မြင်မြင်သမျှ အထင်ကရ

မေရနံ့

ကျမတို့ သမီးခင်ပွန်း ထိုင်းနိုင်ငံမဲဆောက်မြို့ကို ၂ဝဝ၈သြဂုတ်လ (၄)ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ မြင်ကွင်းအားလုံးက ကျမအတွက် ထူးဆန်းနေတယ်။ လူနေမှုဘဝတွေက ကျမတို့ မြန်မာပြည်နဲ့ တခြားစီဖြစ်နေတော့ အရာရာကို ငေးနေခဲ့မိတာများပါတယ်။

ထင်ရှားတဲ့မြင်ကွင်းက လမ်းဘေးမှာ အမှိုက်သိမ်းနေတဲ့ လူငယ်တွေ၊ ဆန်ဘလော့လို့ခေါ်တဲ့ ကျမတို့ မြန်မာပြည်က ဆိုက္ကားမျိုး နင်းကြသူတွေ၊ အဝတ်အစားစုတ်နွမ်းနွမ်းနဲ့ စက်ရုံအလုပ်သမလေးတွေ စတဲ့ အောက်ခြေ လူတန်းစားတွေမှာ ဖုန်းလေး တကိုင်ကိုင်နဲ့ဖြစ်နေကြတာပါပဲ။

မြင်ခါစ (၁)ဦး(၂)ဦးတုန်းကတော့ ကလေးကလား ကစားစရာမက်နေတယ်လို့ အထင်တောင် သေးမိလိုက်တယ်။ နောက်ပိုင်း လူတိုင်းလိုလိုမှာ တွေ့လာရတော့ ကျမ နားလည်သွားတယ်။ ဒီနိုင်ငံမှာ ဒီလို ဆက်သွယ်ရေး ပစ္စည်းမျိုးက သူတောင်းစားကအစ သုံးနိုင်တယ်ဆိုတာလေ။

ရန်ကုန်မှာ လက်ကိုင်ဖုန်းတလုံးကိုင်နိုင်ဖို့ဆိုတာ ငွေအရင်းအနှီးက နည်းတာမှမဟုတ်ပဲ၊ သိန်း၂ဝ ၃ဝဆယ် ပေးပြီးမှ ကိုင်နိုင်ကြတာ။ ဒါကြောင့် လက်ကိုင်ဖုန်း သုံးနိုင်တဲ့လူကို လမ်းသွားရင်း လက်ချိုးရေရင် လက်တဖက်ပြည့်ဖို့ အချိန်ေ တ်ာတော်ယူရမယ်လို့ ကျမ ထင်မိခဲ့တယ်။

ပြည်တွင်းမှာနေခဲ့တုန်းက ထိုင်းနိုင်ငံဆိုတာ ကြားဖူးခဲ့ပေမယ့် သူတောင်းစားကအစ လက်ကိုင်ဖုန်း သုံးနိုင်လောက်တဲ့အထိ ရှိမယ်လို့ မထင်မိဘူး။ ဒါပေမယ့် ကိုယ့်မြန်မာလူမျိုးတွေကိုသာ လက်ကိုင်ဖုန်း စက်ဘီးလောက်နဲ့ ကောင်းစားလှပြီထင်နေတာ။ ထိုင်းနိုင်ငံသားအများစုက ကားကိုယ်စီနဲ့။ လိုင်းကားဆိုတာ အတော်ရှားသကိုး။ ရှိတဲ့လိုင်းကားကလည်း မြန်မာပြည်သားတွေချည်း အစီးများကြတာလေ။

တချို့ ဗမာအလုပ်သမား လိုင်းခန်းတွေဘက် ရောက်မြိပီဆိုရင် အခန်းတိုင်းလိုလိုမှာ တီဗီ အပေါ်စက် အောက်စက် ရှိတတ်ကြတာတွေ့ရတယ်။ မီးကလည်း (၂၄)နာရီအပြည့် ဈေးသက်သက်သာသာနဲ့ရတယ်။ ကိုယ်က စည်းစနစ်တကျနဲ့ သုံးတတ်စွဲတတ်ရင် အစိုးရထောက်ပံ့တဲ့ လစ်မစ်မကျော်တဲ့အတွက် ရေ၊မီးက အလကား သုံးရတယ်၊ ပိုက်ဆံမပေးရဘူး။ကောင်းလိုက်တဲ့ လူမှုဖွံ့ဖြိုးရေး အစီစဉ်တွေလေ။

ကျမတို့နိုင်ငံမှာတော့ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူ ကိုယ်ထစနစ်နဲ့ စခန်းသွားနေရတာ၊ ကုန်ဈေးနှုန်းကျအောင် လမ်းပေါ်ထွက် ဆန္ဒပြရ၊ ဘုန်းတော်ကြီးတွေ မေတ္တာထွက်ပို့ရတဲ့အထိ ဖြစ်ခဲ့ကြဘူးတယ်။ နောက်ဆုံးတော့ အားလုံးကို အုပ်စိုးသူက လက်နက်နဲ့ဖြိုခွင်း ပစ်လိုက်တာ မေတ္တာပို့တဲ့ ဘုန်းဘုန်းတွေ လမ်းမပေါ်မှာ သေကုန်ပါရောလား။


(၂)

၂ဝဝ၉ ဇန်နဝါရီလ ၁၉ရက်မှာ ကျမတို့ ဇနီးမောင်နှံ ၂ယောက် နို့ဖိုးဒုက္ခသည်စခန်းထဲရောက်တော့လည်း မြင်မြင် သမျှ အထင်ကရတွေချည်းဖြစ်နေပြန်တာပဲ။ ဒုက္ခသည်စခန်းမှာ လာရောင်းတဲ့ ထိုင်းလူမျိုး ကုန်စိမ်းသည်တွေ၊ ငါးစိမ်းသည်တွေက ကိုယ်ပိုင်ကားတွေနဲ့ချည်း ချလာကြတာ လှည်းနဲ့ စက်ဘီးနဲ့ဈေးသည်ဆိုတာ ရှာကိုမရဘူး။ ကျမတို့ဆီမှာတော့ လှည်းတစီး၊ စက်ဘီးတစီးတောင် ပိုင်ဖို့လွယ်ကြတာမဟုတ်ဘူး။

အင်တာနက်ဆိုင်ဆိုတာ ဒုက္ခသည်စခန်းမှာ (ကျမလှည့်သုံးဘူးတာချည်း) ၆ဆိုင်လောက်ရှိတယ်။ ဒါကျမတို့ PAB လို့ခေါ်တဲ့ ရပ်ကွက်လေး၂ခု အတွင်းမှာရှိတာလေ။ နို့ဖိုးဒုက္ခသည်စခန်းမှာက ရပ်ကွက်ပေါင်း ၁၆ခုရှိတယ် ဆိုတော့ အနည်းဆုံး ဆယ်ဂဏန်းအထက်မှာ ရှိလိမ့်မယ်လို့ ခန့်မှန်းနိုင်တယ်။

ကျမတို့ နယ်မှာ နေခဲ့တုန်းကဆိုရင် အင်တာနက်ဆိုတာ ဘယ်ကနေ ဘယ်လို တက်ရတယ်ဆိုတာကို တိတိကျကျ သိခဲ့ရတာမဟုတ်ဘူး။ တခါတခါ တီဗီထဲ စာအုပ်တွေထဲမှာပါလို့သာ အင်တာနက်ဆိုတဲ့ စကားလုံးကို ကြားဖူးခဲ့ရတာလေ။ ရန်ကုန်ရောက်တော့မှ သင်တန်းတွေ လိုက်တက်ဘူးလို့ အင်တာနက်ဆိုတာနဲ့ နည်းနည်း ရင်းနှီးလာခဲ့ရတာ။

ဒုက္ခသည်စခန်းမှာ အင်တာနက်သုံးခက တနာရီကို ကိုယ်လက်တော့ပ်နဲ့ ကိုယ်ဆိုရင် ဘတ်၂ဝပဲပေးရတယ်။ ဆိုင်က ကွန်ပျူတာနဲ့ဆိုရင် ဘတ်၃ဝယူတယ်။

အစိုးရ လျှစ်စစ်မီးကို ဒုက္ခသည်တွေ သုံးခွင့်မရှိကြဘူးဆိုတော့ ကျမတို့ ဒုက္ခသည်တွေက ရေအားလျှပ်စစ်တွေရအောင် ဖန်တီးထားကြတယ်။ ဒုက္ခသည်စခန်း ဘေးပတ်ပတ်လည်နဲ့ အနီးနား တဝိုက်မှာရှိတဲ့ ရေချောင်းတွေကုန်အောင်ကို လျှပ်စစ်စွမ်းအား ထုတ်နိုင်တဲ့ ဒိုင်နမိုတွေ ဆင်ထားကြတာများ အလုံးရေ ၂ဝကျော်၃၀ ဝန်းကျင်မှာရှိတယ်။

ဒိုင်နမိုတွေ မီးကြိုးတွေ မပျောက်မပျက်အောင်နဲ့ သစ်တောတွေထဲမှာ ဒိုင်နမို ဆင်ထားခွင့်ရဖို့ အတွက်က ပါမိုက်လို့ အများခေါ်ကြတဲ့ သစ်တောက ဝန်ထမ်းတွေကို တလဘတ်ငွေ ၅ဝဝ ပေးထားရတယ်။ အနည်းဆုံး တကီလိုကနေ ငါးကီလိုအထိအောင် ဆင်ကြတာများတယ်။ တကီလိုဆင်ရင်အနည်းဆုံး ဘတ်ငွေ ၁၅၀၀၀ ဝန်းကျင်လောက် ကုန်ကျမှုရှိတယ်။

သုံးကီလိုက ဘတ်၎သောင်း ခန့်ကုန်ကျတယ်။ တချို့ ရေချောင်းရှိတဲ့ နေရာနဲ့ အိမ်နဲ့နီးလို့ မီးကြိုးဖိုး သက်သာပြီး အကုန်အကျနည်းတာရှိသလို မီးကြိုးခွေ၂ဝကနေ ၅ဝ ဝန်းကျင်လောက်အထိ ကုန်ကြတာ လည်းရှိတယ်။

ရေးအားလျှပ်စစ်မီး ဆင်ထားကြသူတွေက အိမ်တွေကို မီးချောင်းတချောင်းစာအတွက် တလကို ၆၅ဘတ်နဲ့ မီးပေးလေ့ရှိတယ်။ ကွန်ပျူတာသုံးဖို့ တီဗွီကြည့်ဖို့အတွက်ဆိုရင် ၂၄နာရီပတ်လုံးကို ၈ဝဝကျပ် ပေးရတယ်။

တချို့လည်း ဘက်ထရီအိုး သွင်းစားကြတာရှိတယ်။ ဘက်ထရီ တအိုးသွင်းခက ရေမီးနဲ့ သွင်းရင် ၂ဝဘတ် ပေးရပြီး မီးစက်နဲ့ သွင်းတဲ့နေရာမှာတော့ ၂၅ဘတ်ပေးရတယ်။

အများစုသောဒုက္ခသည်တွေက ဆင်းရဲချို့တဲ့မှုရှိကြတာမှန်ပေမယ့် နိုင်ငံခြားက မိဘဆွေမျိုးအထောက်အပံ့နဲ့ နေကြသူတွေ ရာဂဏန်းလောက်ရှိတော့ ဒုက္ခသည်စခန်းကလည်း စည်ပင်နေတာပဲလို့ ပြောနိုင်တယ်။

ဒုက္ခသည်စခန်းမှာ ဈေးပေါပေါနဲ့ ကွန်ပျူတာ သင်ပေးနေတဲ့ သင်တန်းကျောင်းတွေလည်း ရှိသလို ဝဘ်ဆိုဒ်လုပ်တာထိ သင်ကြားပေးနိုင်တဲ့ အဆင့်ထိအောင်ရှိတဲ့ ကျောင်းတွေလည်းရှိကြတယ်။

ဘာပဲဖြစ်ဖြစ် ကျမကတော့ ထိုင်းဘုရင်နဲ့ ထိုင်းအစိုးရကို ချီးကျူးနေမိတယ်။ ပြည်သူတွေအပေါ် ထောက်ထားစာနာမှုရှိတယ်။ ပြည်သူတွေ အဆင်ပြေပြေ နေထိုင်အောင် စီမံပေးနိုင်တဲ့ စွမ်းရည်ရှိကြလို့ မင်းကောင်းမင်းမြတ်၊ အစိုးရကောင်း အစိုးရမြတ်တွေပဲလို့ မကြာမကြာ ချီးမွမ်းခန်းထုတ်မိတယ်။

ထိုင်းဘုရင်နဲ့ ထိုင်အစိုးရကို ချီမွမ်းခန်း ဝင်မိလေလေ၊ မြန်မာပြည်က အုပ်စိုးသူတွေကို ရိုက်ချင်လေလေပဲ။ ဒီလောက် သယံဇာတတွေ ပေါတဲ့နိုင်ငံ၊ ဒီလောက် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့လူမျိုးတွေကို သူများနိုင်ငံမှာ ကျွန်လာခံရအောင်၊ သူများခြေထောက်အောက် ရောက်အောင် တွန်းပို့နေကြလို့ စဉ်းစားမိတိုင်း ဒေါသချည်း ထွက်နေရတယ်။

(၃)
ကျမတို့ ၂ဝ၁ဝ ဇွန်လအတွင်း နို့ဖိုးစခန်းကနေ မဲဆောက် ပြန်ရောက်လာခဲ့ပြီး မဲဆောက်မြို့နားက မဲ့ကဆာ ဆိုတဲ့ ရွာကိုလည်း ဦးဇင်းတွေနဲ့အတူ အလည်ရောက်ဖြစ်ခဲ့သေးတယ်။ ရွာလို့သာ အမည်တပ်ထားတာပါ။ ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ နယ်မြို့တွေထက် သာတာချည်းပဲ။

မဲဆောက်-မဲ့ကဆာ ကားလမ်းက ချိုင့်မရှိ ကျင်းမရှိနဲ့ ကားစီးရတာ အတော်ကို ဇိမ်ရှိတာ၊ မဲ့ကဆာ ရွာအဝင်လမ်းမှာ ကြိုဆိုတဲ့ ဆိုင်းဘုတ်ကြီးက ဟီးလို့။ ထိုင်းဘုရင်မင်းမြတ် ရုပ်ပုံ၊ ဘုရင်မကြီးရုပ်ပုံတွေနဲ့ ပဏာရနေတာများ ကျမဖြင့် အံ့သြပြီးရင်း အံ့သြနေမိတာ။

လမ်းဘေးဝဲယာတလျှောက်မှာ စိုက်ပျိုးထားတဲ့ ပြောင်း၊စပါး အစရှိတဲ့ အပင်တွေကလည်း စိုက်ပျိုးရေးနိုင်ငံ လို့ဆိုတဲ့ ကျမတို့ မြန်မာပြည် ပြန်ရောက်နေလား မှတ်ရတယ်လို့ အဖော်တွေကိုပြောတုန်းရှိသေး မြန်မာ အလုပ်သမလေးတွေ လယ်ကွင်းထဲမှာ ထမီတိုတိုနဲ့ တွေ့လိုက်ရတော့ သြော်..ဒါဒို့ မြန်မာလက်ရာတွေပဲ ဆိုတာ ကျမသဘော ပေါက်လိုက်တယ်။

ကျမတို့မြန်မာလူမျိုးတွေရဲ့ ကျွမ်းကျင်တဲ့ စိုက်ပျိုးရေး ပညာတွေနဲ့ လုပ်အားတွေက ထိုင်းနိုင်ငံကြီး စည်ပင်ဝပြောအောင် ဖွံဖြိုးတိုးတက်အောင် ပေးဆပ်နေကြ ရတာကြည့်ပြီး မျိုးချစ်စိတ်နဲ့ မနာလို ဖြစ်ခဲ့မိသေးတယ်။

ကျမတို့ သွားတဲ့ဦးတည်ချက်က မဲ့ကဆာရွာမှာ ကျောင်းဖွင့်ဖို့ ကိစ္စအတွက်ပါ။ မဲ့ကဆာရွာ ဝင်ပြီး သိပ်မကြာပါဘူး။

ကျမတို့စီးလာတဲ့ ကားက အိမ်ဝင်းတခုထဲမှာ ထိုးရပ်လိုက်တော့ ရွာလမ်းဘေးတလျှောက် ကျွန်းတိုင်လုံးကြီးတွေနဲ့ အလှဆင်ပြီး ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ကြည့်ပြီး ငေးပါလာတဲ့ ကျမ လန့်တောင်လန့်သွားရတယ်။

ကျမတို့ဝင်လိုက်တဲ့အိမ်ကလည်း ဗမာအိမ်ပါပဲ။ အိမ်ရှင်ကတော့ ထိုင်းလူမျိုး သူဌေးဖြစ်ပြီး သူတို့က သူဌေးကောင်းမှုနဲ့ ခြံထဲမှာ အိမ်တဆောင် မီးတပြောင် ဖြစ်ရတဲ့ အနေအထားမှာ ရှိပါတယ်။

မဲ့ကဆာရွာမှာ ဗမာစာသင်ကျောင်းလေး တကျောင်းဖြစ်လာဖို့ ကြိုးစားနေကြတဲ့ သူတွေ၊ လူမှုရေးစိတ် အင်မတန်ပြင်း ထန်ကြတဲ့လူတွေဆိုတာ ကျမသိလိုက်ရတယ်။ အင်မတန် တက်ကြွကြပါတယ်။ ဒါပေမယ့် ကျောင်းဆောက်ဖို့ ကိစ္စကို ရွာသူကြီးက ခွင့်မပြုတော့ ကျောင်းမဖြစ်မြောက်နိုင်သေးပဲ ဆောက်လုပ်ရေး ပစ္စည်းတွေ တန်းလန်းကြီးနဲ့ ရပ်ထား ကြရတယ်။ သူတို့က ထိုင်းနိုင်ငံထဲ ရောက်လာတာ ဆယ်စုနှစ်တခု ဝန်းကျင်ရှိခဲ့ပြီဆိုတော့ သူတို့ပြောပြတဲ့ မဲ့ကဆာအကြောင်းတချို့က စိတ်ဝင်စားစရာကောင်းတယ်။

‘‘ဟိုးအရင်(၁ဝ)နှစ်လောက်ကဆို မြန်မာတွေကို ကားတာယာတွေနဲ့ မီးရှို့ပြီးသတ်ပစ်ကြတာ။ တချို့လူတွေက ပစ္စည်းခိုးတတ်ကြလို့တဲ့’’

မရှိလို့ခိုးတာကို ကားတာယာတွေနဲ့ မီးရှို့သတ်လောက်ရအောင်တော့ မရက်စက်သင့်ပါဘူး၊ အဓိကက မြန်မာမုန်းတီးရေး စိတ်ဓါတ် အခြေခံကြလို့ ဖြစ်မယ်ထင်တယ် ဆိုပြီး ကျမက ဆွေးနွေးတော့၊ ‘‘တချို့ ဗမာတွေက ဒီထိုင်းတွေရဲ့ အခြေခံစိတ်ကို နားမလည်တာလည်း ပါတာပေါ့။ ထိုင်းတွေကမရှိရင် တောင်းစား ပေးတယ်၊ ခိုးတာကို သူတို့ လုံးဝမကြိုက်ကြဘူး။ အဒါကြောင့် ပြဿနာတွေ ဖြစ်ကြရတာ’’ တဲ့။

အဲဒီတော့ ကျမလွန်ခဲ့တဲ့ ၅နှစ်လောက်က ဖတ်ခဲ့ဘူးတဲ့ (ဆရာကြီး ဦးဂိုအင်ကာ နဲ့ ပါတ်သက်တဲ့ စာအုပ်မှာပါပဲ။ ဇာတ်လမ်း အတိအကျတော့ မမှတ်မိဘူး) မြန်မာပြည်မှာ သူခိုးမရှိတဲ့အကြောင်း ဆရာကြီး ဦးဂိုအင်ကာရဲ့ အဖေက ထင်တယ်၊ သူ့အတွေ့အကြုံလေးနဲ့ ပြောပြထားတာလေ။ အဲဒါကို သွားအမှတ်ရမိလို့ ကိုယ့်လူမျိုးတွေရဲ့ စောင့်ထိန်းခဲ့ကြတဲ့ ဂုဏ်တွေကို အားနာနေမိတယ်၊ နှမြောနေမိတယ်။

စီးပွားရေးတွေ၊ အလုပ်အကိုင်တွေကမကောင်းတော့ ငွေကြေးပိုင်ဆိုင်ရာမှာ အခက်အခဲရှိကြရာက လွယ်လွယ်နဲ့ ငွေပွားမယ်ထင်တဲ့ လောင်းကစားဘက်တွေရောက်၊ လောင်းကစားရှုံးတော့ ကြံရာမရဖြစ်ကြရာကနေ သူများပစ္စည်းတွေ မျက်စောင်းထိုးရတဲ့ အနေအထားဆိုက်ရောက်လာကြတာများပါတယ်။ ကျမတို့ နေခဲ့ဘူးတဲ့ ဒုက္ခသည်စခန်းထဲမှာတောင်မှ သူခိုးသံက မကြာမကြာ ကြားနေရသေး၊ ပူနေရသေးတာပဲ။

တကယ်တော့ အုပ်စိုးသူ အဆက်ဆက်ရဲ့ အစီအမံအခန့်အခွဲ ညံ့ဖျင်းမှု၊ တကိုယ်ကောင်းဆန်ပြီး အာဏာရူးမှု၊ တိုင်းပြည်ဘဏ္ဍာတွေကို တလွဲအသုံးချမှုစတာတွေရဲ့ အကျိုးဆက်တွေကို ပြည်သူတွေက အလူးအလဲခံစားနေရတာလို့ ကျမနားလည် စာနာမိပါတယ်။


(၄)
‘‘မဲ့ကဆာရွာလေး တည်ထားပုံက နေချင့်စဖွယ်ပါပဲ။ အေးချမ်းမှာပဲနော်’’ လို့အိမ်ရှင်ဦးကြီးကို ကျမမေးကြည့်တော့ ‘‘မထင်နဲ့ဗျတဲ့။ ဟိုးအရင်ကလမ်းပေါ်ကိုနေ့လယ်ခင်း မထွက်ရဲကြဘူး။ မြင်းဆေးတွေဘာတွေက ဒီမှာရောင်းကြ၊ ဝယ်ကြရှိတယ်လေ။ နေ့ခင်းကြောင်တောင် ပစ္စည်းလုတာတွေ၊ လုမရရင် လူသတ်တာတွေတောင်ရှိခဲ့တာ။

အခုတော့ အရင်ကလောက်မဆိုးတော့ဘူး ဆိုနိုင်ပေမယ့် ည(၉)နာရီလောက်ဆိုရင် မထွက်ရဲကြတော့ဘူးဗျ’’
အိမ်ရှင်ဦးလေးကြီးတို့က ရွာနီးဝန်းကျင်တဝိုက်က ဗမာအသိုင်းအဝိုင်းမှာ ရပ်မိရပ်ဖလိုဖြစ်နေတော့ ကျမက မြန်မာတွေများစုရဲ့ အလုပ်အကိုင်အခြေအနေနဲ့ ရပ်တည်နေနိုင်မှု အနေအထားတွေကိုလည်း မေးကြည့်ခဲ့ပါသေးတယ်။

‘‘ဒီမှာ ကျနော်တို့ မြန်မာတွေကတော့ လယ်စိုက်၊ယာစိုက်ပေါ့ဗျာ။ တချို့မိန်းကလေးတွေလည်းအိမ်ဖော်ပေါ့။ အများစုက အလုပ်ကြမ်း လုပ်ကြရတာများပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမှာရတဲ့ဝင်ငွေက မြန်မာပြည်မှာထက်စာရင် လူတန်းစေ့နေနိုင်သေးတယ်။ စုတတ်ဆောင်းတတ်တဲ့လူတွေဆို မြန်မာပြည်က အိမ်ကိုတောင် ပြန်ထောက် နိုင်ကြတာရှိတယ်။ ပြီးတော့ အလုပ်လည်း ရှာရတာသိပ်မခက်ဘူးဗျ။ ဒါကြောင့်ပဲ ကျနော်တို့ဗမာတွေက စိတ်ဆင်းရဲကိုယ်ဆင်းရဲခံ၊ အောက်ကျခံပြီး ကုပ်ကတ်လုပ်နေကြတာပါ။ လူကုန်ကူးခံရလို့၊ အလုပ်ရှင်ဆိုးနဲ့တွေ့လို့ ဒုက္ခရောက်ကြရတာတွေကတော့ ခြွင်းချက်ပေါ့ဗျာ။’’

အိမ်ရှင်ဦးလေးက လူမှုရေး အသင်းလေးတခုကို ဦးဆောင် ဖွဲ့စည်းထားသူ ဖြစ်ပြီး နီးစပ်ရာ ရွာနားဝန်းကျင်တဝိုက်မှာ လူမှုရေးလုပ်ငန်းတွေ လုပ်နေကြတာပါ။ အခု သူတို့ ဖွင့်ချင်တဲ့ စာသင်ကျောင်းက အတန်းကျောင်းဆိုပေမယ့် ဘာသာရေးအဓိကနွယ်တဲ့ ကျောင်းဖြစ်စေချင်တယ်လို့ဆိုတယ်။ ကျမတို့ပြည်တွင်းမှာနေတုန်းကတော့ ယုံကြည်ကိုးကွယ်မှုက ဗုဒ္ဓဘာသာကိုပဲ အဓိကများတော့ သိပ်ပြဿနာမရှိခဲ့ကြဘူး။

ဒါပေမဲ့ အခု ထိုင်း-မြန်မာနယ်စပ် အဓိကအားဖြင့် မဲ့ကဆာရွာဘက်မှာကျတော့ ဘာသာရေး စည်းရုံးသိမ်းသွင်းမှုတွေက အတန်းကျောင်းတွေမှာ ပညာရေးထက် နေရာပိုယူလာကြတာမို့ ကလေးတွေရဲ့ အနာဂတ်မှာ မိရိုးဖလာ ကိုးကွယ်ယုံကြည်လာမှု ပျောက်မှာ စိုးရိမ်နေကြပုံရတယ်။

ဒါကြောင့်ပဲ နယ်ခံတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကလေးတွေကို အသိဉာဏ် သွင်းပေးနိုင်တဲ့ ကျောင်းမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ ဓလေ့ထုံးစံကို ထိန်းသိမ်းနိုင်တဲ့ ကျောင်းမျိုးမှာ ထားချင်တယ်။ အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဦးစီးတဲ့ ကျောင်းဖြစ်နေတော့ မိဘတွေရဲ့ စိတ်ထဲမှာလည်း ကိုယ့်သားသမီးတွေကို ကိုယ်နဲ့ လမ်းလွဲသွားမှာ စိုးနေကြရတယ်လို့ ပြောပြကြပါတယ်။

‘‘ကျနော်တို့က လူတွေဘာသာရေးနဲ့ မစိမ်းဖို့အတွက် တရားပွဲတွေလည်းကျင်းပပေးတယ်။ ဒါပေမယ့်လူတွေက ဘာသာရေးနဲ့ဝေးနေကြတယ်ဗျာ။ တရားနာဖို့ဆိုရင် လူကသိပ်မရှိကြတော့ဘူး. ဒါနဲ့ကျုပ်က ကြေညာရတယ်။ တရားနာဖို့ကြွပါ၊ တယောက်ကိုဘတ် (၆ဝ)ပေးပါ့မယ်လို့။ အဲလို အထူးတလည်နှိုးဆော်နေရတာပေါ့ဗျာ။ ဒါပေမဲ့ ပိုက်ဆံတော့မယူကြပါဘူး’’

အိမ်ရှင်ဦးလေးကြီးရဲ့စကားက ကျမအတွက်တွေးစရာတခုပေးလိုက်သလိုပါပဲ။ ကျမတို့ဗမာတွေစားဝတ်နေရေး အတွက် လုံးပန်းနေရတာကြောင့် ဘာသာရေးယုံကြည်ကိုးကွယ်မှုတွေ၊ ရှေးအစဉ်အဆက်က ထိန်းသိမ်းခဲ့ကြတဲ့ ယဉ်ကျေးမှု အစဉ်အလာတွေပျောက်ကုန်ကြပြီလား။

ဘာသာရေးကိုးကွယ်မှုတွေ၊ ရိုးရာအစဉ်အလာတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု မရှိရင်တော့ ခက်ကုန်ကြတော့မယ်ဆိုတာ ကျမ တွေးနေရင်း..
‘‘ကျနော်တို့ မြန်မာတွေနိုင်ငံရေးနဲ့ ဝေးကြပုံများတော့ဗျာ.. ပြောရအုံးမယ် တခါသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကျနော်တို့ လုပ်ကြတယ်ဗျာ၊ ဒေါ်စုပုံကြီးတွေကိုလည်း ချိတ်ထားတာပေါ့။ သိချင်တာရှိ မေးပါ သိသလောက် ပြန်ဖြေပေးပါ့မယ်လို့ ကျနော်ကပြောမိတော့ လူငယ်တယောက်က ဓါတ်ပုံကြည့်ပြီး မေးတယ်။ ဒါ သီရိဒုံ လားတဲ့ ကျနော်ဖြင့် ရင်နာလို့ မဆုံးဘူးဗျာ’’

ဒီစကားကြားတော့မှ ကျမလည်း တုန်လှုပ်သွားမိတယ်။ အယ်…မဲဆောက်မှာ နိုင်ငံရေးအဖွဲ့အစည်းတွေ နှစ်ရှည်လများအခြေချပြီး နိုင်ငံရေးလုပ်ငန်းတွေ ပြောနေကြ၊လုပ်နေကြတာ မဲဆောက်နဲ့ ဆယ့်ငါးမိနစ်လောက် ကားမောင်းရတဲ့ ရွာက မြန်မာအလုပ်သမား လူငယ်လေးတွေ ဒေါ်စုကို မသိကြ မမြင်ဘူးကြဘူး ဆိုရင်တော့ ဦးလေးရယ်…။

No comments: