Tuesday, August 3, 2010

တရုတ်လူမျိုးများ ကြံ့ဖွံ့ပါတီဝင် မဲပေးကြရမည်

ပေါက်ပေါက် / ၀၃ သြဂုတ် ၂၀၁၀

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများကို ဧည့်နိုင်ငံသားကတ်ပြုလုပ်ရာတွင် ကူညီ ဆောင်ရွက်ပေးခဲ့သည့် တရုတ်ဘုံကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် တရုတ်လူမျိုး ရပ်မိရပ်ဖများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီတွင် ဝင်ခိုင်းထားသည်ဟု သိရသည်။

ယင်းသို့ ကြံ့ဖွံ့ပါတီဝင်ပေးရမည့် တရုတ် ဘုံကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် တရုတ်လူမျိုးရပ်မိရပ်ဖတို့က ဆက်လက်၍ ကျန်သည့်တရုတ်များအား စည်းရုံးပေးသွားရန်ဖြစ်သည်ဟု ဘုံကျောင်းအဖွဲ့နှင့် နီးစပ်သူ တရုတ်လူငယ်တဦးက ပြောသည်။

၎င်းက “ခင်များတို့တွေကို မဲထည့်နိုင်အောင် နိုင်ငံတော်က ဖြည့်ဆည်းပေးခဲ့ပြီ။ အဲဒီအတွက် ကြံ့ခိုင်ရေးပါတီကို မဲထည့် ပေးရမယ်။ ကျန်တဲ့တရုတ်တွေကို စည်းရုံးသွားဖို့ လူကြီး (၃ဝ) ကြံ့ခိုင်ရေးပါတီဝင်ပေးရမယ်ဆိုပြီး မြို့နယ်ကြံ့ခိုင်ရေးက ကိုစိုးဆိုတဲ့သူက တရုတ်ဘုံကျောင်းမှာ လာပြောသွားတာ။ အဲဒါ ရပ်မိရပ်ဖ၊ တရုတ်လူကြီးတွေထဲက တချို့က အသက်ကလည်းကြီး၊ နိုင်ငံရေးထဲလည်း စိတ်မပါကြတော့ မဝင်ချင်ကြဘူး။ အဲဒါကြောင့် ကတ်လုပ်တဲ့ထဲကနေ ပါတီထဲဝင်ဖို့ လိုက်ပြောနေတယ်” ဟု ပြောသည်။

ယခုနှစ် ဧပြီနှင့် ဇူလိုင်လအတွင်းက တရုတ်လူမျိုးများအား ဧည့်နိုင်ငံသားကတ် ထုတ်ပေးရန်အတွက် စာရင်းကောက်ခံမှု၊ ကိုယ်ရေးအချက်အလက်ဖောင်ဖြည့်မှုများကို အဆိုပါ တရုတ်လူကြီးများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေနှင့် ဇနီးဖြစ်သူ တရုတ်လူမျိုး မိုးကောင်းမြို့သူတို့် ဧပြီလအတွင်းက မိုးကောင်းမြို့သို့ လာရောက်ပြီး တရုတ်လူမျိုးများ ဧည့်နိုင်ငံသားကတ်နှင့် နိုင်ငံသားပြုခွင့်ရကတ်များ ထုတ်ပေးရေးအတွက် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းနှင့် တနယ်တကျေးရောက် တရုတ်လူမျိုးများပါ အဆိုပါကတ်များ ပြုလုပ်နေကြခြင်းဖြစ်သည်။

“မိုးကောင်းမှာရှိတဲ့ တရုတ်တွေကော အခြားတနေရာရောက်နေတဲ့ တရုတ်တွေကော ဖောင်တွေဖြည့်တာ အားလုံး ထောင်ချီရှိမယ်။ အဲဒီအတွက် တရုတ်ဘုံကျောင်းအဖွဲ့ကို တယောက်ကို ကျပ် (၁) သိန်းခွဲ ပေးရတယ်” ဟု အဆိုပါ တရုတ်လူငယ်က ပြောသည်။

မြန်မာပြည်ပေါက် တရုတ်လူမျိုးများသည် FRC (Foreigner Registion certificate) ကတ်များ ကိုင်ဆောင်ထားကြပြီး ယခင် မဆလခေတ် မဲဆန္ဒပေးပွဲများနှင့် ၁၉၉ဝ ရွေးကောက်ပွဲတို့တွင် မဲပေးခွင့်မရရှိခဲ့သော်လည်း ယခုရွေးကောက်ပွဲဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မဲပေးခွင့်နှင့်အတူ နိုင်ငံရေးပါတီ ထူထောင်ခွင့်ရရှိနိုင်အောင် ထည့်သွင်းထားသည်။

နအဖစစ်အစိုးရ ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားသည့် ကြံ့ဖွံ့ပါတီက နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များ၏ အင်အားများအသုံးပြု၍ မဲဆွယ်စည်းရုံး လုပ်ဆောင်နေသဖြင့် တရားမျှတမှုမရှိကြောင်း ရွေးကောက်ပွဲဝင်မည့် ပါတီအချို့က ထောက်ပြကန့်ကွက်နေသကဲ့သို့ ကြံ့ဖွံ့ပါတီအပေါ် ဝေဖန်မှုများ ပေါ်ထွက်နေသည်။

No comments: