မျိုးချစ်သူ / ၀၃ သြဂုတ် ၂၀၁၀
လာမည့် အောက်တိုဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည်ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူ အရာရှိကြီးတဦးက ပြောကြားသည်။
တပတ်လျှင် တရက်ပြုလုပ်နေကျဖြစ်သည့် ဒုတိယ ဗိုလ်ချူပ်ကြီးမြင့်ဆွေ ဦးဆောင်ကျင်းပသော ပြီးခဲ့သည့်လ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်ကို ကိုးကား၍ ယင်းအရာရှိက ပြောကြားခြင်းဖြစ်သည်။
၎င်းက “နိုင်လုံအစည်းအဝေးက တပတ်ကိုတရက်လုပ်တယ်၊ သောကြာနဲ့ တနင်္လာနေ့တွေမှာ တရက်ရက်ပေါ့။ လူကြီးတွေအားတဲ့ရက်မှာ လုပ်တာ၊ ဘယ်နေ့ဆိုတာ သတ်သတ်မှတ်မှတ်တော့ မရှိဘူး၊ တပတ်တရက်တော့လုပ်ပါတယ်” ဟု ပြောသည်။
နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီး (၂၆) ဦးပါသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဧပြီ (၂၉) ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ရာ ဇွန် (၈) ရက်တွင် မှတ်ပုံတင်ခွင့် ကျပြီးဖြစ်သည်။
“ရွေးကောက်ပွဲအတွက် ပါတီတွေကို မှတ်ပုံတင် အခုထိ ချပေးနေတုန်းပဲ။ ပြီးတော့ ကချင်က ဒေါက်တာတူးဂျာတို့ပါတီဆိုရင် ခုထိတောင် မကျသေးဘူး၊ သူတို့စိစစ်တုန်းပဲလို့ သိရတယ်။ အဲဒီတော့ အစိုးရအနေနဲ့ အောက်တိုဘာမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အရင်အသံတွေထွက်တုန်းက အစိုးရဟာ ပါတီတွေကို မဲဆွယ်ခွင့်ကာလနည်းနည်းနဲ့ မိုးလည်းလွန်ရော ကျင်းပတာမျိုးလားလို့။ အခုလို ဒီဇင်ဘာလို့ ပြောင်းလိုက်တယ် ဆိုရင်တော့လည်း ပါတီတွေ အချိန်ရသွားတာပေါ့” ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ဖူးသည့် နိုင်ငံရေးသမားတဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် (၂၂) ရက်တွင် ထုတ်ပြန်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားချက် အမှတ် ၂/ ၂၀၁၀ အရ နိုင်ငံရေးပါတီများ ပါတီဝင်အင်အား စုဆောင်းလိုပါက စုဝေးဟောပြောရန် သတ်မှတ်သည့်နေရာကို တင်ပြရမည်ဖြစ်ပြီး ဟောပြောမှုများ ပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲကို တပတ်ကြိုတင်၍ ခွင့်ပြုမိန့်တင်ပြရမည်ဟု ပါရှိသည်။
ဟောပြောပွဲပြုလုပ်လိုသောနေရာ၊ အချိန်၊ လူအင်အား၊ တက်ရောက်မည့်သူ၊ ဟောပြောမည့်သူ စသည်တို့ကို ကော်မရှင်အဖွဲ့ခွဲကို တင်ပြရမည်ဟုလည်း ပါရှိသည်။
သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူများအား လမ်းခင်းပေးမည်၊ ငွေချေးပေးမည်ဟု ပြောဆိုကာ ရန်ကုန်မြို့အတွင်း မြို့နယ်အလိုက် လိုက်လံကာ နေ့စဉ် ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် ဦးဆောင်၍ စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်ဟု မြို့ခံများက ပြောကြားသည်။
No comments:
Post a Comment