Friday, October 1, 2010

ငါ့သားကင်မရာ ပြန်ပေး

မောင်လတ်နီ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ (၂၇.၈.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

မစ္စတာ နာဂါအိ ဟာ ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်က အရမ်းကို ရှက်တတ်ပြီး သတင်းသမားလုပ်မယ်လို့ မထင်ခဲ့ဘူး လို့ သူ့ရဲ့မိဘများက ပြောပါတယ်။

သူသေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် “မစ္စတာ နာဂါအိ ဟာ တမီတာအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုတော့ သူမွေးဖွားရာမြို့ဖြစ်တဲ့ အီမဘာရီမြို့ရဲ့ အိုတာနီသင်္ချိုင်းမှာ ထားရှိပြီး ထူးခြားတာကတော့ သူ့ရဲ့အုတ်ဂူရှေ့မှာ သေဆုံးသွားစဉ်က ကိုင်ဆောင်ထားတဲ့ ဆိုနီ ဒစ်ဂျစ်တယ်ကင်မရာ ပုံစံတူကို ကျောက်သားနဲ့ ထုလုပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများက ကင်မရာနဲ့ တိတ်ခွေ ပြန်ရဖို့အတွက် လက်မှတ် တသိန်းကျော် စုဆောင်းပြီး တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးပါဘူး။ မစ္စတာ နာဂါအိရဲ့ မိဘများနဲ့ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အစိုးရက တရားဝင် တောင်းပန်တာ၊ လျော်ကြေး ပေးတာ ဒီနေ့ထိ မရှိသေးပါဘူး။

“အသတ်ခံရတဲ့နေ့ကို ယနေ့တိုင် မမေ့သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုတ်တရက် ဖုန်းဆက်လာပြီး သားသေဆုံးတဲ့အကြောင်းပြောတော့ ပထမ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တီဗီမှာ သူ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ရပြီး အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်” လို့ သူ့ရဲ့မိခင် မိချိကို (၇၈ နှစ်) က ပြောပါတယ်။

အဲဒီတုန်းက ဗီဒီယို ကင်မရာကို ကိုင်ပြီး လဲကျသွားပေမယ့် အခု အဲဒီကင်မရာ ဘယ်မှာရှိလဲဆိုတာ မသိရပါဘူး။ ဂျပန်အစိုးရကလည်း ပြန်ပေးဖို့တောင်းဆိုပေမယ့် ယနေ့တိုင် မြန်မာစစ်အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိသေး ပါဘူး။

မစ္စတာ နာဂါအိရဲ့ မိခင်က “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

“ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။ ။


No comments: