Friday, October 15, 2010

ဆိုင်ကယ် တိုက်၍ နစက နယ်မြေမှူး ၂ ဦး ဆေးရုံတင်ရ

နိရဉ္စရာ

မောင်တောမြို့တွင် နစက နယ်မြေမှူး နှစ်ဦးစီးလာသော ဆိုင်ကယ်နှင့် အရပ်သား လူငယ် တစ်ဦးစီးလာသော ဆိုင်ကယ်တို့ တိုက်မိ၍ နစက နယ်မြေမှူး နှစ်ဦးမှာ ဒဏ်ရာ ရရှိသွားသဖြင့် ဆေးရုံ တင်လိုက်ရသည်ဟု မောင်တောက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

ဆိုင်ကယ် တိုက်၍ ဆေးရုံတင်လိုက်ရသော နစက နယ်မြေမှူးများမှာ အမှတ် (၇) နယ်မြေ နယ်မြေမှူး ဗိုလ်မှူး သူရိန်ဇော်နှင့် အမှတ် (၆) နယ်မြေ နယ်မြေမှူး ဗိုလ်မှူး ကျော်အောင် တို့ ဖြစ်ကြသည်။

ဒေသခံ တစ်ဦးက “ ဆိုင်ကယ်ကို မောင်းနှင်လာတဲ့ ဗိုလ်မှူး သူရိန်ဇော်မှာ ဦးခေါင်းကွဲသွားတဲ့ အတွက် လေးချက် ချုပ်ရတယ်။ နောက်က ထိုင်လိုက်လာတဲ့ ဗိုလ်မှူး ကျော်အောင် မှာလည်း လက်တွေမှာ ပွန်းပဲ့ သွားခဲ့ပါတယ်။ အခုအချိန်ထိ သူရိန်ဇော်ကို အရေးပေါ် လူနာ အဖြစ် ဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်” ဟု ပြောသည်။

နစက နယ်မြေမှူးများမှာ ကျီးကန်းပြင် နစကဌာနချုပ်မှ ဆိုင်ကယ်ဖြင့် လာရာတွင် သုံးမိုင် ဘုန်းကြီးကျောင်း အလွန် သုံးမိုင် စိုက်ပျိုးရေး ရုံးရှေ့တွင် မောင်တောဘက်မှ မူဆလင် လူငယ် တစ်ဦး မောင်းနှင် လာသည့် ဆိုင်ကယ်နှင့် ယနေ့ နေ့လည် ၃ နာရီ ၄၅ အချိန် တွင် မျက်နာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

မျက်မြင်များ၏ အပြောအရ နစက တပ်မှူးနှစ်ဦး မောင်းနှင်လာသည့် ဆိုက်ကယ်မှ အရှိန်ဖြင့် မူဆလင် လူငယ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ၀င်တိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဆိုင်ကယ် မောင်းနှင်လာသူ မူဆလင် လူငယ်အား သူစီးလာသော အိန္ဒိယလုပ် ဆိုင်ကယ်နှင့် အတူ နစကမှ ဖမ်းဆီးထားသည်ဟု သိရသည်။ မူဆလင် လူငယ် လွတ်မြှောက်ရေး အတွက် မိဘများ အနေဖြင့် သိန်းရာချီပြီး ကုန်ကျနိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

No comments: