ပေါက်ပေါက် / ၁၄ အောက်တိုဘာ ၂၀၁၀
လာမည့်နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲကာလအတွင်း တပ်တွင်း အုပ်ချုပ်မှုလျော့နည်းသည့် ပြဿနာများ မဖြစ်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား တပ်မိသားစုဝင်များက မဲထည့်သွားရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) များက ၎င်းတို့ သက်ဆိုင်ရာ စစ်တိုင်းများအလိုက် တာဝန်ယူလုပ်ဆောင်နေသည်။
မကြာသေးမီလပိုင်းက ပဲခူးနှင့်ရန်ကုန်ရှိ တပ်မအချို့တွင် ဖြစ်ပွားခဲ့သည့် တပ်သားများ၏ အပ်နှံထားသည့်စုငွေများ ပြန်လည်ရရှိရေး အာဏာဖီဆန်တောင်းဆိုမှု ကိစ္စမျိုးအပါအ၀င် အုပ်ချုပ်ရေးလျော့နည်းမှုကြောင့် ပြဿနာများမဖြစ်ရန် ကစထ (၁) မှူး ဗိုလ်ချုပ် မြင့်စိုး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်လှည့်ကွင်းဆင်းခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူ ဗန်းမော်ဒေသခံ စစ်မှုထမ်းဟောင်းတဦးက ပြောသည်။
၎င်းက “ကစထမှူးက မြစ်ကြီးနားကနေ ဗန်မော်ရောက်လာတာ၊ တပ်မှာ (၉) ရက်နေ့မှာ လာအိပ်သွားတယ်။ လွယ်ဂျယ်တို့၊ ဧရာဝတီ စင်းခန်းတံတားတို့ သွားကြည့်တယ်။ နောက်နေ့ တပ်မိသားစုတွေနဲ့တွေ့တာ။ သူပြောတာကတော့ တပ်ထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့၊ ခွင့်မဲ့တို့၊ ပစ်တာခတ်တာ စတဲ့ အုပ်ချုပ်မှု လျော့နည်းတဲ့ ဖြစ်စဉ်တွေ မဖြစ်ဖို့၊ ထူးခြားတာက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ဖို့ ပြောသွားတယ်။ နောင်တက်လာမယ့် အစိုးရဟာလည်း ပြည်ခိုင်ဖြိုးပဲ ဖြစ်ရမယ်ပေါ့” ဟု ပြောသည်။
ကစထ (၁) မှူး ဗိုလ်ချုပ် မြင့်စိုးသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း တပ်ရာထူးအပြောင်းအလဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တို့ကို ကိုင်တွယ်ရသည့် ကစထမှူးအဖြစ် ရာထူးတက်လာသူဖြစ်ပြီး ယခင်က နမခ တိုင်းမှူးဖြစ်ခဲ့သည်။
ကစထမှူးနှင့် တိုင်းမှူးများပြောင်းတိုင်း ယခုကဲ့သို့ နယ်လှည့် တပ်စစ်ဆေးသည့် အလေ့အထရှိသော်လည်း ယခုကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက မဲရရေးကိုသာ တပ်ထုအတွင်း လုပ်ဆောင်နေပုံရကြောင်း အဆိုပါ စစ်မှုထမ်းဟောင်းက ပြောသည်။
၎င်းက “အခုက ပြည်ခိုင်ဖြိုးကို မဲထည့်ရမယ်ဆိုပြီး အခုလို တပ်မိသားစုကို တိုက်ရိုက်လာပြောတာ။ အစောကတည်းကလည်း အဲလို မဲထည့်ဖို့၊ တပ်မှူးတွေက ကြီးကြပ်ဖို့ အော်ဒါထွက်ထားတယ်လို့ ကြားရတယ်။ ပြီးတော့ အခုက တပ်ထဲ ချေးငွေ ချေးနိုင်အောင် စီစဉ်ပေးနေတယ်၊ ငွေချေးလို့ရတယ်၊ အောက်ခြေတပ်ကို ပြန်ကြည့်ပေးလာတာက ထူးခြားတယ်။ တပ်ကလူတွေ ငတ်ပြတ်နေတာတော့ မှန်တယ်။ တပ်မတွေလို စုကြေးငွေတောင်းတဲ့အဆင့်မျိုးတော့ ဒီဘက် ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မှောင်ခိုလုပ်စားတာ၊ ထော်လာဂျီသမား၊ ဆိုင်ကယ်သမားတွေဆီက ငွေတောင်းတာ အဲလို လုပ်ခွင့်ရနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံးရှိ စစ်တိုင်းများကို ကွပ်ကဲရန် ကစထမှူး (၆) ဦး ခန့်အပ်ထားပြီး သြဂုတ်လကုန်ပိုင်းက (၆) ဦးစလုံး အသစ်ခန့်အပ်ခဲ့ရာ ဗိုလ်ချုပ်မြင့်စိုး ကစထ (၁) မှူး၊ ဗိုလ်ချုပ် အောင်သန်းထွဋ် ကစထ (၂) မှူး၊ ဗိုလ်ချုပ် လှမင်း ကစထ (၃) မှူး၊ ဗိုလ်ချုပ် သက်နိုင်ဝင်း ကစထ (၄) မှူး၊ ဗိုလ်ချုပ် တင်ငွေ ကစထ (၅) မှူးနှင့် ဗိုလ်ချုပ် စိုးဝင်း ကစထ (၆) မှူး ဖြစ်လာသည်။
ကြံ့ဖွံ့ပါတီအား လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်က ဥက္ကဋ္ဌတာဝန်ယူထားပြီး နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် ဝင်ရောက်အရွေးခံရန် ရှိနေသကဲ့သို့ စစ်တပ်မှ နုတ်ထွက်ထားသူ အတော်များများ ကြံ့ဖွံ့ပါတီမှ ဝင်ရောက်အရွေးခံရန်ရှိသည်။
No comments:
Post a Comment