Thursday, October 14, 2010

ဥက္ကဌဦးဌေးမြင့်နာမည်တပ်၍ ယုဇနကုမ္ပဏီအားတရားစွဲဆိုခြင်း အပယ်ခံရ

KNG

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းက လယ်ယာမြေများအဓမ္မသိမ်းယူမှုနဲ့ပတ်သက်ပြီး လယ်သမားများက ယုဇနကုမ္ပဏီပေါ်တရားစွဲဆိုထားသည့်အမှုတွင် ဥက္ကဌ ဦးဌေးမြင့်နာမည်တပ်စွဲဆိုခြင်းပယ်ဖျက်ကြောင်း ပြည်နယ်တရားရုံးက ယနေ့ ကြားဖြတ်အမိန့်ချခဲ့သည်။

နစ်နာကြေးရရန် လယ်သမား ၁၇ ဦးမှ ဦးဌေးမြင့်အားတရားစွဲထားခြင်းကို ၎င်းကိုယ်စား အစ်ကိုဖြစ်သူ ဦးပုကြည်သို့လွှဲပြောင်းရန် တုန့်ပြန်လျှောက်ထားချက်ပေါ် တရားသူကြီးက သဘောတူ ဆုံးဖြတ်ပေးခြင်းဖြစ်သည်ဟု လယ်သမားများအားကူညီပေးနေသူ ဒေါ်ဘောက်ဂျာပြောသည်။

ယုဇန ကုမ္ပဏီဥက္ကဋ္ဌဆိုတာကို ဖယ်ပြီးတော့ တာဝန်ခံဒါရိုက်တာနဲ့ပဲဆက်ပြီး အမှုဆက်စွဲမယ်ဆိုပြီး တရားသူကြီးက အဲလိုပဲ အမိန့်ချပေးတယ်လေ။ တကယ်တော့ အမှန်တရားဆိုရင်တော့ ယုဇန ကုမ္ပဏီ ကိုဖြုတ်ဖို့မဟုတ်ဘူးလေ။ ကျမတို့စွဲတာက ယုဇန ကုမ္ပဏီ ကိုစွဲတာဆိုတော့ တရားသူကြီးက မှန်ကန်တယ် သူက မှန်မှန်ကန်ကန်ချတယ်ဆိုရင်တော့ ဒါက မပယ်ဖျက်ရဘူးပေါ့နော်။”

ဒါ အမှန်အတိုင်းပဲ ယုဇနကုမ္ပဏီ အတိုင်းကိုစွဲရမယ်ဆိုပြီးမှပဲချရမှာလေ။ သူကဟိုဘက်ကနေ စားထားပြီးသား ဟိုဘက်ကရပ်တည်ပေးတယ်။ ယုဇနဘက်ကရပ်တည်တယ်ဆိုရင်တော့ သူကပြောင်းပြန်အမိန့်ချဖို့ပဲရှိတာပေါ့။ ဒီနှစ်ခုပဲရှိတာကိုး ဒီနေ့အမိန့်က” ဟုပြောသည်။

မည်သို့ပင်ဖြစ်စေ လယ်သမားများအတွက် နစ်နာကြေးများရရန်ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး မအောင်မြင်ဘူးဆိုရင် အထက်ကိုဆက်တက်သွားမှာဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အမတ်လောင်းလည်းဖြစ်တဲ့ ဒေါ်ဘောက်ဂျာကဆက်ပြောသည်။

သူမကပဲ “ဒီလိုမှတရားမစွဲဘူးဆိုရင်လည်း ကျမတို့လယ်ယာမြေပြန်ရဖို့ဆိုတာမရှိတော့ဘူးလေ။ အဲဒါကြောင့် ကြိုးစားပြီးမှ ဘယ်လိုပဲဖြစ်ဖြစ် ချေးငှားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဟိုချေးဒီချေး တတ်နိုင် သလောက်ဝိုင်းကူပြီးတော့ အဲလိုနဲ့ ကျမတို့တရားစွဲထားတယ်။ တချို့ဆိုရင် စားစရာတောင်မရှိဘူး။ ဒါမယ့် ဖြစ်တဲ့နည်းနဲ့ တစ်ယောက်နဲ့တစ်ယောက်ဝိုင်းကူပြီးတော့ လုပ်နေရတာပဲ။”

စစ်အစိုးရနှင့်အကျိုးတူလုပ်ကိုင်နေသူ ယုဇနကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်သည် လာမည့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၊ မြိတ်မြို့မှ စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီအမတ်လောင်းအနေဖြစ် ဥပဒေနှင့် တစုံတရာငြိစွန်းမှုမဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လေ့လာသိရသည်။

တရုတ်လူမျိုးတစ်ဦးဖြစ်သူ ဦးဌေးမြင့်သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးနဲမှ ဖြစ်သည်။

တဖက်မှာလည်း ခုလိုတရားဆိုင်ထားတဲ့ ဟူးကောင်းဒေသခံတွေကို ယုဇနကုမ္ပဏီဝန်ထမ်းများနှင့် စစ်အာဏာပိုင်များက အမှုမဖွင့်ရန် ငွေပေးပြီးသိမ်းသွင်းမှုတွေလုပ်နေသလို ရပ်တန့်အောင် ခြိမ်းခြောက်မှုတွေလည်းပြုလုပ်နေကြောင်း ဒေသခံများပြောပါသည်။

လယ်ယာ၊ ဥယျာဉ်ခြံမြေများ အသိမ်းခံရမှုကြောင့် စားဝတ်နေရေးပြဿနာကြုံတွေ့ရသည့် ဒေသခံ နောက်ထပ် ၅၀ သည် မိမိလက်လွှတ်ဆုံးရှုံးခဲ့ရသောမြေယာများအတွက် ယုဇနကုမ္ပဏီမှ နစ်နာကြေးရရှိရန် တရားရုံးသို့ အမှုတင်ထားသည်ဟု လယ်သမားအကျိုးဆောင် မန္တလေးဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်မှ ပြောသည်။

ယုဇနကုမ္ပဏီ၏မြေသိမ်းမှုနှင့်ပတ်သက်ပြီး အခြားသီးသန့် ဒေသခံ ၂၀ ဦးစုပေါင်းတင်သည့်အမှုကိုလည်း အောက်တိုဘာ ၁၅ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ကြားနာဆုံးဖြတ်ပေးရန်ရှိကြောင်း သိရသည်။

ယုဇနကုမ္ပဏီသည် ၂၀၀၆ခုနှစ်မှ ဟူးကောင်းချိုင့်ဝှမ်းသို့ ၀င်ရောက်ပြီး ကြံနှင့် ဇီဝလောင်စာဆီအတွက် ပီလောပီနံစိုက်ပျိုးရန် လက်ရှိ မြေဧက ၃ သိန်းကျော် သိမ်းပိုက်ထားရာ ယင်းတွင် ဧက ၂ သိန်းကျော်မှာ ကျားထိန်းသိမ်းရေးနယ်မြေအထဲပါဝင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)၏ ပြီးခဲ့တဲ့ သြဂုတ်လထုတ်အစီရင်ခံစာ “Tyrants, Tycoons and Tigers” တွင်ဖော်ပြထားသည်။

ဌာနေဒေသခံများ၏ နေအိမ်ခြံဝင်း၊ ကျေးရွာများ၊ ဥယျာဉ်ခြံနှင့် လယ်ယာမြေများ ဧကထောင်ပေါင်းများစွာကို ယုဇနကုမ္ပဏီက မတရားဈေးနှိမ်ဝယ်ယူမှုနဲ့ အဓမ္မသိမ်းယူမှုတွေကို ယခုချိန်ထိလုပ်နေကြောင်း KDNG အစီရင်ခံစာကဖော်ပြသည်။

No comments: