Monday, August 3, 2009

မြန်မာနိုင်ငံတွင် ၅ နှစ်အတွင်း နျူးကလီယားလက်နက် ထုတ်လုပ်နိုင်မည့် အနူမြူ ဓါတ်ပေါင်းဖို တည်ဆောက်နေ

Narinjara News

မြောက် ကိုးရီးယား အကူအညီဖြင့် (၅) နှစ်အတွင်း နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်မည့် အနူမြူ ဓါတ်ပေါင်းဖိုတခုနဲ့ ပလူတိုနီယံ သတ္တု သန့်စင်ရေး စက်ရုံ တရုံကို မြန်မာနိုင်ငံတွင် တည်ဆောက် နေသည်ဟု သြစတြေးလျမှ The Sydney Morning Herald သတင်းစာကြီးက ထုတ်ဖေါ် ရေးသားသည်။

အဆိုပါ နျူးကလီးယား ဓါတ်ပေါင်းဖိုနှင့် သတ္တု သန့်စင်ရေး စက်ရုံကို မြန်မာနိုင်ငံ မြောက်ပိုင်း နောင်လိုင် ဒေသတွင် တည်ဆောက် နေ သည်ဟု မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသူများကို ကိုးကားပြီး အဆိုပါ သတင်းစာတွင် စနေနေ့က ရေးသားဖေါ်ပြသည်။


မြန်မာ့ နအဖ စစ်တပ်မှ ဘက်ပြောင်းလာပြီး နာမည်ဝှက်ကို အသုံပြုနေသူ မိုးဂျိုးနှင့် တင်မင်းဆိုသူတို့မှ သြစတြေးလျနိုင်ငံမှ မြန်မာ့အရေး ကျွမ်းကျင်သူများကို မြန်မာ့ နျူးကလီးယားအစီအစဉ်အား ထုတ်ဖေါ်ပြောကြားပြီးနောက် အဆိုပါသတင်းကို The Sydney Morning Herald သတင်းစာ က ရေးသား ဖေါ်ပြခြင်း ဖြစ်သည်။

ယခုကဲ့သို့ အနူမြူ ဓါတ်ပေါင်းဖို တည်ဆောက်သည့်ကိစ္စကို မြန်မာ့နအဖ စစ်အစိုးရမှ လျို့ဝှက်စွာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ နျူးကလီးယားလက်နက်ထုတ်လုပ် ရန် စီစဉ်နေခြင်းမှာ ဖြစ်နိုင်ခြေရှိသည်ဟု နအဖစစ်အစိုးရနှင့် မြောက်ကိုးရီးယားအစိုး ရတို့၏ရင်းနှီးစွာ ဆက်ဆံနေမူများကို ကြည့်ပြီး လေ့လာ သုံးသပ်သူများက ပြောဆို သည်။

လွန်ခဲ့သောလက မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာသော လက်နက်များ တင် ဆောင်လာသည်ဟု သံသယဖြစ်ခံရသော မြောက်ကိုးရီးယား သင်္ဘော တစင်းကြောင့် မြန်မာ့ နျူးကလီးယားထုတ်လုပ်ရေး အစီအစဉ်မှာ ပိုမိုဖြစ်နိုင်ဖွယ်ရှိသည်ဟု လေ့လာ သုံးသပ်သူများက ယုံကြည် လက်ခံထားကြသည်။

အဆိုပါ မြောက်ကိုးရီးယား သင်္ဘောမှာလည်း သွေးရိုးသားရိုး မဟုတ်သဖြင့် အမေရိကန်ရေတပ်မှ အနီးကပ်လိုက်လံ စောင့်ကြည့်မူများကြောင့် နောက်ပိုင်းတွင် မြောက်ကိုးရီးယားနိုင်ငံသို့ ပြန်လည်လှည့်ပြန်သွားခဲ့သည်။

ယခု တည်ဆောက်နေသော ဓါတ်ပေါင်းဖို ပြီးစီးပါက ၂၀၁၄ ခုနှစ်မှစပြီး တနှစ်ကို အနူမြူဗုံးတလုံးစီ မြန်မာ အနေဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု ထွက်ပြေးလာသူ နှစ်ဦးက ပြောဆိုကြောင်း သတင်းစာက ဖေါ်ပြသည်။

၎င်းအပြင် နအဖ စစ်အစိုးရ အနေဖြင့် စစ်ကျောင်းသား ၁၀၀၀ နီးပါးကို အနူမြူ ဓါတ်ပေါင်းဖိုများတွင် အလုပ် လုပ်ကိုင်နိုင်ရန်အတွက် သင်တန်း ပေးထားပြီး အဆိုပါ သင်တန်းကို တက်ရောက်ခဲ့ရာတွင် ယခု ဘက်ပြောင်း ထွက်ပြေးလာသူ နှစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

မြန်မာ့ နအဖ စစ်အစိုးရ အနေဖြင့် ရုရှား အကူအညီဖြင့် အဆိုပါ ဓါတ်ပေါင်းဖို အနီးတွင် အရပ်သုံး အနူမြူ ဓါတ်ပေါင်းဖိုတခုကိုလည်း တည်ဆောက် နေသည်ဟု မြန်မာနိုင်ငံက ထွက်ပေါ်လာသော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ယူရေနီယမ်ထွက်ရှိသည့်အပြင် ဂတ်စ်ရောင်းချပြီး နိုင်ငံခြားငွေများ ရရှိနေရာ မြောက်ကိုးရီးယားမှ လိုအပ်နေသော ယူရေနီယမ်နှင့် နိုင်ငံခြားငွေကို မြန်မာ စစ်အစိုးရထံမှရရှိနိုင်သဖြင့် နျူးကလီးယားထုတ်လုပ်နိုင်အောင် မြောက်ကိုးရီးယားက ကူညီိပေးနေခြင်းဖြစ်သည်ဟု သုံးသပ်သူများကပြောသည်။

မြန်မာနိုင်ငံမှာ အနူမြူ မပျံ့ပွားရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ် သဖြင့် IAEA နိုင်ငံတကာ အနူမြုအေဂျင်စီမသိဘဲ ယခုကဲ့သို့ နျူးကလီးယား ထုတ် လုပ်ရန်စီစဉ်နေသဖြင့် IAEA နှင့်သာမက အိမ်နီးချင်းနိုင်ငံများအပါအ၀င် အာစီယံနိုင် ငံများနှင့်ပါ နျူးကလီးယားကြောင့် ပြဿနာတက်လာနိုင်ရန် အလားအလာများရှိနေ သည်ဟု သုံးသပ်သူများက ပြောဆိုသည်။

No comments: