မဇ္ဈိမသတင်းဌာန
ရုပ်ပြတရားခွင်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဟန်လုပ်နေရသော်လည်း အကြောင်းပြချက် ခိုင်လုံစွာ မပေးနိုင်ဘဲ မကြာခဏ ရွှေ့ဆိုင်းနေရသည်မှာ အာဏာအသာစီးရနေသော စစ်အစိုးရအတွက်လည်း အကျပ်အတည်းတခု ဖြစ်နေ ကြောင်း ပေါ်လွင်လှသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကာလအတွင်း စည်းကမ်းချိုးဖောက်မှုဖြင့် ရဲက တရားလိုပြုလုပ်သော တရားခွင်က စီရင်ချက်ချမည်ဟု ကြေညာခဲ့သော်လည်း နေပြည်တော်၏ အမိန့်ဖြင့် သြဂုတ်လ ၁၁ ရက်နေ့သို့ ရက်ချိန်းပေးလိုက်ပြန်သည်။
အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ယခင်ကလည်း ၄ ကြိမ်တိုင်တိုင် ရက်ရွှေ့မှုများ ပြုလုပ်ခဲ့သည်။ တရားသူကြီးများပင် မည်သည့်အကြောင်းကြောင့် ရွှေ့ရသည်ကို နားလည်ကြဟန် မတူပါ။
တရားခွင်ကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြားဝင်လာခဲ့သလို ကမ္ဘာတဝှမ်း အုန်းအုန်းကြွက်ကြွက် တောင်းဆိုမှုများ ဖြစ်ခဲ့သည်။ နိုင်ငံတကာဖိအား၏ ထိရောက်မှုနှင့် ပတ်သက်၍ ဆန်းစစ်မှုများ ရှိနေသော်လည်း နိုင်ငံတကာနှင့် အဆတ်ပြတ်၊ အထီးကျန်ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသော အတ္တ၊ မာန်မာန ထောင်လွှားလှသည့် စစ်ခေါင်းဆောင်များအတွက်ကတော့ ဆတ်ဆတ်ခါနာလှသော ဝင်ရောက်စွက်ဖက်မှု ဖြစ်သည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် လည်ပတ်ရန် စီစဉ်ထားသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံရေးအခြေအနေကြောင့် သီတင်းပတ် နှစ်ပတ် သို့မဟုတ် သုံးပတ် ရွှေ့ဆိုင်းပါရန် ဘန်ကောက်ရှိ မြန်မာသံအမတ်ကြီးကတဆင့် မေတ္တာရပ်ခံခဲ့ခြင်းကလည်း တိုက်ဆိုင်မှုတော့ မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချအပြစ်ပေးလျှင် သူမကို ထောက်ခံသူ တက်ကြွလှုပ်ရှား အမာခံများက ငြိမ်ခံနေမည် မဟုတ်ကြောင်း နအဖ လည်း ရိပ်စားမိမည်ဖြစ်သည်။ ဖမ်းဆီးရန် ဝန်မလေးသလို၊ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ဦးရေ ၂၁ဝဝ ကျော် ရှိနေပြီးသားကပင် ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းနေပါသည်ဆိုသော လမ်းပြမြေပုံကို သရော်လွန်းလှနေသည်။
အရေးထဲအရာပေါ်ဆိုသလို သံကန့်လန့်ကာဖြင့် အမှောင်ချသော သံသယလွန် စစ်အုပ်စုအဖို့ ´လျှို့ဝှက်´ ဆိုသော အစီရင်ခံစာများ အင်တာနက်တွင် ပလူပျံနေခြင်းကား အတွင်းစည်းလုံခြုံရေးကို စိုးရိမ်စရာ ဖြစ်လာနေသည်။ နျူကလီးယားဖြင့် နိုင်ငံတကာကို အာခံနေသည့် လက်နက်နိုင်ငံတော် ကွန်မြူနစ် မြောက်ကိုရီးယားသို့ နအဖ နံပါတ် ၃ ခေါင်းဆောင် လျှို့ဝှက်ခရီးစဉ် အစီရင်ခံစာမှသည် ရုရှား၊ တရုတ်၊ အိန္ဒိယ အစရှိသည့် အစိုးရခေါင်းဆောင်ချင်း အစည်းအဝေးမှတ်တမ်းများ ပေါက်ကြားခဲ့မှု ဖြစ်သည်။
မြန်လှသည့် လက်တုံ့ပြန်မှုကမူ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများကို ပိတ်စိတ်တိုက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သလို ဆိုင်ဘာသူလျှိုခြေရာခံခြင်း၊ တန်ပြန်ဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။
တဖက်တွင်လည်း အပစ်အခတ်ရပ်စဲရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းအဖွဲ့များကို လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် နယ်ခြားစောင့်တပ်အဖြစ် တပ်မတော်၏ ထိန်းချုပ်မှုအောက်သို့ ပို့ဆောင်ရေးမှာ နိုင်ငံရေးအာမခံချက် ဆိတ်သုဉ်းခြင်းနှင့် ယုံကြည်မှု မရခြင်းကြောင့် မအောင်မမြင် ဖြစ်နေရသည်။
ကမ္ဘာ့စီးပွားပျက်ကပ်နှင့် လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဓားမိုးအုပ်ချုပ်၍ ပြိုဆင်းလာခဲ့သော တိုင်းပြည်၏ စီးပွားရေးကလည်း သုညရာခိုင်နှုန်း တိုးတက်မှုသာ ရှိလိမ့်မည့်ကာလဟု စီးပွားရေးပညာရှင်များက တွက်ဆထားသော ကာလကလည်း ဖြစ်နေပြန်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကံကြမ္မာ အနိမ့်ဆုံးကာလသို့ ရောက်နေပြီဟု ထိပ်တန်း ဗိုလ်ချုပ်အများစုက တီးတိုးဆိုလာနေသည်။ ဗေဒင်ယတြာအယူသီးသော စစ်ဗိုလ်ချုပ်များအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် တကူးတက သွားရောက်၍ ထီးတင်ပြုပြင်ခဲ့သော ဓလမြို့နယ် ဓနုတ်စေတီတော်ကြီး ပြိုကျမှုသည် နိမိတ်ဆိုးဖြစ်သည်ဟု ပြောဆိုလာနေကြသည်။
စစ်အုပ်ချုပ်ရေးမှသည် စစ်တပ်ကြိုးဆွဲ အရပ်သားနှော အုပ်ချုပ်ရေးသို့ ကူးပြောင်းရမည့် မဟာအကြံအစည်မှာ နောက်ကျောမလုံ ဖြစ်လာနေရသည်။
အာဏာကို အလုံးစုံချုပ်ကိုင်ထားသော စိတ်ဓာတ်စစ်ဆင်ရေး ဝါသနာထုံသည်ဆိုသော သက်ကြားအို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများကို မည်သို့ကျော်လွှားမည်လဲဆိုတာကိုက စိတ်ဝင်စားစရာ ကောင်းလှတော့သည်။
No comments:
Post a Comment