Monday, August 3, 2009

သင်္ဘောပေါက်ကွဲမှုဖြစ်ပွား၊ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး(၁၁) ဦး အတွင်းလူနာအဖြစ် ကုသနေရ

NEJ / ၃ သြဂုတ် ၂၀၀၉

ယနေ့ နံနက် (၄) နာရီ ခန့်က ရန်ကုန် နှင့် ဧရာဝတီ တိုင်းသို့  ပြေးဆွဲ နေသော စိန်ရွှေမိုး တထပ် သင်္ဘော တွင် စက်သုံးဆီ ပေါက်ကွဲမှု တခုဖြစ်ပွားသောကြောင့် လူ (၃) ဦး ပွဲချင်းပြီး သေဆုံးကာ (၁၁) ဦးမှာ အတွင်းလူနာအဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရကြောင်း သိရသည်။

“ပေါက်ကွဲတာ ၀ုန်းကနဲပဲဗျ။ အပေါ်ကို မီးလုံးကြီး တက်သွားတယ်” ဟု အဆိုပါ ဧရာဝတီရေတပ်စခန်းဌာနက မျက်မြင် ရေတပ် သားများက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများအရ အဆိုပါသင်္ဘော ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ်တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“စိန်ရွှေမိုးသင်္ဘောက လူ (၂) ဦး သေတယ်။ အဲဒီမှာ အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဒဏ်ရာရသော လူ (၁၁) ဦးတွင်လည်း အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

စိန်ရွှေမိုးသင်္ဘော၏ ဒုတိယ ရေယာဉ်မှူးအသက် (၃၄) နှစ်အရွယ် ကိုဇော်လတ် (ခေါ်) ကိုအောင်သူရကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

“အဲဒီ ဒု-ရေယာဉ်မှူးလည်း အတွင်းလူနာအဖြစ် ဆေးရုံကြီးမှာ တင်ထားရတာပါ။ အဲဒီထဲမှာ အရမ်းစိုးရိမ်ရတဲ့ လူနာ (၃) ဦး လောက်ရှိတယ်။ အသက်ပြန်ရှင်ဖို့မလွယ်ဘူး” ဟု မျက်မြင်တွေ့ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

No comments: