Saturday, August 15, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)


(၆၇)

ဒေါ်အောင်ဆန်းစုကြည်တို့ ကြံခင်းသို့ ရောက်သည့်အချိန်၌ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍…ဖျော့၍။

စုတ်ချက်ကြမ်းကြမ်းနှင့် အလင်းနှင့်အမှောင်အား တို့ထားသည့် မပြီးသေးသည့် ပန်းချီကား တချပ်ပမာ….။

မြန်အောင်သို့ ရောက်ကတည်းက ညနေစာ စားချိန် တိုင်ခဲ့ပြီ။ မြန်အောင်ရှိ အဖွဲ့ဝင်များက မြန်အောင်တွင်ပင်၊ ညစာ ထမင်းစားရန်၊ … အိပ်ရန် ဝိုင်း၍ပြောကြ၏။ တားကြ၏။ သူတို့မြို့၌ ဒေါ်အောင်ဆန်းစုကြည်အား တညတာ အိပ်စက်နားနေလိုကြသည်။ အစီအစဉ်များက ရှိသေးသဖြင့် … မြန်အောင်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ မအိပ်ဖြစ်….။ ညစာလည်း မစားဖြစ်ခဲ့….။ မြန်အောင်အဖွဲ့ချုပ်ရုံးတွင်ပင် …. အဖွဲ့ဝင်များနှင့် တွေ့သည်။ လူထုအား စကားပြောသည်။

“ဧရာဝတီတိုင်း စည်းရုံးရေးခရီးတလျှောက်မှာဆိုရင် အင်မတန်မှ ဆင်းရဲနေတဲ့ ကျေးလက်တောရွာ ပြည်သူလူထုကို ကျမ တွေ့ခဲ့ရပါတယ်။ တချို့တောင်သူလယ်သမားများဟာ စပါးစိုက်ပြီးတော့ ဆန်ကို ဝအောင်မစားနိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အဲ့ဒီတော့ ကျမတို့ အဖွဲ့ချုပ်ဝင်များဟာ ဒီလိုချို့တဲ့နေတဲ့ တောင်သူလယ်သမားများ၊ ကျေးလက်တောရွာ ပြည်သူလူထုများကို ကြည့်ရှုတယ်၊ ကာကွယ်ပေးတယ်၊ ကျွေးမွေးတယ်၊ ကူညီတယ်ဆိုတာ ကြားရလို့ရှိရင် ကျမ သိပ်ပြီးတော့ ဂုဏ်ယူတာပဲ။ ကျမတို့ကို ထမင်းဆယ်နပ် ကျွေးတာထက် ဒီလို တောင်သူလယ်သမားထဲက၊ ကျေးလက်တောရွာ ပြည်သူလူထုထဲက ချို့တဲ့နေတဲ့ သူတယောက်ကို ထမင်းတနပ် ဝအောင်ကျွေးလိုက်တယ်ဆိုရင်၊ ကျမ ပိုပြီးတော့ ကျေးဇူးတင်တယ်။ ပိုပြီးတော့ ဂုဏ်ယူတယ်။ ပိုပြီးတော့ ဝမ်းသာတယ်။ အဲ့ဒီတော့ ကျမတို့ မြန်အောင်မှာ ရပ်နားပြီးတော့ ထမင်းမစားနိုင်တာကို၊ ည မအိပ်နိုင်တာကို စိတ်ထဲမှာ ဘယ်လိုမှ မရှိပါနဲ့။ ကျမအစား ပြည်သူလူထုကြီးကို ပြုစုပါ။”

ကြံခင်းသို့ရောက်မှ ညစာထမင်း ဒေါ်အောင်ဆန်းစုကြည်တို့ စားကြ၏။ ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းပင် စား၏။ လူငယ်များကမူ စိတ်ပန်းလူပန်းသည့် ကြားမှပင် ခေါင်းမဖော်တမ်း စားနိုင်ကြ၏။ ဦးကြည်မောင်က အသက်အရွယ်ကြောင့် … အစားအသောက်အား ဆင်ဆင်ခြင်ခြင်နှင့် စား၏။

ဒေါ်အောင်ဆန်းစုကြည်တို့၏ မြစ်ဝကျွန်းပေါ်ခရီးက ကြံခင်းတွင်ပင် ဆုံး၏။ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း အာဏာပိုင်အဆင့်ဆင့်၏ နှောင့်ယှက်ဟန့်တားမှုအမျိုးမျိုးက တရားမဲ့စွာနှင့်….။ ထိပ်တိုက်ရင်ဆိုင်လာသည်တို့က အမြင့်ဆုံးအထိပင် ရင်ဆိုင်လာခဲ့ရသည်။ လှံစွပ်များအကြားမှ ဖြတ်လျှောက်ခဲ့ရသည့် လမ်းများကလည်း တကြိမ်မက …။ ယခုနောက်ဆုံးနေ့ နောက်ဆုံးခရီးဖြစ်သည့် ကြံခင်းတွင်လည်း တရားမဲ့ နှောင့်ယှက်မှုတခုခုတော့ လုပ်မှ (မ.ဝ.တ) ပီသလေသည်ဟု ကြံခင်း (မ.ဝ.တ) ဥက္ကဋ္ဌ ဗိုလ်မှူးဖုန်းမြင့်က စွဲထင်ထားလေသည်လားမသိ…။ ဒေါ်အောင်ဆန်းစုကြည်တို့အား နှောင့်ယှက်ရန် ကြံပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့ စည်းဝေးဆွေးနွေးသည့် ကြံခင်း NLD ရုံးအတွင်းသို့ ဓာတ်ပုံဆရာတဦးအား ကြံခင်း (မ.ဝ.တ) ဥက္ကဋ္ဌ ဗိုလ်မှူးဖုန်းမြင့်က လွှတ်ပြီး ဓာတ်ပုံရိုက်ခိုင်း၏။ ပြီးလျှင် …. ဓာတ်ပုံထဲပါသည့်သူများ အားလုံး ဖမ်းမည်ဟုလည်း ဆို၏။ ဒေါ်အောင်ဆန်းစုကြည်က ဓာတ်ပုံဆရာအား ရုံးအတွင်းသို့ အဝင်မခံ …. ဓာတ်ပုံရိုက်ခွင့်လည်း မပြုခဲ့….။ ထိုထိုသော … နှောင့်ယှက်မှု ကြီးကြီးသေးသေးများအား ရင်ဆိုင်ကျော်လွှားရင်းနှင့် မြစ်ဝကျွန်းပေါ် စည်းရုံးရေးခရီးက အဆုံးသတ်နိုင်ခဲ့၏။ ဆုံးရှုံးမှုများက ကြီးမားသည်ဟု ဆိုရမည်။ ဧရာဝတီတိုင်း တာဝန်ခံ ဗဟိုဦးစီးအဖွဲ့ဝင် ဒေါက်တာသက်မင်းအပါအဝင် အဖွဲ့ဝင် ၃ဝ ကျော် အဖမ်းခံခဲ့ရ၏။ မလွယ်….။ ဧရာဝတီတိုင်း ခရီးက မီးပင်လယ်အား ကူးဖြတ်ခဲ့ရသကဲ့သို့ပင် ….။ ခရီးစဉ်အတွင်း ကျေနပ်အားရဖွယ်ရာများက … လူထုသည် မကြောက်။ ရဲရဲဝံ့ဝံ့ပင် မတရားမှုများအား အံ့တုကြ၏။

ပြီးလျှင် … ဒေါ်အောင်ဆန်းစုကြည်အနေနှင့် …. ကျေးလတ်နေ လူထုဘဝအား နီးနီးကပ်ကပ်၊ ထဲထဲဝင်ဝင် တွေ့ထိသိရှိခွင့် ရခဲ့၏။ ကျေးလက်နေ တောင်သူဦးကြီးများ …. သူတို့အားလုံးက ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နှင့် ….။ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း တစ်လျှောက်လုံးစဉ်းစားမရသည်က … `ဘာလို့ ဒီလောက်တောင် ဆင်းရဲနေကြရတာလဲ´….။ ဘာကြောင့်နည်း….။ ဧရာဝတီတိုင်းသို့ မလာခဲ့မီက …. မွန်ပြည်နယ်နှင့် အထက်အညာဒေသများသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့ဖူး၏။ ထိုဒေသမှ လူထုသည် ဤမျှ ဆင်းရဲချို့တဲ့လွန်းသည်ကို မတွေ့ခဲ့၊ မမြင်ခဲ့ရ။ ယခုမူ …. မြစ်ဝကျွန်းပေါ် လူထုကျမှ ဤမျှအထိ ဆင်းရဲတွင်း နက်လွန်းနေကြရတာလဲ….။ စဉ်းစားမရ…။ အမှန်တွင် …. မြစ်ဝကျွန်းပေါ်သည် စိုက်ပျိုးမြေအကောင်းဆုံး….။ စပါးအထွက်နှုန်း အကောင်းဆုံး …. ဒေသ။ ဤမျှ စပါးအထွက်ကောင်းသည့် ဒေသမှ လယ်သမားလူထုသည် ဤမျှ ဆင်းရဲငတ်မွတ်နေရသည်မှာ ပဟေဠိဆန်လွန်းလှသည့် ပုစ္ဆာကဲ့သို့ …. ဖြစ်၍နေသည်။ လယ်သမားက စပါးစိုက်ပြီး ထမင်းကိုမျှ `ဝ´အောင် မစားနိုင်သည့်ဘဝ….။

ဤကိစ္စအား ဦးကြည်မောင်နှင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၍ အဖြေရှာကြ၏။ အဖြေကတော့ …. ရိုးရိုးနှင့် ရှင်းရှင်းပင်….။

(၆၈)

ရန်ကုန်သို့ ပြန်ရောက်သည်နှင့် ဧရာဝတီတိုင်း အခြေအနေများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်အား တက္ကသိုလ်ရိပ်သာလမ်း၌ ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်၏။ ထိုစဉ်က NLD ဌာနချုပ်သည် အနောက်ရွှေဂုံတိုင်လမ်းသို့ မပြောင်းရွှေ့ရသေး….။ တက္ကသိုလ်ရိပ်သာလမ်းတွင်ပင် ရှိသေး၏။ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှပင်စပြီး အဖွင့်မိတ်ဆက်စကားဆို၏။

``စည်းရုံးရေးခရီးစဉ်မှာ မြင်ခဲ့ရတာက ဧရာဝတီတိုင်းမှာတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေ မရှိဘူးလို့ ကျမ မြင်ခဲ့ရပါတယ်။ ဒီလိုမရှိတာကလည်း တိုင်းမှူးအနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို လွန်လွန်ကျူးကျူး တိုက်ဖျက်နေလို့ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ တပ်မတော်ဟာ `ကြား´ နေရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့က ပြောင်းပြန်ပဲ။ လုပ်နေတာက တပ်မတော်ဟာ ဒီမိုကရေစီ အင်အားစုတွေကို တိုက်ဖျက်ဖို့ သုံးစွဲနေတာ တွေ့ရပါတယ်။ ပြီးတော့ …. တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ ပဋိပက္ခဖြစ်အောင် စိတ်ဝမ်းကွဲအောင် လုပ်နေတဲ့ အသွင်ဆောင်နေပါတယ်´´

``ဒီလိုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ဧရာဝတီတိုင်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ပါဘူး။ ဧရာဝတီတိုင်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်စေချင်တယ်ဆိုရင် ဒီကိစ္စကို အရေးယူသင့်ပါတယ်ဆိုတာ ကျမတို့ `နဝတ´ကို တရားဝင်တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ ဧရာဝတီတိုင်းခရီးနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ထားတာ ရှိပါတယ်။ အများလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ထပ်ပြီးမေးချင်းတာရှိရင် သိချင်တာတွေရှိရင် မေးကြပါ။ ကျမ ဖြေဖို့ အဆင်သင့်ပါပဲ။´´

ဒေါ်အောင်ဆန်းစုကြည်မှ မိတ်ဆက် အဖွင့်စကားပြောပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ခန်းမငယ်အတွင်း၌ ခေတ္တတိတ်ဆိတ်၍ သွားသည်။ ပြီးလျှင် …. နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက်တဦးမှ စ၍ …. မေး၏။

“What is your assessment of the political climate at this point?”

ဒေါ်အောင်ဆန်းစုကြည်မှ ပထမဦးဆုံးသော မေးခွန်းအား ပထမဦးစွာ ပြန်၍ဖြေသည်။

``Political climate ဆိုတာ ဟိုဘက်ဒီဘက် ရှိတယ်။ Political climate ဆိုတာ ပြည်သူလူထုကြားထဲက climate လည်း ရှိတယ်။ အစိုးရဘက်က climate လည်း ရှိတယ်။ ပြည်သူလူထုကြားက climate ကတော့ သူတို့ဟာ ဒီမိုကရေစီကို အမြန်ဆုံး လိုချင်တာပဲ။ ပြည်သူလူထုဘက်က ကြည့်လိုက်မယ်ဆိုလို့ရှိရင်၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေဘက်က ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲများ အမြန်ဆုံး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်သင့်တယ်ဆိုတဲ့ စိတ်ရှိပါတယ်။ တဖက်က ရွေးကောက်ပွဲတွေ အမြန်ဆုံး ဖြတ်စေချင်တယ်။ နောက်တဖက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ အများကြီး ရှိပါတယ်။

ဒီသံသယတွေ ရှိတာကတော့ ဟိုဘက်ကနေပြီးတော့ တီထွင်လိုက်တဲ့ Political climate ခေါ်ရမှာပဲ။ အထူးသဖြင့် ဧရာဝတီတိုင်းမှာ တိုင်းမှူးကနေပြီးတော့ ဒီလောက်တောင်မှ ဒီမိုကရေစီအခွင့်အရေးတွေကို ဆန့်ကျင်ဘက် လုပ်နေလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးချင်တဲ့ ဆန္ဒရှိရဲ့လားဆိုတဲ့ သံသယတွေ အများကြီး တွေ့ရပါတယ်။ အဲဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် နိုင်ငံရေးအခြေအနေပေါ့လေ၊ နိုင်ငံရေးမိုးလေဝသကတော့ အုံ့မှိုင်းမှိုင်းပဲလို့ ဆိုရမှာပဲ။ ပြည်သူလူထုဘက်ကလည်း `နဝတ´ကို ယုံကြည်မှု မရှိဘူး´´

``အဖမ်းခံရတဲ့ လူတွေရဲ့ အခြေအနေရော ဘယ်လိုလဲ လွတ်ပြီလား…´´ ဟု သတင်းထောက်တယောက် ထ၍ မေးသည်။

``မလွတ်သေးပါဘူး၊ ၃၄ ယောက် ရှိသွားပြီ။ အခု နည်းနည်း ပိုများရင် များနေမယ်။ ကြံခင်းမှာ ထပ်ဖမ်းတယ်။ ကြံခင်းက အခြေအနေကတော့ အတော်ဆိုးတာပဲ။ ကိုယ့်ရဲ့ ရုံးထဲမှာတောင် လက်ခုပ်မတီးရဘူး ပြောထားတယ်။ လက်ခုပ်မတီးရဘူး ပြောထားတော့ ကျမတို့ စည်းရုံးရေးမှူးတွေက လက်ခုပ်မတီးရဲဘူး။ အဲဒီတော့ စဉ်းစားကြည့်တော့ပေါ့။ လက်ခုပ်တီးတာနဲ့ အဖမ်းခံရတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ဒီလောက်တောင်မှ ဒီမိုကရေစီ အခွင့်အရေးတွေကို တိုက်ဖျက်နေတာကို `နဝတ´ က လျစ်လျူရှု မထားသင့်ဘူးလို့ ကျမ ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမတို့ကို ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဘက်ကနေ ပြန်ပြောတာက ၂/၈၈ ဆိုပြီး ပြန်ပြောပါတယ်။ ၂/၈၈ အကြောင်းပြတဲ့အခါ ၂/၈၈ ရဲ့ အဓိကရည်ရွယ်ချက်နဲ့ အနှစ်သာရကို ကြည့်ရပါမယ်။ အခုဟာက They rule by the letter of the law. Spirit of the law ဆိုတာကို လုံးလုံး မကြည့်ဘူး။''

''တကယ်ဆိုရင် အရေးကြီးတာက Spirit of the law ၊ ၂/၈၈ ရဲ့ အဓိကရည်ရွယ်ချက်က ဆူပူသောင်းကျန်းမှု မဖြစ်ဖို့ ရုန်းရင်းဆန်ခတ် မဖြစ်ဖို့။ ခရီးတလျှောက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ဖွယ် အခြေအနေ ၃-၄ ခါ ဖြစ်ခဲ့တယ်။ အဲ့ဒီဟာတွေဟာဆိုရင် ငြိမ်ဝပ်ပိပြားမှုဘက်က စတဲ့ကိစ္စပဲ။ ဥပမာဆိုရင် ကျုံမငေးမှာဆိုရင် စောင့်နေတဲ့ တပ်သားတဦးက လူထုထဲကို ဝါးရင်းတုတ်နဲ့ထိအောင် ပစ်ပြီးတော့ ခြိမ်းခြောက်တယ်။ အဲ့ဒီဟာဆိုရင် ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်။ လပွတ္တာမှာဆိုရင်လည်း လူတစ်ယောက်ကို ဓာတ်တိုင်မှာ ချည်ပြီး ရိုက်တယ်လို့ ပြောတယ်။ အနောက်မှာပဲ နေရမယ်။ အရှေ့မသွားရဘူး ပြောတဲ့အခါမှာ လူတယောက်က အရှေ့နည်းနည်း ရောက်လာလို့တဲ့။ အဲ့ဒီလိုကိစ္စမျိုးတွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်။ ၂/၈၈ ရဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်မယ်ဆိုရင် ကျမတို့ ပြည်သူလူထုဘက်က ၂/၈၈ ရဲ့ ရည်ရွယ်ချက်ကို ချိုးဖောက်တယ်ဆိုတာ လုံးလုံး မရှိခဲ့ဘူး။´´

သတင်းစာရှင်းလင်းပွဲ ပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ထံသို့ ပေးပို့မည့် ဧရာဝတီတိုင်း ခရီးစဉ်တလျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား စာကြမ်း ရေး၏။

ပြီးလျှင် ….. အတွင်းရေးမှူးအဖွဲ့အတွင်း ပြင်ဆင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြ၍ အတည်ပြုချက် ရယူ၏။ စာတွင်က ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟူ၍ လိပ်မူထားပြီး မိတ္တူကိုမူ …. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးအား ပေး၏။ စာ၏ အောက်တွင် ….. အောင်ဆန်းစုကြည်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟူ၍ ဒေါ်အောင်ဆန်းစုကြည်မှ လက်မှတ်ထိုးထားသည်။

No comments: