Tuesday, August 18, 2009

ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေးကော်မရှင်က ဒေါ်စုကို ထောင်ချသဖြင့် နအဖ စစ်အစိုးရကို ရှုတ်ချ

Narinjara News

ဘင်္ဂလာဒေခ်ျ့အစိုးရအား နိုင်ငံတကာမှ ၀ိုင်းဝန်းပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်ရေး အတွက် နအဖ စစ်အစိုးရကို နိုင်ငံတကာ မိသားစုနှင့် အတူ ၀ိုင်းဝန်းဖိအား ပေးရန် တောင်းနေချိန်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒေါ်စုကို ၁၈ လ နေအိမ် အကျယ်ချုပ် ချမှတ်လိုက်သဖြင့် မြန်မာ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်သည်။

အဆိုပါ ရှုတ်ချက်မူကို သြဂတ်စ် ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။


Bangladesh Human Rights Commission (BHRC) မှ မြန်မာ့ နအဖ စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ နေအိမ် အကျယ်ချုပ်ဖြင့် ထောင် ၁၈ လ ချမှတ်ခြင်းကို လက်ခံနိုင်စရာ မရှိသဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖေါ်ပြသည်။

BHRC ဥက္ကဌ တရားသူကြီး အေကေအမ်း ဆီဒီကွီနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆိုင်ဖူး အိုင် ဒီလာက ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစီရင်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အဆိုပါ တရားဆုံးဖြတ်ချက်မှာ လူ့အခွင့်အရေးကို ဆန့်ကျင်ရာ ရောက်သည်ဟု ပြောကြားသည်။

၎င်းပြင် BHRC မှ မြန်မာ နအဖ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ချွင်းချက်မရှိ ပြန်လည် လွတ်ပေးရန် တောင်းဆိုလိုက်ပြီး နိုင်ငံတကာ ခေါင်းဆောင်များအားလည်း ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်နိုင်အောင် မြန်မာ စစ်အစိုးရကို ဖိအားပေးရန် မေတ္တာရပ်ခံလိုက်သည်။

ကုလ သမဂ္ဂမှ ချမှတ်ထားသော စည်းကမ်းများနှင့် အညီ မြန်မာနိင်ငံတွင် ဒီမိုကရေစီ ရရှိရန်မှာ အရေးကြီး သဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်လိုကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ ဗြိတိန် သံအမတ် Stephen Evans က ဘင်္ဂလာဒေခ်ျ့ အစိုးရအား ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်ရေး အတွက် နိုင်ငံတကာ မိသားစုနှင့် အတူ လက်တွဲပြီး တောင်းဆိုတိုက်ပွဲဝင်ရန် မေတ္တာရပ်ခံချက် ထွက်လာပြီး နောက်ပိုင်း ပထမဆုံး အနေဖြင့် ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးက ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်ရေးကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။


No comments: