မြန်မာ့ ဒီမို ကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက် ခဲ့သူ အဓိက တရားခံ မစ္စတာ ဂျွန်ဝီလီယံ ယက်တော အား စစ် အစိုးရက အပြစ်ဒဏ် လျှော့ပေါ့ကာ ပြည်နှင်ဒဏ် ပေး၍ နေရပ် ရင်းနိုင်ငံသို့ ထွက်ခွာ ခွင့်ပြု လိုက်သည်။ နိုင်ငံတွင်းသို့ အလည်ပတ်ရောက်ရှိနေသည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့်အတူ မစ္စတာ ယက်တော သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် စစ်အစိုးရ တရားရုံးမှ လူဝင်မှုကြီး ကြပ် ရေးဥပဒေ၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ခဲ့သည့် ဥပဒေများနှင့် အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။
ယခုလ (၁၅) ရက်နေ့က အာရှ ၅ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်အစိုးရခေါင်းဆောင်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ မစ္စတာ ယက်တောအား အမေရိကန်နိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ပြုလိုက်ခြင်းဖြစ်သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့က သက်ဆိုင်ရာဌာနများသို့ မေတ္တာရပ်ခံချက်အရ မစ္စတာ ယက်တော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးတို့အတွက် စာနာထောက်ထား၍လည်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက်ထားရှိခြင်းကြောင့်လည်းကောင်း မစ္စတာ ဂျွန်ယက်တောအား ချမှတ်ထားသော ပြစ်ဒဏ်များအနက် ထက်ဝက်ကို လျှော့ပေါ့ပြောင်းလဲကာ ကျန်ပြစ်ဒဏ်ကို ဆိုင်းငံ့ဖြင့် ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာသည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က ဘန်ကောက်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန်နှင့် လာမည့်နှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန်တို့ကို တောင်းဆိုခဲ့သည်ဟု ပြောဆိုသည်။
မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း သတင်းထောက်များနှင့် တွေ့ဆုံရာ စစ်အစိုး ရခေါင်း ဆောင် ပိုင်းနှင့် သူ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေး စဉ်းစားပေးရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။
No comments:
Post a Comment