
(၆၉)
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဗဟိုဦးစီးအဖွဲ့ဝင် ဦးကိုယုမှ ဗဟိုဦးစီးအဖွဲ့သို့ စာတမ်းတစောင် တင်သွင်း၏။
``လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်တင်ပြချက်´´ ဟူသည့် စာတမ်းဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးကိုယု၏ စာတမ်းအား ဆွေးနွေးအတည်ပြုခဲ့ခြင်း မရှိသော်လည်း (ဦး)ကိုယု စစ်တမ်းက အဖွဲ့ချုပ်အတွင်း ပျံ့နှံ့နေလေပြီ။ အဖွဲ့ချုပ်အတွင်း ကယက်ရိုက်ခတ်မှုများကား ရှိခဲ့၏။
တက်ကြွသည့်လူငယ်များက (ဦး)ကိုယုစစ်တမ်းအား သဘောကျကြ၏။ ထောက်ခံကြ၏။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကမူ အဖွဲ့ချုပ်အတွင်း လက်ဝဲသွေးဖီမှုအန္တရာယ်ကို သတိနှင့်ထိန်းပြီး လျှောက်နေကြရသည်။
စစ်တမ်းက….
နဝတ ၏ လက်တလော ဆောင်ရွက်နေမှုများအပေါ် လေ့လာအကဲဖြတ်ချက်အရ…. စစ်အစိုးရသည် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများနှင့် လူထု၏ တောင်းဆိုတိုက်ပွဲဝင်မှုများ မရှိပါက ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအား လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်၊ လိုက်လိုက်လျောလျော၊ မျှမျှတတ ကျင်းပပေးလိမ့်မည်မဟုတ်ဟု သုံးသပ်တင်ပြ၏။ ပြီးလျှင်….
ဤအတွက် အဖွဲ့ချုပ်မှ လူထုနှင့်အတူ လူထုအား ဦးဆောင်၍ နိုင်ငံရေး အသွင်သဏ္ဍာန်ဆောင်သည့် လှုပ်ရှားမှုများ ပြုလုပ်သွားရန်နှင့် ထိုလှုပ်ရှားမှုများအား မဟာမိတ်ပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လက်တွဲဆောင်ရွက်ရန် ဟူ၍ သေနင်္ဂဗျူဟာအား ဖော်၏။
နိုင်ငံရေးတောင်းဆိုမှုများအား တထစ်ပြီးတထစ် တက်ခါ တောင်းဆိုပြီး တိုက်ပွဲသဏ္ဍာန်အား တဆင့်ပြီးတဆင့် တိုးမြှင့်လှုပ်ရှားရန်၊ အသေးစိတ်နည်းနာများ…ကိုလည်း စစ်တမ်းတွင် ရေးသားဖော်ပြ၏။
(တစ်) အဖွဲ့ချုပ်၏ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်သော အဖွဲ့ချုပ် စည်းကော်မတီများ၊ အဖွဲ့ဝင်များဖြင့် တိုက်ပွဲဆင်ရန်
(နှစ်) မဟာမိတ်ပါတီများနှင့် ဟန်ချက်ညီညီတိုက်ပွဲဆင်ရန်
(သုံး) ရန်ကုန်မြို့လယ်ရှိ လူစည်းကားရာ အရပ်များ၌ နှစ်ယောက်တစုတွဲ၍ ပိုစတာများကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြရန်
(လေး) အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများ၏ အရှေ့တွင် ကြီးမားသည့် ပိုစတာများရေးဆွဲ၍ တောင်းဆိုချက်များအား တောင်းဆိုရန်
(ငါး) ဒီ…ဒေး၊ န…နာရီတို့အား မဟာမိတ်အင်အားစုများနှင့် ညှိနှိုင်းခါ တချိန်တည်း အင်အားစုစည်း၍ ဆန္ဒပြရန်
(ခြောက်) ဗုဒ္ဒဘာသာ၊ ခရစ်ယာန်၊ မဟာမေဒင်…စသည့် ဘာသာအလိုက် လူထုဆုတောင်းပွဲများ တပြိုင်တည်း ကျင်းပရန်
စသဖြင့် စာတမ်းတွင် အသေးစိတ် ရေးသားထား၏။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်မူ ဦးကိုယု၏ စာတမ်းအား မူအရ သဘောတူ၏။ သို့သော်…. လက်ဝဲသွေဖယ်မှု အန္တရာယ်ကိုလည်း စိုးရိမ်ပြန်၏။ ပြီးလျှင် ….. NLD အား စုစည်းဖွဲ့စည်းထားသည်ပင်လျှင် ….. တနှစ်မပြည့်သေး….။ NLD ၏ ဖွဲ့စည်းမှုက ကေဒါပါတီ ဖွဲ့စည်းမှုမျိုး မဟုတ်….။ ရှင်းရှင်းမြင်ရလျှင်…..`သပိတ်စခန်း´ စုဖွဲ့မှုထက် ပိုရုံမျှသာ ရှိသေး၏။ ဤအတွက်….. ဦးကိုယု၏ လမ်းစဉ်နှင့် တိုက်ပွဲဆင်ရန် အဖွဲ့ချုပ်သည် အဆင်သင့်ဖြစ်ပြီလား….။ စဉ်းစားစရာများက အပြည့်….။ ဒေါင့်စုံမှ ကြည့်ရမည်။ ပြည်နယ်နှင့် တိုင်းများသို့ စည်းရုံးရေးခရီး ထွက်နေခြင်းက NLD အတွက် အဖွဲ့ဝင်အင်အား တိုးများအောင် စုစည်းစည်းရုံးနေခြင်းမဟုတ်….။ အနယ်နယ်အရပ်ရပ်မှ လူထု၏ ဘဝအစစ်အမှန်နှင့် လူထု၏ဆန္ဒ…. အလေး၊ အပေါ့အား သိရှိရန် ခရီးစဉ်များဆွဲ၍ သွားနေခြင်းဖြစ်သည်ဟူ၍ ဒေါ်အောင်ဆန်းစုကြည်မှ ဆင်ခြင်မိ၏။ ဤအတွက်….. လတ်တလော လုပ်ငန်းစဉ်အဖြစ်…. စည်းရုံးရေးခရီးစဉ်များ ဆက်၍ထွက်ရန် ဆုံးဖြတ်ထားခဲ့၏။
(၇ဝ)
၄၂နှစ်မြောက် ပြည်ထောင်စုနေ့….။
ပြည်ထောင်စုနေ့က ….အဖွဲ့ချုပ်အား ဖွဲ့စည်းပြီးသည့်နောက် ပထမဦးစွာ ကျင်းပရမည့် ပြည်ထောင်စုနေ့ဖြစ်သည်။ နိုင်ငံရေး အဖွဲ့အစည်းတရပ်အနေနှင့် ပထမဆုံးကျင်းပပြုလုပ်ခွင့်ရမည့် ပြည်ထောင်စုနေ့ အခမ်းအနားသည် အနှစ်သာရ ရှိရမည်။ အဓိပ္ပာယ်ပြည့်ဝရမည်။ အဖွဲ့ချုပ်၏ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ မူဝါဒသဘောထားများ ပါရှိရမည်။
ပထမဦးစွာ နေရာအား စဉ်းစားကြ၏။ ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစာချုပ် ချုပ်ဆိုခဲ့ကြသည့် `ပင်လုံ´တွင်ပင် ကျင်းပရန် သဘောဆန္ဒရှိ၏။ အားလုံးမှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တဘောထားတည်းပင် ရှိကြ၏။
NLD မှ ပထမဦးစွာ ကျင်းပမည့် ၄၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ပင်လုံမြို့ရှိ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေရာတွင်ပင် ကျင်းပသွားရန် ဆုံးဖြတ်ကြ၏။ ပြီးလျှင် …..ပြည်ထောင်စုနေ့ အခမ်းအနားတွင် ထုတ်ပြန်ကြေညာမည့် NLD ၏ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထား ကြေညာစာတမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အတွင်း ဆွေးနွေးကြ၏။ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမြင်သဘောထားက အရေးကြီး၏။ ပြည်ထောင်စုအရေးက ပြည်တွင်းစစ်အား နှစ်ပေါင်း ၅ဝ ကြာအောင် လောင်စေခဲ့ပြီးပြီ။ နိုင်ငံရှိ ပြဿနာပေါင်းများစွာအနက် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ပြဿနာက နှစ်ပေါင်း ၅ဝ ကြာ သွေးမတိတ်သော ပြဿနာတရပ်အဖြစ် ရှိခဲ့၏။ ဤအတွက်…. ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အရေးအား ရှုမြင်ကိုင်တွယ်ရာတွင် ….အမြင်မှန်ရန် လို၏။ စေတနာပြည့်ဝဖို့ လို၏။ အစွဲကင်းရန် လိုသည်။ တရားမျှတစွာ ချဉ်းကပ်နိုင်ရန် လိုမည်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးအား ၃ ရက်ခန့် အစည်းအဝေး ဆက်တိုက်ထိုင်လိုက်ကြရသည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး၌ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမြင်အား ရိုးရိုးရှင်းရှင်းပင် ဆွေးနွေး၏။
``ဒီမိုကရေစီ စနစ်အောက်မှာ ပြည်ထောင်စုကြီးကို ပြည်လည်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်…. ဒီမိုကရေစီရရေးဟာ ပထမပါ။ ဒီတော့…. ဒီမိုကရေစီ ရရှိရေးအတွက် တိုင်းရင်းသား လူမျိုးစုအားလုံးဟာ လက်တွဲပြီး ဆောင်ရွက်ကြရမယ်။ ပြီးလို့ ….ဒီမိုကရေစီရတဲ့အခါကျလို့ရှိရင်`ပင်လုံ´ ကဲ့သို့သော ညီလာခံကြီးတခုခေါ်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ သဘောတူညီချက်အရ ပြည်ထောင်စုရဲ့ ပုံသဏ္ဍာန်အသစ်တခုကို ဖော်ဖို့ကြိုးစားရမယ်။ အဲဒီပုံသဏ္ဍာန်ပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေအသစ်တခုကို ရေးဆွဲသွားဖို့ လိုတယ်….´´
ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဖွဲ့ချုပ်၏ မူဝါဒသဘောထား မူကြမ်းအား အတည်ပြုချမှတ်ခဲ့၏။ ပြီးလျှင်…. အတွင်းရေးမှူးအဖွဲ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ချပေးသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ မူဝါဒများအား ကြေညာစာတမ်းတစောင်အဖြစ် ပြန်၍ရေးကြ၏။ စာကြမ်းမှသည် စာချောအဖြစ် ရောက်လာခဲ့သည်။ စာတမ်း၏ ခေါင်းစဉ်က ….
``အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒသဘောထား၊ ယေဘုယျလုပ်ငန်းစဉ်များကို ကြေညာခြင်းနှင့် …. ဒီမိုကရေစီပြည်ထောင်စုသစ် ကြေညာစာတမ်း´´ (သို့မဟုတ်) ``အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် ၉´´

(၇၁)
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်ခရီးစဉ်၏ အဓိကရည်ရွယ်ချက်က …. ၄၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ပင်လုံတွင် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ကျင်းပသွားရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်လွင် (ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား) ပါမည်။ ပြီးလျှင် …. သုံးရောင်ခြယ် လူငယ်များနှင့် အဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့မှ လူငယ်များလည်း လိုက်ပါကြမည်။ ခရီးစဉ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံသို့ အရောက်သွားကြမည်။ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုနေ့ အခမ်းအနားအား ပင်လုံရှိ ပင်လုံကျောက်တိုင်အရှေ့တွင် ၄၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ကျင်းပကြမည်။
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ နံနက်စောစောပင် ပင်လုံမြေသို့ ပြည်ထောင်စုသစ်ခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ စ၍ထွက်ကြသည်။ ပဲခူး၊ တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ ဘုရားသုံးဆူ …. ထိုမှ ယင်းမာပင်လမ်းခွဲ …. ယင်းမာပင်လမ်းခွဲမှ ကလောသို့ …..။
တနေကုန် တောက်လျှောက် ခရီးဆက်ခဲ့ကြ၏။ ကလောမြို့အဝင်က မှောင်ရီသန်း၍ နေချေပြီ။ မြူနှင်းမှုန်များအောက်၌ ကလောမြို့သည် အေးခဲ၍ ဆိတ်ငြိမ်နေ၏။ မြို့အဝင်နှောင်းသဖြင့်….. ကလောတွင် လူထုနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲပင် မပြုလုပ်နိုင်တော့….။ နောက်နေ့ ခရီးစဉ်များအတွက် ဒေသခံအဖွဲ့ချုပ် စည်းရုံးရေးမှူးများနှင့် ညှိနှိုင်းစီစဉ်ကြရသည်။
မနက်ဖြန်ခရီးစဉ်က…. တောင်ကြီးနှင့် လွိုင်လင်….။ တောင်ကြီးသို့ နံနက်စောစောပင် ရောက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ခရီးစဉ်အရ တောင်ကြီးတွင် ခေတ္တပင်နားမည်။ တောင်ကြီးလူထု၊ တောင်ကြီးရှိ အဖွဲ့ဝင်များနှင့် တွေ့ဆုံရေးက …. ပင်လုံအပြန်ခရီးတွင်မှ တွေ့ဆုံကြရန် စီစဉ်ထား၏။ ယခု ပင်လုံသို့ အသွားခရီးစဉ်တွင်က တောင်ကြီးသို့ ခေတ္တမျှဝင်၍….၊ ခရီးဆက်ကြ၏။
တောင်ကြီးနှင့် လွိုင်လင်ခရီးက မဝေး….။ နံနက် ၁ဝ နာရီခန့်မှာပင် လွိုင်လင်သို့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ရောက်ကြ၏။ လွိုင်လင် အဖွဲ့ချုပ်ရုံးတွင်ပင် လွိုင်လင်၊ ပင်လုံ၊ ဟိုပုံး၊ မိုင်းပွန်၊ တောင်ကြီးတို့မှ အဖွဲ့ချုပ် စည်းရုံးရေးမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့၏။ မနက်ဖြန်ပြုလုပ်မည့် ပြည်ထောင်စုနေ့ အစီအစဉ်အား ဆွေးနွေးကြ၏။ ရေးဆွဲကြ၏။ ပြီးလျှင် …. လွိုင်လင်အဖွဲ့ချုပ်ရုံး၌ပင် လွိုင်လင်မြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်မှ စကားအနည်းငယ်ပြော၏။
``အခု ကျမတို့ ရှမ်းပြည်နယ် စည်းရုံးရေးခရီးဟာ အင်မတန်မှ ထူးခြားပါတယ်။ မနက်ဖြန်ဟာ ပြည်ထောင်စုနေ့ ဖြစ်တာကြောင့် ပင်လုံကို မနက်ဖြန်အရောက်ဆိုပြီး ချီတက်ခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့ ပင်လုံကို ပြည်ထောင်စုနေ့မှာ ရောက်ချင်လဲဆိုတော့ ကျမတို့ရဲ့ ပြည်ထောင်စုစိတ်ထားများကို ပြန်လည်ရှင်သန်စေချင်လို့ပဲ´´
ဒေါ်အောင်ဆန်းစုကြည်တို့ ပင်လုံသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်တွင်ပင် ရောက်ကြ၏။ ခရီးက တို၍ မနေ့ကကဲ့သို့ ခရီးမပန်း…။ ပင်လုံတွင်ပင် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက တဦးဖြစ်သည့် (ဦး) ခွန်ထီး၏ နေအိမ်သို့ သွားရောက်ပြီး ပြည်ထောင်စုသစ် တည်ဆောက်ရေးဆိုင်ရာတို့အား ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၏။ မနက်ဖြန်တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက်ကိုမူ…. အဖွဲ့ချုပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးမှ အဖွဲ့ဝင်များနှင့် ပင်လုံရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များက ပြင်ဆင်၍နေကြ၏။ အခမ်းအနား ကျင်းပမည့်နေရာက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့ကြသည့် ပင်လုံကျောက်တိုင်အရှေ့ရှိ ပြည်ထောင်စုရင်ပြင်တွင် ဖြစ်သည်။
တညတာက…. အေးခဲစွာနှင့်ပင် ကုန်လွန်ခဲ့၏။
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်….။ အရုဏ်ဦးသည် နှင်းမှုန်များအကြားမှ ဖြာ၍ရောင်နီပျိုးခဲ့၏။ ပင်လုံ၏ ဆောင်းနံနက်ခင်းက အေးအေးခဲခဲ….။ မြူတို့က နှင်းတို့၏ အကာအရံနှင့် အရာရာအား ဝိုးတဝါးနှင့် ကာရံထားဆဲ….။ ညိုမောင်းသော သစ်ပင်အုပ်အုပ်တို့က နှင်းပက်ရည်ကြောင့် စိုစိုလွင်လွင်….။ ရိုးရာတိုင်းရင်းသား ဝတ်စုံအပြည့်နှင့် ရှမ်း၊ ပလောင်၊ ဓနုတိုင်းရင်းသူ၊ တိုင်းရင်းသားများ၏ မျက်ဝန်းများက နှင်းရည်နှင့်အပြိုင် ရွှန်းလဲ့၍ ကြည်လင်တောက်ပနေကြ၏။ အနာဂတ်သို့ ရည်မျှော်သော မျက်ဝန်းများ….။
ပြည်ထောင်စု ဓနုအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဂေါ်ရခါး စည်းရုံးရေးအဖွဲ့၊ ရှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်…. စသည့်တိုင်းရင်းသား နိုင်ငံရေးပါတီများက …. မိခင်အဖွဲ့အစည်းများအား ကိုယ်စားပြု၍ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ကြ၏။ နမ့်ဆမ်၊ မောက်မယ်၊ ဟိုပုံးနှင့် မိုးနဲမြို့နယ်များမှ အဖွဲ့ချုပ်အဖွဲ့ဝင်များသည်လည်း ပင်လုံအခမ်းအနားသို့ ခက်ခက်ခဲခဲနှင့် လာရောက်ကြ၏။
ပင်လုံရင်ပြင်အတွင်း၌ လူထုသည် နှင်းမှုန်များအောက်၌ အေးခဲ၍မနေ…. နိုးကြား၍ ထက်သန်နေကြ၏။ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒသဘောထားနှင့် ယေဘုယျလုပ်ငန်းစဉ်များအား ရေးသားဖော်ပြထားသည့် ``ဒီမိုကရေစီ ပြည်ထောင်စုသစ် ကြေညာစာတမ်း´´ အား ဖတ်ကြား၏။
``ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ နယ်ပယ်အားလုံး၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်မှန်ဆုံးသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေးရှုခြင်း။
တိုင်းရင်းသား လူမျိုးအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွှတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုခြင်း။
ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူညီတူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်၊ လူမျိုးစုအားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ချယ်ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုခြင်း။
တိုင်းရင်းသား လူမျိုးအားလုံးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍနယ်ပယ် အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည်ရှေးရှုခြင်း။
နယ်ပယ်ဒေသအသီးသီးမှ တိုင်းရင်းသား လူမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တခုလုံးနှင့် ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသ အစိတ်အပိုင်းအသီးသီး၏ ကြီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုနေခြင်း။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အထက်ပါ မူဝါဒသဘောထားများကို အခြေခံလျက် တိုင်းရင်းသား လူမျိုးများ၏ အရေးနှင့်စပ်လျဉ်းသော ယေဘုယျလုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်သွားမည် ဖြစ်သည်။´´
ဒေါ်အောင်ဆန်းစုကြည်၏ အသံက ပင်လုံမြေမှသည် ပြည်ထောင်စု တဝှန်းလုံးသို့ နှင်းနှင့်အတူ လွင့်ပျံ့၍ ….။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုသစ်သို့ သွားရာလမ်းပြမြေပုံအား ဆက်၍လူထုအား ရှင်းပြ၏။ NLD ၏ ပြည်ထောင်စုသို့ သွားရာလမ်းက အဆင့် ၇ ဆင့်ရှိ၏။……
အဆင့် ၃ တွင်က …..
``တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်းရင်းသားလူမျိုး အားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးစုကြီးတခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေဒေသရှိသော လူမျိုးစုငယ်များ၏ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်မှု စသည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများသဘောတူညီမျှသော ပြဋ္ဌာန်းချက်များကို ချမှတ်မည်´´ ဟူ၍ ပါရှိပြီး …. အဆင့် ၆ နှင့် ၇ တွင်က ….
``တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီး၏ ပြဋ္ဌာန်းချက်များအား အခြေခံလမ်းညွှန် ဇယားများအဖြစ် လက်ကိုင်ပြုလျက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရားမျှတမှု ဖြစ်ထွန်းစေကာ အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေသက်ရောက်မှုတို့တွင် ပကတိတူညီစေသည့်အပြင် လူ့အခွင့်အရေးနှင့် လူမှုလွတ်လပ်ခွင့်များကို အပြည့်အဝ ခံစားစေနိုင်သည့် ပြဋ္ဌာန်းချက်များ၊ အာမခံချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသော နိုင်ငံတော်၏ ပုံသဏ္ဍာန်နှင့် ရည်မှန်းချက်များအား အခိုင်အမာ အတိအကျ သတ်မှတ်ဖော်ထုတ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ်ကို ဒီမိုကရေစီ တိုင်းပြည်ပြုလွှတ်တော်တွင် ညှိနှိုင်းရေးဆွဲမည်။
အခြေခံဥပဒေသစ်သည် တိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွှတ်ရေး၊ တန်းတူရည်တူ အခွင့်အရေး ခံစားရရှိရေး၊ အပြန်အလှန် ဝိုင်းဝန်းကူညီပူးပေါင်းရေး စိတ်ဓာတ်တို့ဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးအားလုံး တသွေးတသံ တစိတ်တဝမ်း လက်တွဲမဖြုတ်စတမ်း ပူးပေါင်းရပ်တည်နိုင်ရေးကို အာမခံရန် ကြိုးပမ်းမည်။´´
ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်စာတမ်း ဖတ်ကြားသံ၏ အောက်၌ ပင်လုံသည် အေးငြိမ်စွာနှင့် လှပ၍ နေသည်။
ပင်လုံ….။ ဆောင်ကြွင်း ….. မှုံရည်ရည် နံနက်ဦး….။ ပါးလွှလွှမြူ….။ အသော့ကြွေနေသည့် နှင်းနှင့် ပတ္တမြားအသွေးရောင် ကောင်းကင်တို့က…. ၄၂ နှစ်မြောက် ပြည်ထောင်စုနေ့၊ ပင်လုံရင်ပြင်တွင် အနာဂတ်သစ် ပန်းချီကားတချပ်ပမာ…..။ ဒေါ်အောင်ဆန်းစုကြည်မှ `ဒီမိုကရေစီ ပြည်ထောင်စုသစ်´ စာတမ်းအား ဖတ်ကြားခြင်းက ပြီးပြီ။ အခမ်းအနား အစီအစဉ်အရ၊ အခမ်းအနားအား `၄၂ နှစ်မြောက် ပြည်ထောင်စုနေ့ အဓိဋ္ဌာန်´အား အဓိဋ္ဌာန်ပြုရန် ဖြစ်သည်။ ပြည်ထောင်စုနေ့ အဓိဋ္ဌာန်အား ဦးအောင်လွင် (ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) က တိုင်ပေး၏။ တတ်ရောက်လာကြသည့် တိုင်းရင်းသား လူမျိုးစုံ ပရိသတ်တို့က လိုက်၍ဆိုကြ၏။
``ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများ ပြုစုပျိုးထောင်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထွန်းကားရန် အခြေခံအုတ်မြစ်ဖြစ်သည့် ပင်လုံစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီအရေးအခင်းတွင် သွေးမြေကျခဲ့ရသော ကျောင်းသားလူငယ်၊ ရဟန်းရှင် လူများ၏ သစ္စာကို စောင့်သိသောအားဖြင့် လူ့အခွင့်အရေးများကို အာမခံသည့် စစ်မှန်သော ဒီမိုကရေစီရရှိသည်အထိ လည်းကောင်း ဇွဲ၊ သတ္တိတို့ဖြင့် ညီညီညွှတ်ညွှတ် ကြိုးပမ်းသွားကြမည်ဟု အလေးအနက် အဓိဋ္ဌာန်ပြုပါ၏။´´
`အလေးအနက် အဓိဋ္ဌာန်ပြုပါ၏´ ….. ` အလေးအနက် အဓိဋ္ဌာန်ပြုပါ၏´။
အဓိဋ္ဌာန်ပြုသံက ….. ပင်လုံမြေအား တုန်ဟီး၍ သွားလေ၏။ အရှေ့ကောင်းကင်တွင်က ပတ္တမြားသွေးရည်တို့နှင့် ရဲရဲနီ၍….။
No comments:
Post a Comment