Friday, August 14, 2009

အမေရိကန် အထက်လွှတ်တော်အမတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့မည်

NEJ / ၁၄ သြဂုတ် ၂၀၀၉

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့်နောက်ပိုင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်စီစဉ် ထားကြောင်း ၀ါရှင်တန် အေအန်အိုင် သတင်းတွင် ဖော်ပြသည်။

ယခုကဲ့သို့ မစ္စတာ ဂျင်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါက လွန်ခဲ့သည့် (၁၀) နှစ်အတွင်း အမေရိကန် ထိပ်တန်းအရာရှိတဦးနှင့် မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်မည်ဟု မစ္စတာဝက်ဘ်၏ရုံးမှ ကြေညာချက်ထုတ်ပြန်သည်။

ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်ပါတီ ဆီးနိတ်လွှတ်တော်အမတ်တဦးလည်းဖြစ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆီးနိတ်‌ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဝက်ဘ်သည် (၃) ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး စစ်အစိုးရထိပ်တန်းအရာရှိများနှင့်တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန် အမေရိကန်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယနေ့ အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ရောက်ရှိမည့်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၄) ဦးအား နေပြည်တော်မှ ဖိတ်ခေါ်ထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“အန်အယ်လ်ဒီက စီအီးစီ (၄) ယောက်ကို နေပြည်တော်ကို ဖိတ်ပါတယ်။ ဒီနေ့သွားမှာပါ၊ ဦးသန်းထွန်းရယ်၊ ဦးလှဖေရယ်၊ ဦးညွန့်ဝေရယ်၊ ဦးစိုးမြင့်ရယ်ပါ။ (၄) ယောက်စလုံး သွားမယ်၊ မသွားမယ်ဆိုတာတော့ မသိဘူး” ဟု အန်အယ်လ်ဒီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် အန်အယ်လ်ဒီနှင့်တွေ့ဆုံရန် ရှိမရှိမေးမြန်းရာတွင် အကြောင်းကြားမှု တစုံတရာမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

No comments: