Wednesday, August 12, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ပြည်သူအများ အလွန်စိတ်ဝင်စား

အောင်ကျော်မိုး / ၁၂ သြဂုတ် ၂၀၀၉

စစ်အစိုးရ အင်းစိန်ထောင် အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် ပြည်သူများက အထူးစိတ် ဝင် စားနေ ကြပြီး အမျိုးမျိုး ဝေဖန် နေကြ ကြောင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား မြို့ခံများ ထံမှ စုံစမ်း သိရသည်။


ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးက “ကျနော်တို့ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေမှာ တီဗွီတွေရှိတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက အမိန့်ချမှတ်တာကို MRTV-4 ရုပ်သံလိုင်းကနေ ကြေညာပေး တော့ လူတွေ ဝိုင်းအုံပြီးလာကြည့်ကြတယ်။ အားလုံးက ဒီအတိုင်းလုပ်မှာပဲ၊ ထင်သားပဲဆိုပြီး ပြောတာမျိုး ကြားရတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုအား ပြည်သူများ စိတ်ဝင်စားသည်ကို စစ်အစိုးရက သိသည့်အလျောက် တရားရုံးအမိန့်ချပြီးပြီးချင်း ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ကြေညာနိုင်အောင် ကြိုတင်စီစဉ်ထားခြင်းဖြစ်နိုင်ကြောင်း ရန်ကုန် မီဒီယာအသိုင်းအဝိုင်းက ထင်မြင်ချက်ပေးကြသည်။

ယခုကဲ့သို့ ကြေညာခြင်းမျိုး စစ်အစိုးရလက်ထက် လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်အမိန့်ချမှတ် လိုက်သည်ကို ပြည်သူများ စိတ်ဆိုးဒေါသမထွက်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အား စကားလုံးလှလှလေးများသုံးပြီး ကြိုတင်လက်ဦးမှု ရယူကြေညာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်ကြသည်။

တက္ကစီမောင်းသူတဦးက “ဒေါ်အောင်ဆန်းစုကြည်ကို ထောင် (၃) နှစ်ချလိုက်တယ်ဆိုရင် အားလုံးက စိတ်ဆိုးဒေါသထွက်ကြမှာ။ အဲလိုမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီးဖြစ်လို့၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက် ဆိုတာမျိုး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အနှောင့်အယှက်မဖြစ်စေရေး ဆိုတာမျိုး၊ စာနာထောက်ထားညှာတာတယ် ဆိုတာမျိုးတွေ သုံးပြီး ကြေညာသွားတယ်။ အားလုံးသိကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူး၊ ဆက်ပြီး ထိန်းသိမ်းထားတယ် ဆိုတာပဲ” ဟု ပြောသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စ အမိန့်ချပုံ အပြည့်အစုံပါလာခြင်းကြောင့် ဝယ်ယူဖတ်ရှုသူ များပြားလွန်း၍ နံနက် (၁ဝ) နာရီ မထိုးခင် သတင်းစာများ ရောင်းကုန်သွားကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “ခုအမှုနဲ့ ပတ်သက်ပြီး မန္တလေး ကျောက်လောကသားတွေ မှန်းဆနေတာ လုံးဝ မှန်သွားတယ်။ ထောင် (၃) နှစ်လောက် ချမယ်။ နောက် နေအိမ်အကျယ်ချုပ် ပြန်ထားမယ် စသဖြင့်ပေါ့။ အဲဒါ ငွေကြေးနဲ့ လောင်းတာတွေရှိတယ်။
အားလုံး နားလည်ထားတာကတော့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အပြင်မှာ လွတ်လွတ်လပ်လပ် မမြင်လိုဘူးဆိုတဲ့သဘောပဲ” ဟု ပြောသည်။

ယခုအမှု အမိန့်ချမှတ်ပုံနှင့် ပတ်သက်ပြီး ရန်ကုန်ရှေ့နေလောက၌လည်း အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။

ကုမ္ပဏီလုပ်ငန်းစုများ၏ အမှတ်တံဆိပ်ဆိုင်ရာကိစ္စတို့ကို အထူးပြုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတဦးက ယခု စစ်အစိုးရ၏အမိန့်မှာ နေအိမ်အကျယ်ချုပ်သဘော ဆက်နေထိုင်ရမည့်အပြင် ဆိုင်းငံ့ထားသည့် ပြစ်ဒဏ် (၁) နှစ်ခွဲမှာလည်း ရှိမြဲရှိနေမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၁၈) လ ကာလအတွင်း စစ်အစိုးရက လုံးဝလွတ်ငြိမ်းခွင့်ပေးနိုင်သကဲ့သို့ သူမ၏လုပ်ရပ်ကို မကျေနပ်ပါက ကြိုက်ရာအချိန်၌ ဆိုင်းငံ့ထောင်ဒဏ်ကို အသက်သွင်းပြီး ထောင်ထဲကို (၁) နှစ်ခွဲနေရန် အမိန့်ပေးနိုင်ကြောင်း၊ နေအိမ်အကျယ်ချုပ် (၁၈) လကြာသည့်တိုင် အဆိုပါ ဆိုင်းငံ့ထောင်ဒဏ်သည် အလိုအလျောက် ပျက်ပြယ်သွားဦးမည်မဟုတ်ဘဲ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပြုမှသာ ပျက်ပြယ်နိုင်မည်ဖြစ်ကြောင်း၊ ယခင် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် အခြေအနေထက် အများကြီး ပိုဆိုးကြောင်းရှင်းပြသည်။

မြစ်ကြီးနားမြို့မှ ကချင်နိုင်ငံရေးသမားတဦးကမူ ကျန်သည့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို စောင့်မျှော်နေပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲနေခြင်းထက် ပြည်သူလူထုအတွက် ပေါ်လစီသစ်များ ချမှတ်လုပ်ဆောင်ရန် အရေးကြီးကြောင်း ဝေဖန်ပြောကြားသည်။

No comments: