Wednesday, August 19, 2009

စစ်တွေရှိ လေယာဉ်ပျက်အား လေလံတင်ရောင်းချမည်

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) လွန်ခဲ့သော ဇွန်လ ၆ရက်နေ့က စစ်တွေ လေယာဉ်ကွင်းတွင် လမ်းချော်ပြီး ပျက်စီးခဲ့သော လေယာဉ်၏ ဘော်ဒီ အစိတ်အပိုင်းများအား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်းထုတ် weekly eleven ဂျာနယ်တွင် ဖေါ်ပြထားသည်။

အဆိုပါ လေယာဉ်မှာ F-28- xy-ADW အမျိုးအစားဖြစ်ပြီး ဇွန်လ ၆ရက်နေ့က ရန်ကုန်မှ စစ်တွေသို့ ခရီသည် များတင်ဆောင်လာစဉ် စစ်တွေလေယာဉ်ကွင်းသို့ အဆင်းတွင် လမ်းချော်ပြီး ပျက်စီးခဲ့သည်။

အဆိုပါ လေယာဉ် ဘော်ဒီ လေလံ တင်ပွဲအတွက် တင်ဒါခေါ်ယူမူမှာ ယမန်နေ့ သြဂတ်(စ်)လ ၁၇ ရက်နေ့က ပြီးဆုံးသွားခဲ့ပြီး လေလံပွဲ ကို လာမည့် ၂၄ ရက်နေ့တွင် ကျင်းပမည်ဟု စစ်တွေမှ စီးပွားရေး သမား တဦးက ပြောသည်။

အဆိုပါ လေလံ အတွက် ကြိုတင်ငွေ ကျပ် ၁၅သိန်းကို ပေးသွင်းခဲ့ရပြီး လေလံ ဆွဲသူ အများအပြား ရှိသည်ဟု သူက ပြောသည်။

အနိုင်မရသော သူများကို လေလံတင်ပွဲနေ့အပြီး နောက်တနေ့တွင် ကြိုတင်ငွေ အဖြစ် ပေးသွင်းထားသော ကျပ် ၁၅ သိန်းကို ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

လေလံအောင်သူများအနေဖြင့်လည်း လေလံအောင်ဈေး၏ ၅၀ရာခိုင်နှုန်းကို ပေးသွင်းရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

အလားတူ စစ်တွေမြို့ရှိ ပိတ်ပင်ထားသော ဂိုဒေါင်များကိုပါ အဆိုပါနေ့တွင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments: