Wednesday, August 19, 2009

NLD အဖွဲ့ဝင်များကို ထောင်ဒဏ်တိုးမြှင့်

ဗထူး

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းရန် ကြိုးပမ်းမှုကြောင့် ပြီးခဲ့သည်နှစ်က ထောင်ဒဏ်ချ မှတ်ခံထား ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၁ ဦးကို စစ်အစိုးရတရားရုံးက ထောင်ဒဏ်သက်တမ်းများ ထပ်မံတိုး မြှင့် ချမှတ် လိုက် သည်။

ယခုလ (၁၄) ရက်၊ သောကြာနေ့က ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးက (NLD)ပါတီမှ အမျိုးသမီးတဦးအပါအ၀င် ၁၁ ဦးကို ပုဒ်မအသစ်ဖြင့် ထပ်မံတရားစွဲဆိုကာ ထောင်ဒဏ်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခု ထောင်ဒဏ်ချမှတ်ခံရသူများမှာ စစ်အစိုးရတရားရုံးအမိန့်ဖြင့် နှစ်ရှည်ထောင်ဒဏ်အသီးသီး ကျခံနေရသူ များဖြစ်ပြီး ယင်းတို့အထဲတွင် အင်န်အယ်ဒီပါတီ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် လူငယ်တာဝန်ခံ (၁) ကိုရန် နိုင်ထွန်းလည်း အပါအ၀င်ဖြစ်သည်။

အမိန့်ချမှတ်သည့်နေ့က အဖြစ်အပျက်နှင့်ပတ်သက်၍ မိသားစုဝင်တဦးက ” တရားရုံးအပြင်ဘက်က စောင့်နေရတာပါ၊ ပြန်ထွက်လာတော့ ၂ နှစ် ထပ်တိုးလိုက်တယ်လို့ ပြောတယ်၊ ပုဒ်မ (၃၅၃) နဲ့ စွဲတာပါ၊ အက်(စ်)ဘီတွေကို မချေမငံ ပြန်လည်ဆက်ဆံတာကြောင့်လို့ ပြောတယ်၊ အားလုံး ၂ နှစ်စီ တိုးလိုက်တာပါ” ဟု ပြောသည်။

ယခုထောင်ဒဏ် ထပ်မံတိုးမြှင့်ခံရသူများမှာ (NLD)ပါတီဝင်များသာဖြစ်ပြီး အမျိုးသမီးတဦးဖြစ်သူ မလှလှမော်ကို ထောင်ဒဏ် ၇ ခွဲချမှတ်ကာ နယ်ထောင်သို့ ယခင်ရက်များက ပြောင်းရွှေ့လိုက်သဖြင့် သောကြာနေ့တရားရုံး အမိန့်ချမှတ်ရာတွင် ၁၀ ဦးသာ ပါဝင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် (NLD)ပါတီဝင် ၁၁ ဦးတွင် ဦးတင်ယု၊ သန့်ဇင်မျိုး၊ မျိုးကျော်ဇင်၊ ဦးဝင်းမြင့်၊ အောင်မင်းနိုင် (ခေါ်) မီးသွေးနှင့် ရန်နိုင်ထွန်းတို့ ပါဝင်ပြီး ၎င်းတို့အားလုံးအား ပုဒ်မ (၃၅၃) ဖြင့် တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုရန်နိုင်ထွန်းအား ပြီးခဲ့သည့်နှစ် သြဂုတ်လ (၂၇) ရက်နေ့က နေအိမ်မှနေ၍ ည (၁၁) နာရီခန့်တွင် အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့ပြီးနောက် ပုဒ်မ ၁၄၅၊ ၁၅၂၊ ၅၀၅ တို့ဖြင့် တရားစွဲဆိုကာ အင်းစိန်အထူးတရားရုံးမှ ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။

ကိုရန်နိုင်ထွန်း၏ မိသားစုဝင်တဦးက “၂၀၀၇ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းဖို့ ရွှေတိဂုံဘုရားကိုအသွားမှာ အဖမ်းခံရတယ်၊ နောက် ပြန်လွှတ်ပေးပြီးမှ အခုလိုဖမ်းပြီး ထောင်ချလိုက်တာ” ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းရာ ရွှေတိဂုံဘုရားသို့ ကိုရန်နိုင်ထွန်း၊ ကိုသန့်ဇင်မျိုးတို့အပါအ၀င် လူငယ် ၁၁ ဦးက လှိုင်သာယာမြို့နယ်အတွင်းမှ လမ်းလျှောက်ချီတက်ခဲ့ကြရာ လမ်းတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အဆိုပါ (NLD)လူငယ်များကို ဖမ်းဆီးပြီးနောက် လှိုင်သာယာမြို့နယ်တရားရုံးက ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုပြီး (၁၄. ၁၁.၂၀၀၈) နေ့တွင် အင်းစိန်တရားရုံးက ထောင်ဒဏ် ၇ နှစ်နှင့် ၆ လစီ အသီးသီး ချမှတ်ခဲ့သည်။ ထိုအထဲတွင် ကိုသန့်ဇင်မျိုးအား (၁၃.၁၁.၂၀၀၈) နေ့က အင်းစိန်တရားရုံးက ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်ခဲ့သည့်အတွက် ၎င်းမှာ နောက်ထပ် ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

ယခုအခါ ကိုရန်နိုင်ထွန်းသည် ကျန်းမာရေးကောင်းမွန်ကာ အင်းစိန်အကျဉ်းထောင် တိုက်အမှတ် (၄) အခန်း (၃) တွင် အကျဉ်းကျခံနေရပြီး အယူခံတင်သွင်းမှုကြောင့် ၎င်းကိုစွဲဆိုထားသည့် ပုဒ်မများအနက်မှ ပုဒ်မ (၁၄၅) အမှုနှင့်ပတ်သက်၍ အာဏာပိုင်များက ၂ နှစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်ဟု မိသားစုဝင်တဦးက ပြောသည်။

“ထောင်ဝင်စာတော့ ပုံမှန်တွေ့လို့ရတယ်၊ သူတို့က ဆယ်နှစ်ကျော်တွေ များတယ်၊ နှစ်အငယ်ဆုံးက မိန်းကလေးတယောက်နဲ့ ရန်နိုင်ထွန်းတယောက်ပဲ၊ လှလှမော်ပေါ့နော်၊ အဖွဲ့ချုပ်ကပါပဲ၊ (၁၄) ရက်နေ့ အမိန့်ချပြီးကတည်းက သူတို့နဲ့ ဘာမှအဆက်အသွယ်မရသေးဘူး၊ ကျမတို့ကတော့ မကျေတော့မကျေနပ်ဘူး၊ အဲ့ဒီလိုထပ်ချလိုက်တော့ စိတ်လည်းမကောင်းဘူး၊ သူအပါအ၀င် အားလုံးအတွက်ပါ” ဟု အစ်မဖြစ်သူက ပြောသည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဖိအားပေးတောင်းဆိုနေချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အင်န်အယ်ဒီပါတီဝင်များအား နည်းမျိုးစုံဖြင့် ထပ်မံတရားစွဲဆို ထောင်ချမှုများကို စစ်အစိုးရက ပြုလုပ်လျက်ရှိသည်။

No comments: