Sunday, August 9, 2009

ကရင်နီခုခံတော်လှန်ရေးအင်အား ကျဆင်လာဟု KNPP ဥက္ကဌပြော

ကန္တာရ၀တီတိုင်း(မ်)/ သြဂုတ် ၉၊ ၂၀၀၉

ကရင်နီပြည် သူလူထုများ အနေဖြင့် တတိယနိုင်ငံသို့ အခြေချနေထိုင်မှု များပြာလာသည့်အတွက် ကရင်နီ ခုခံတော်လှန်ရေးအင်းအား ကျ ဆင်လာသည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ခူးထဲဘူးဖဲက ၆၁ နှစ်ပြည့် ကရင်နီအမျိုးသား ခုခံ တော်လှန် ရေးနေ့ အခမ်းအနားတွင် ပြောကြားသွားသည်။

အထူးသဖြင့် အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်သွားသည့်အထဲတွင် ကရင်နီတပ်မတော်မှ တပ်ဗိုလ်၊ တပ်မှူး အချို့ ပါဝင်သည့်အတွက် ယခုလိုပြောကြားသွားခြင်း ဖြစ်သည်။

ယခုနှစ် ကျင်းပပြုလုပ်သော ကရင်နီ ခုခံတော်လှန်ရေးနေ့တွင် ကျောင်းသား မိဘပြည်သူများ လူဦးရေ ၁၀၀၀ ကျော်ခန့်တက်ရောက်ခဲ့ပါသည်။ ထိုအထဲတွင် မဟာမိတ် တပ်ဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့နှင့် ပအိုဝ်းတပ်မတော်များလည်း တက်ရောက်ကြသည်။

“တချို့တွေက တတိယနိုင်ငံသွားတော့မယ် နောက်ဆုံးအနေနဲ့ အမှတ်တရအနေနဲ့ လာကြည့်တယ်။ တချို့ ကတော့ မတက်ဖူးလို့ အဲလိုတွေပြောတာတွေများတယ်။ တချို့လဲ ကရင်နီတပ်မတော်တွေ တနှစ်တခါပဲ ပွဲလုပ်တယ် ဆိုတော့ တက်ရောက်အားပေးကြတယ် အဲလိုမျိုးတွေပေါ့။ တနှစ်တခါပဲ ပွဲလုပ်တယ်ဆိုတော့ တက်ချင်ကြတယ်၊့ တက်ရောက်အားပေးချင်ကြတယ် အဲလိုမျိုးတွေ ပြောတယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကန္တာရ၀တီတိုင်း(မ်) သတင်းထောက် မော်တခဲက သတင်းပေးပို့ထားခြင်းဖြစ်သည်။

ယနေ့ကျရောက်သော ၆၁ နှစ်ပြည့်ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ထိုင်း-မြန်မာနယ်စပ် ကရင်နီတပ်မတော် အမာခံတပ်စခန်းတွင် ကျင်းပပြုလုပ်သွားသည်။

ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က “အခုခေတ်ပညာတတ်လူငယ်တွေက ကရင်နီ တော်လှန်ရေး စိတ်ဓါတ် မ၀င်ချင်နေ ကျနော်တို့အနေနဲ့ ကရင်နီ တော်လှန်ရေး မပပျောက်အောင်တော့ ထိန်းချုပ်သွားမှာပဲ” ဟုပြောပါသည်။

မြန်မာပြည် ဖဆပလအစိုးရသည် ကရင်နီပြည်ကို မြန်မာပြည်နှင့် ပူးပေါင်းရန် နိုင်ငံရေးနည်းအရ စည်းရုံးခဲ့သော်လည်း မအောင်မြင်သည့်အတွက် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ တွင် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးရရှိခဲ့အပြီး အစိုးရဖြစ်လာသည့်အခါ ကရင်နီပြည်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ဖဆပလအစိုးရနှင့် ၎င်း၏အပေါင်းအပါ စစ်တပ်များသည် သီးခြားလွတ်လပ်သည့် ကရင်နီပြည်ကောင်စီ ဥက္ကဌ ဦးဘီတူရီ နေထိုင်သည့် မြလဲရွာကို ၁၉၄၈ခုနှစ် သြဂုတ်လ (၉)ရက်နေ့နံနက် (၂)နာရီအချိန်တွင် ကျူးကျော် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ဦးဘီတူရီနှင့် ရဲဘော်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်နှင့် လူအင်အား မမျှခြင်းကြောင့် ကြယ်ဖိုးကြီးနယ်၊ ဖရူဆိုမြို့အထိ ဆုတ်ခွါပေးခဲ့ရပါသည်။ ထိုနေ့မှစ၍ ဦးဘီတူရီမှ ကရင်နီအမျိုးသား တပ်မတော်တရပ်ကို ဖွဲ့စည်း ထူထောင်ပြီး ကျူးကျော်ဝင်ရောက်လာသည့် ဖဆပလ အစိုးရနှင့် စစ်တပ်တို့ကို ခုခံတိုက်ခိုက်ခဲ့ရာမှ ကရင်နီတော်လှန်ရေးနေ့ ဖြစ်ပေါ်လာရပါသည်။

No comments: