Friday, October 8, 2010

ဖမ်းမိကားများကို ငွေယူ ပြန်လွတ်

သျှမ်းသံတော်ဆင့်

တရုတ်နယ်စပ်မှ တရားမ၀င်ကုန်ပစ္စည်း သယ်လာသည့် ယာဉ်များအား မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ တာဝန်ကျ အ ကောက်အခွန်ဝန်ထမ်းများက ယမန်နေ့က ဖမ်းဆီးပြီးနောက် ငွေယူ၍ ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဟိုက်အေ့နှင့်လိုက်ဖ်အေ့ ယာဉ်ငယ် ၂၉ စီးကို တရားမ၀င်ကုန်များနှင့်အတူ မူဆယ် နှင့်နမ့်ဖတ်ကာ အကြားတွင် ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ကား၎ စီးကိုငွေယူ၍ ယမန်နေ့ ညနေပိုင်းက ပြန်လွတ်ပေးခဲ့ကြောင်း ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကွင်းလမ်းကနေ လူတွေဆိုင်ကယ်တွေနဲ့ကနေ ပစ္စည်းကဲ့ပြီး သွားတဲ့ အချိန်မှာ ကာစတန်က ဖမ်းမိတာပေါ့ လိုက်ဖ်ထရပ် ၄ စီးကတော့ မူဆယ်ရုံးအထိ ခေါ်လာပြီး တစ်စီး ၁၀ သိန်းနဲ့ ညှိပြီး လွတ်လိုက်တယ် ညနေစောင်းအထိ ၂၉ စီးဖမ်းတယ် ကျန်တဲ့ကားတွေလည်း လွတ်လိုက်တယ် ငွေယူမယူတော့ မသိဘူး” လို့ သူက ဆိုသည်။

၎င်းနေ့က တရားမ၀င်ကုန်ကားများအား ဖမ်းဆီးပြီး ပြန်လွတ်ပေးခဲ့ကြောင်း နောက်ထပ်ကုန်သည်တစ်ဦးက ပြောရာတွင် “ဘယ်အဖွဲ့ဖမ်း သလဲတော့ မသိဘူး ကားတွေတော့ဖမ်းမိတယ် ပြန်လွတ်ပေးတယ်လို့ကြားတယ် ထုံးစံလို ဖြစ်နေတာပေါ့ ဖမ်းမိတယ်ဆိုရင် ယာဉ်ငယ်ဂိတ်မှာ ညှိခအနေနဲ့ ၂သိန်းပေးရတယ်” လို့ ဆိုသည်။

အဆိုပါ ဖမ်းမိသည့် ကားများပေါ်တွင် အခွန်ဆောင်ခွင့်မရှိသည့် ဆက်သွယ်ရေးပစ္စည်းများ၊ စားသောက်ကုန်များ သယ် ဆောင်လာကြောင်း သိရသည်။

ယခုလ ၅ ရက်နေ့က ကျယ်ဂေါင် - မူဆယ် ဆင်ဖြူဂိတ်၌ တရားမ၀င် တင်သွင်းလာသည့် ဆိုင်ကယ် ဂ စီးဖမ်းမိခဲ့ပြီး ပြန် လွတ်ပေးခဲ့ကြောင်း သိရသည်။

No comments: