ခိုနူမ်းထုန်သတင်း၊
ကလေးမြို့နယ် ကြံ့ဖွံ့ပါတီက လူထုစည်းရုံးရေးအတွက် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ အထက်တန်း ကျောင်း ခွဲအတွက် ကျပ်ငွေ တစ်သိန်း၊ ဘိလပ်မြေ အိတ် ၂၀၀ နှင့် အခြား ပစ္စည်းများ လှူဒါန်းခဲ့သည်မှာ နိုင်ငံတော် ဘဏ္ဍာ ငွေဖြစ် မည်ဟု ပြည်သူတွေက ပြောကြသည်။
ဒါတွေက သူတို့က အစိုးရဆိုတော့ လုပ်ရမည့်ကိစ္စပါ၊ ကြံ့ဖွံ့ပါတီထောက်ခံရေးအတွက် နိုင်ငံတော် ဘတ်ဂျက်ကို သုံးစွဲတာနေမှာပါ ” ဟု ဒေသခံတဦးကပြောသည်။
ပြီးခဲ့သည့် ၂ ရက်နေ့က အားကစားဝန်ကြီးဌါနမှ ယူနီဖောင်းချွတ်ထားသော သူရအေးမြင့်ဦးဆောင်သည့် ကြံ့ဖွံ့ပါတီစည်းရုံး ရေးအဖွဲ့သည် ကလေးမြို့ကြံ့ဖွံ့ပါတီလူကြီးများနှင့်အတူ ကလေးမြို့နယ် အနောက်မြောက်ဘက်ရှိ ကျေးရွာများသို့ စည်းရုံးရေးဆင်းရာတွင် ထိုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ သူတို့ကို လူရှိုင်း လူငယ်အသင်းက ရိုးရာဝါးညှပ်အကနဲ့ ကြိုဆိုတယ်။ ကျောင်းအတွက် ပိုက်ဆံ တစ်သိန်း၊ ဘိလပ်မြေ အိတ် နှစ်ရာ၊ မိုးကာ ၈ ချပ်၊ ဘောလုံး ၆ လုံးနဲ့ ကျတော်တို့ရွာက ကြံ့ဖွံ့ပါတီအတွက် digital camera ၁ လုံး လာလှူသွားတယ်” ဟု လက်ပံချောင်းက ကျောင်းဆရာတဦးက ပြောသည်။
သူရအေးမြင့်နှင့် အဖွဲ့သည် လူထု စည်းရုံးဟောပြောခြင်းများမပြုလုပ်သော်လည်း ငွေအားဖြင့် ကြံ့ဖွံ့ပါတီမဲပေးရေးကို ဦးတည်ပြီး လှူဒါန်းနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ ကြံ့ဖွံ့ပါတီကို ပြည်သူတွေက သိပ်ပြီး စိတ်မ၀င်စားကြဘူး။ ကျတော်တို့က ချင်းတွေဆိုတော့…ချင်းပါတီကိုပဲ စိတ်ဝင်စားကြတယ်..ကျတော်အပါအ၀င်ပေါ့” ဟု ကျောင်းဆရာက ဆက်ပြောသည်။
တဆက်တည်း ကလေးမြို့နယ် အနောက်မြောက်ဘက် အဓိက ဆက်သွယ်ရေးလမ်းမပေါ်ရှိ ဆည်ကြီး ချောင်းတံတား တည်ဆောက်ရေးအတွက် ဘိလပ်မြေ အိတ် ၁၅၀ နှင့် သာယာကုန်း မူလွန်ကျောင်းနှင့် ချမ်းသာကြီး မူလွန် ကျောင်း အတွက် ဘောလုံး တလုံးစီ လှူဒါန်းခဲ့သည်ဟုလည်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးကဘော် ဒေသရှိ လူရှိုင်းမျိုးနွယ်စုများ၏ အကြီးဆုံး လူမှုအဖွဲ့အစည်းဖြစ်သော Mizo Welfare Organization ၏ ရည်ရွယ်ချက်တွင် တပ်မတော်အား အမိအဖဟု ခံယူရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးအသင်းနှင့် အမြဲလက်တွဲရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုသာတခဲနက်ထောက်ခံရေး စသည့်အချက်များ ပါဝင်သည်ဟု သိရသည်။
လက်ပံချောင်းကျေးရွာသည် ကလေးမြို့အနောက်မြောက်ဘက်တွင်ရှိပြီး အိမ်ခြေ နှစ်ထောင်ခန့်ရှိသော ချင်းရွာ ကြီးဖြစ်သည်။ အိမ်ခြေ ၆၀၀ ကျော်ခန့်မှာ လူရှိုင်းမျိုးနွယ်များဖြစ်ပြီး ကျန် ၁၅၀၀ ကျော်ခန့်မှာ ဖလမ်း၊ဟါးခါးနှင့် တီးတိန် ချင်းများဖြစ်သည်။
ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သော သြဂုတ်လတုံးကလည်း ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ၏ ရွာလုံးကျွတ် ကောက် စိုက်ပြီးချိန်၌ ကျင်းပလေ့ရှိသော ထွန်တုံးပိတ်ပွဲ ရပ်ကွက်လိုက်ဘောလုံးပွဲတွင်လည်း ပထမဆုအတွက် ကျပ်ငွေ ၁၀၀၀၀၊ ဒုတိယဆုအတွက် ရ၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။
No comments:
Post a Comment