သျှမ်းသံတော်ဆင့်
တရုတ်ငွေနှင့်လဲလှယ်ရာတွင် မြန်မာငွေဈေးနူန်း မြှင့်တက်မှုကြောင့် တရုတ်ဘက် တင်သွင်းသည့် မြန်မာစားသောက်ကုန် များ အပေါ်ထိခိုက်မှု ရှိကြောင်း သိရသည်။
ယခင်လများက မြန်မာငွေ ကျပ် ၁၀၀၀ လျှင် တရုတ်ငွေ ၆.၉ ယွမ် ၀န်းကျင်ပေါက်နေရာမှ ယနေ့ မြန်မာငွေဈေးသည် ကျပ် ၁၀၀၀ လျှင် ၇.၂၂ ယွမ်အထိ ထိုးတက်လာခြင်းဖြစ်သည်။
တရုတ်ပြည် ရွေလီမြို့၌ တရားဝင်အခွန်ဆောင် ရောင်းချနေသော မြန်မာစားသောက်ကုန်လက်ကားအရောင်းဆိုင်များတွင် ပစ္စည်းများ ပြတ်လပ်လျက်ရှိကြောင်း မြန်မာကုန်စုံဆိုင်အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တရားဝင်အခွန်ဆောင်ထားသော ၄င်းလက်ကားဆိုင်များတွင် ရောင်းချသည့် မုန့်မျိုးစုံ၊ နို့ဆီနှင့် စည်သွပ်ဘူးများကို ရွေလီ မြို့ရှိ မြန်မာကုန်စုံဆိုင်များက ဖေါက်သည်အဖြစ် ၀ယ်ယူခြင်းဖြစ်သည်။
“ငွေဈေးတက်လာလို့ ဗမာဘက်က မုန့်မျိုးစုံနဲ့ စားသောက်ကုန်တွေ ဆိုင်ကြီးတွေမှာ ပစ္စည်းတွေ ဆက်မတင်တော့ဘူး သူတို့မကိုက်တော့လို့ပေါ့နော်၊ မူဆယ်ဘက် တိုက်ရိုက်ဝယ်တဲ့ ပစ္စည်းက တရုတ်အခွန်မဆောင်ထားတော့ ဆိုင်မှာတင် ရောင်းလို့မရဘူး” ဟု ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
မူဆယ်တွင် ၀ယ်သည့်ပစ္စည်းများကို ကိုယ်တိုင်အခွန်ဆောင် ရောင်း၍ ရသော်လည်း ဆိုင်ငယ်များအနေဖြင့် တွက်ချေ မကိုက်သဖြင့် မရောင်းကြကြောင်း သိရသည်။
ယနေ့ ဒေါ်လာနှင့်ကျပ်ငွေ လဲနူန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၉၂၈.၀၀ မှ ၉၃၂.၀၀ အထိဈေးပေါက်နေပြီး ပြည်တွင်း ရန်ကုန်ရွေဈေး တစ်ကျပ်သား ကျပ်ငွေ ၆၅၆,၀၀၀ နှင့် မန္တလေးတွင် တစ်ကျပ်သား ၆၅၅၈၀၀ ကျပ်ဈေးရှိကြောင်း သိရ သည်။
No comments:
Post a Comment