Wednesday, August 5, 2009

ရွေးကောက်ပွဲဝင်မည့် အဖွဲ့ခေါင်းဆောင် လိုင်စင်မဲ့ကားကြောင့် တရားစွဲခံရ

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုထားသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦး လိုင်စင်မဲ့ကား တင်သွင်းမှုဖြင့် တရားစွဲခံနေရသည်။

အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုသန်းဦးသည် ထိုင်းနယ်စပ်မှ တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းသည်ဟု စွပ်စွဲခံရကာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

“ကားက ထိုင်း နယ်စပ်က ယူလာတဲ့ without (လိုင်စင်မဲ့) ကားပေါ့။ တင်သွင်းခွင့် လိုင်စင်မရှိဘဲ ယူလာတဲ့ ကားပေါ့ဗျာ” ဟု အဖွဲ့နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ယခု နှစ်ဆန်းပိုင်းတွင် ကိုသန်းဦး မောင်းနှင်လာသည့် ကားဖြင့် မြောက်ဥက္ကလာပ မြို့ခံတဦးကို ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကာယကံရှင်နှင့် ညှိနှိုင်းကာ လျော်ကြေးငွေပေးကာ ကျေအေးခဲ့သော်လည်း ကားကိုမူ လိုင်စင်မဲ့ကား ဖြစ်နေသဖြင့် မြောက်ဥက္ကလာမြို့နယ်ရှိ ကျောက်ရေတွင်း ယာဉ်ကြော ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး မြို့နယ် တရားရုံးတွင် တရားစွဲခံထားရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

နီးစပ်သူက ယခုလို ပြောဆိုသော်လည်း အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကိုအေးလွင်ကမူ ကားတိုက်မှုရော၊ တရားစွဲခံရမှုပါ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

No comments: