Wednesday, August 5, 2009

မမေ့အပ်သည့် နိုင်ငံ့သားကောင်းတယောက်

ဇင်လင်း

၂၀၀၉ ခုနှစ် သြဂုတ်လ (၂) ရက် နေ့ဆို လျှင် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး တော်ပုံ အောင်မြင် ရေးအတွက် ဦးလှသန်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ကိုကိုး ကျွန်း မဲဆန္ဒနယ်) အသက် ပေးဆပ် သွားခဲ့ သည်မှာ (၁၃) နှစ်တင်း တင်း ပြည့်ပြီ ဖြစ်သော် လည်း ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ ကား ယနေ့တိုင် ဆက်လက်ဆင်နွှဲနေရဆဲဖြစ်သည်။ ဦးလှသန်းမှာမူ သမိုင်းရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားခဲ့သည့် နိုင်ငံ့ သား ကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့ပြီဖြစ်ပေသည်။

ဦးလှသန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခရီးသွားလာရေးခက်ခဲရုံမက စည်းရုံးရေးလုပ်ရန် လည်း မလွယ်ကူသော ကိုကိုး ကျွန်း မဲဆန္ဒ နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် စွန့်စွန့်စားစားဝင်ရောက် အရွေးခံခဲ့သူဖြစ်သည်။ အရပ် (၅ ပေ ၆ လက်မ) ခန့် အသားညိုညို ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ဦးလှသန်းသည် ကျစ်လျစ်ကြံ့ခိုင်မှုရှိသူဖြစ်သည်။ ဥပဒေအကျိုးဆောင် ဖြစ်လာ ၍လားမသိ၊ အ၀တ်အစားကို အမြဲသပ်သပ်ရပ်ရပ် ၀တ်ဆင်တတ် သည်။ အဖွဲ့ချုပ်သို့ လာသည့်အခါတိုင်း ပင်နီတိုက်ပုံအင်္ကျီ အမြဲဝတ် လေ့ ရှိသူဖြစ်သည်။ ရှေ့နေအဖြစ် အသက်မွေးသော်လည်း စကားကို လိုအပ်မှသာ ပြောလေ့ရှိသည်ကို သတိထားမိသည်။


သူနှင့် စာရေးသူ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီကပင် ခင်မင်ရင်းနှီးခဲ့သည်။ ၁၉၈၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးတွင် စာရေးသူ ရုံးအဖွဲ့မှူးတာဝန်ယူခဲ့စဉ်ကဖြစ်သည်။ ဦးတင်မောင်ဝင်း (အင်းစိန်ထောင်အတွင်း ၁၈-၁-၁၉၉၁ တွင် ကျဆုံးသူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းလွှတ်တော်ကိုယ်စားလှယ်) ၏ မိတ်ဆက်ပေးမှုအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြည့်မြင်တိုင်မြို့နယ် ဥက္ကဋ္ဌ ဦးလှသန်း၊ သူနှင့်အတူ ပါလာသူ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းတို့ကို စတင်သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဦးလှသန်းသည် အသက်အားဖြင့် (၄၂) နှစ်သာရှိသေးသည်။

ထိုစဉ်က ရန်ကုန်တိုင်းရုံးသည် အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက်စာရွက်စာတမ်းများကို နေ့စဉ် (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။ ထိုသို့ အခမဲ့ ဖြန့်ဝေနိုင်ခြင်းသည် စာရေးသူ၏ စာပေမိတ်ဆွေများက လိုအပ်သောစက္ကူများကို လှူဒါန်းခဲ့ကြ၍ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြို့နယ်ဆိုင်းဘုတ်တင်ပွဲများတွင် ပြောကြားသည့် မိန့်ခွန်းများကို လက်နှိပ်စက်ဖြင့် ရိုက်နှိပ်၍လည်းကောင်း၊ ကက်ဆက်ခွေ၊ ဗီဒီယိုခွေအဖြစ် ကူးယူ၍လည်းကောင်း သက်သာသော ဈေးနှုန်းများဖြင့် ရန်ကုန်တိုင်းရုံးက ဖြန့်ဝေပေးခဲ့သည်။ ဗီဒီယိုခွေမိန့်ခွန်း မ၀ယ်နိုင်သူများကို တိုင်းရုံးက ငှားရမ်းသည့် စနစ်ဖြင့်လည်း မျှဝေသည်။

ဦးလှသန်းသည် ထိုမိန့်ခွန်းခွေများကို သူပိုင်ငွေကြေးစိုက်ထုတ်ကာ ပုံမှန်ဝယ်ယူ၍ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူထုထံ တက်တက်ကြွကြွ ပြန်လည်ဖြန့်ဝေပေးလေ့ရှိသည်။ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မြို့နယ်/ရပ်ကွက် ဆိုင်းဘုတ်တင်ပွဲများတွင် အခါအားလျော်စွာ လိုက်ပါအားပေးတတ်သည်။ ဤသို့ဖြင့် ၁၉၈၉-၉၀ ကာလများတွင် ဦးလှသန်းနှင့် သူ့မြို့နယ်တာဝန်ရှိသူများမှာ အဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးသို့ နေ့စဉ်ပုံမှန် လာကြသူများတွင် အပါအ၀င်ဖြစ်သည်။ လာတိုင်းလည်း မြို့နယ်စုံမှ ရောက်လာကြသော အဖွဲ့ချုပ်ဝင်များ၏ အလွတ်သဘောထိုင်ကြသည့် ဆွေးနွေးဝိုင်းများတွင် ဦးလှသန်း စိတ်အားထက်ထက်သန်သန် ပါဝင်ဆွေးနွေးလေ့ရှိသည်။

ရန်ကုန်တိုင်းရုံးသို့ လာသည့်အခါများတွင် ရံဖန်ရံခါ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင်များဖြစ်ကြသော ဆရာဦးထွန်းတင် (တရားရုံးချုပ်ရှေ့နေ၊ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကွယ်လွန်)၊ ဦးတင်မောင်ဝင်း (ခရမ်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကွယ်လွန်)၊ ဦးမြင့် (၁၉၇၄ အလုပ်သမားအရေး နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ဦးသိန်းတင် (စာရေးဆရာ တင်သိန်းမောင်၊ ဇန်န၀ါရီ ၁၈၊ ၁၉၉၈၊ အကျဉ်းကျနေစဉ် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သူ) စသူများနှင့်လည်း မပြတ်ထိတွေ့ ဆွေးနွေးမေးမြန်းမှုများ လုပ်တတ်သည်။ မသိမီလိုက်သော အတိတ်က နိုင်ငံရေးအဖြစ်အပျက်များ၊ အတွေ့အကြုံများ၊ အယူအဆများကို ဂရုတစိုက် လေ့လာမှတ်သားတတ်သည်။ စာရေးသူလည်း ထိုစဉ်က ဦးလှသန်း၊ ဦးကျော်သန်းတို့နှင့်အတူ လက်ငင်းနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြောဖြစ်ဆိုဖြစ်ပါသည်။ သူနှင့် စကားပြောဖြစ်သော အတွေ့အကြုံများကို ပြန်၍စဉ်းစားကြည့်မိမှ သူ၏ နိုင်ငံရေး၌ စိတ်ထက်သန်ပုံ၊ ပညာလိုလားပုံ၊ စာဖတ်အားကောင်းပုံ၊ ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူတတ်ပုံတို့ကို ပြန်လည်မြင်ယောင်လာသည်။

သူ့ဘ၀နောက်ခံကို အကြမ်းဖျင်း ပြန်လည်သုံးသပ်ကြည့်လျှင် သူသည် တပ်မတော် (ရေ) တွင် အသက် (၁၈) နှစ်ပြည့်ချိန် ၁၉၆၅ မှ စတင်စစ်မှုထမ်းခဲ့သည်။ ရတနာပုံရေတပ်စခန်း၊ စစ်တွေရေတပ်စခန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၊ ရေတပ်ကမ်းတက်တိုက်ခိုက်ရေးတပ်ရင်း၊ စစ်ရေယာဉ် (၁၁၀)၊ စစ်ရေယာဉ် ရန်ကြီးအောင် စသည့်နေရာဌာနများတွင် တာဝန်ထမ်းခဲ့သည်။

သို့သော် စစ်မှုထမ်းရင်း သူ့ဘ၀တိုးတက်မှုအတွက် မနားမနေ ကြိုးစားပညာရှာခဲ့သည်။ လက်ရေးတိုပညာနှင့် စာရင်းအင်း ပညာကို တပ်တွင်း၌ပင် သင်ယူတတ်မြောက်ခဲ့သည်။ အတန်းပညာကိုလည်း တပ်တွင်းမှာပင် ဆက်လက်အားထုတ်သင်ယူခဲ့ရာ စစ်သက် (၁၀) နှစ်ပြည့်သည့် ၁၉၇၅ တွင် တပ်တွင်းမှပင် (၁၀) တန်းကို ရူပဗေဒဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက်တွင် ပညာတတ်လိုစိတ် ပိုမိုပြင်းပြထက်သန်လာခဲ့သည်ဟု ဦးလှသန်းက ပြောဖူးသည်။ ထို့ကြောင့် အသက် (၃၀) ပြည့်သည့် ၁၉၇၇ တွင် တပ်မှ အငြိမ်းစားယူ၍ ရန်ကုန်တက္ကသိုလ်၌ ဥပဒေပညာအဓိကဖြင့် ပညာဆက်လက်သင်ယူသည်။ ၁၉၈၀ ပြည့်နှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ကို သူရရှိခဲ့သည်။

ထို့နောက် ရှေ့နေလောကသို့ ရောက်ရှိခဲ့ပြီး အထက်တန်းရှေ့နေ၊ ဗဟိုတရားရုံးချုပ်ရှေ့နေအဖြစ် မြန်မာနိုင်ငံအနှံ့ တရားရုံးများတွင် ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ တရားရုံးချုပ်ရှေ့နေ ဦးလှသန်းသည် ပညာတန်ဖိုးကို သိရှိလာသူဖြစ်သည့်အလျောက် တဘက်တွင် ပရဟိတစိတ်ဖြင့် ရပ်ရေးရွာရေး လူမှုရေးကိစ္စများတွင်လည်း ပါဝင်ကူညီဆောင် ရွက်ခဲ့သူဖြစ်သည်။ ဦးလှသန်းသည် ၁၉၇၈ မှ ၁၉၈၈ အထိ ကြည့်မြင်တိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တွင် ရုံးအဖွဲ့မှူးတာဝန် နှင့် သက်သာချောင်ချိရေးအဖွဲ့ အတွင်းရေးမှူးတာဝန်များကိုလည်း မအားလပ်သည့်ကြားမှ ထမ်းရွက်ခဲ့သည်။

၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ဦးလှသန်းသည် ရန်ကုန်ရှေ့နေများအစည်းအရုံးနှင့်အတူ လူထုဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ စက်တင်ဘာ (၂၇) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပေါ်ထွန်းလာသောအခါ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်ဆော်သြရေးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သူ၏ ရိုးသားမှု၊ ကြိုးစားမှု၊ ပရဟိတ စိတ်ထားရှိမှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု … စသည့် အရည်အချင်းများကြောင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက သူ့အား ကြည့်မြင်တိုင်မြို့နယ် ပထမအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ် လည်းကောင်း ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်က ၁၉၈၉ နိုဝင်ဘာ (၁၀) ရက်စွဲဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း (တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း) တို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ ကြေညာခဲ့သည်။ ထိုကော်မရှင်ကြေညာချက် အမှတ် (၃၂၆) အရ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပမည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ (၂၈) မှ ၁၉၉၀ ဇန်န၀ါရီလ (၃) ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်သည်။ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့နယ် ပထမအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကိုယ်စားလှယ်အဖြစ်လည်းကောင်း ရွေးချယ်ခံထားရသူဖြစ်၍ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကော်မရှင်သို့ အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

သို့သော် ဦးလှသန်းက ရန်ကုန်တိုင်းအတွင်း မြို့နယ် (၄၂) ခု၊ မဲဆန္ဒနယ် (၆၁) နယ် ရှိသည့်အနက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွားရောက်အရွေးခံမည့် ကိုယ်စားလှယ်မရှိ ဖြစ်နေသည်ကို သတိပြုမိပုံရသည်။ ထို့ပြင် ကိုကိုးကျွန်းစုသည် ကိုကိုးကျွန်းကြီး၊ ကိုကိုးကျွန်းငယ်နှင့် စားပွဲကျွန်းဟူ၍ (၃) ကျွန်းရှိသည့်အနက် ကျွန်းမကြီး၌သာ လူနေများသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ထိုကျွန်းစုကလေးသည် မြန်မာပြည်မ မြစ်ဝကျွန်းပေါ်ဒေသ၏ တောင်ဘက် မိုင် (၂၀၀) ခန့်တွင် တည်ရှိသဖြင့် သွားလာမှု လွယ်ကူလှသည်မဟုတ်ပေ။ နေထိုင်သူအများစုမှာ ရေတပ်၊ ရဲအဖွဲ့နှင့် အရပ်ဘက်ဝန်ထမ်းမိသားစုများဖြစ်သည်။ အုန်းခြံလုပ်ငန်းလုပ်သူ အရပ်သားမိသားစုများ အပါအ၀င် ကိုကိုးကျွန်းမြို့နယ် လူဦးရေမှာ (၁,၀၀၀) သာသာကလေးသာ ရှိသည်။ ဆန္ဒမဲပေးခွင့်ရှိသူမှာ (၆၁၃) ဦးသာရှိ၍ စစ်တပ်သြဇာ လုံးဝသက်ရောက်ရာ မြို့နယ်လည်းဖြစ်သည်။

ကိုကိုးကျွန်းစုသည် ၁၉၅၈ ခုနှစ် စစ်တပ်က ပထမအကြိမ် အာဏာသိမ်းစဉ်က နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းချရာနေရာ အဖြစ် နာမည်ဆိုးဖြင့် ထင်ရှားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံတိုက်ပွဲ အောင်မြင်ပြီးနောက် ၁၉၇၁ ခုနှစ်တွင် ထိုကျွန်းထောင်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ ထိုကျွန်းစုမြို့နယ်တွင် နေထိုင်သူများ၏ ဒီမိုကရေစီဆန္ဒကို ဖြည့်ဆည်းရေး၊ အဖွဲ့ချုပ်အတွက်လည်း ပထ၀ီအရ အရေးပါသည့် မဲဆန္ဒနယ်တနယ် မဆုံးရှုံးရေးအတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွားရောက်အရွေးခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးလှသန်းက စကားစပ်မိ၍ ပြောဖူးသည်။ ဤသို့ဖြင့် အဖွဲ့ချုပ်က ဦးလှသန်းအား ကိုကိုးကျွန်းမဲဆန္ဒနယ်တွင် အဖွဲ့ချုပ်ကိုယ်စားပြုယှဉ်ပြိုင်ရန် ၀မ်းမြောက်ဝမ်းသာ လက်ခံအတည်ပြုခဲ့သည်။

၁၉၉၀ မေလ (၄) ရက်နေ့တွင် ဦးလှသန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် (၄) တို့ ကိုကိုးကျွန်းစုဆီသို့ ထွက်ခွာခဲ့ကြသည်။ သူတို့မရောက်မီကပင် ကျွန်းအာဏာပိုင်တို့ထံ အဖွဲ့ချုပ်ကိုယ်စားလှယ်အား မည်သည့်အကူအညီမှမပေးရန် ညွှန်ကြားချက် ရောက်နှင့်ပြီးဖြစ်ပုံရကြောင်း ဦးလှသန်းက ပြောပြသည်။ သူတို့အဖွဲ့ နေထိုင်ရေးကိုပင် အာဏာပိုင်တို့က ခက်ခဲအောင် လုပ်ထားသဖြင့် ကိုယ်တိုင်သစ်ဝါးခုတ်ကြကာ ယာယီတဲဆောက်နေခဲ့ရသည်။ သူ့ကို တအိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့် လည်းမပြု၊ စာရွက်စာတမ်း လက်ကမ်းစာစောင်လည်း ဝေငှခွင့်မပြုခဲ့ဟု ပြောသည်။ မဲဆန္ဒရှင်အများစုမှာ ၀န်ထမ်းများဖြစ်သဖြင့် ၀န်ထမ်းအိမ်ရာများသို့ သွားရောက်လည်ပတ်ခြင်းမပြုပါဟုလည်း ၀န်ခံလက်မှတ်ရေးထိုးရန် ဦးလှသန်းကို အာဏာပိုင်များက ဖိအားပေးခဲ့သည်။ သို့သော် သူက လက်မှတ်မထိုးနိုင်ဟု တင်းတင်းမာမာ ငြင်းဆိုခဲ့သည်။ သူ့အား လိုလိုလာလား ဖိတ်ခေါ်သည့် အိမ်အချို့သို့ ဦးလှသန်း သွားရောက်လည်ပတ်ခွင့်ရခဲ့သည်။ ထိုအိမ်များမှတဆင့် ကျန်မဲပေးမည့်သူများထံ သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းများ ရောက်ရှိခဲ့သည်။

သူ့ပြိုင်ဘက်မှာ ရေတပ် စစ်လက်နက်ခဲယမ်းတပ် (၂၄) တပ်မှူး (အငြိမ်းစား) ကိုကိုကျွန်း မဆလပါတီယူနစ်ဥက္ကဋ္ဌဟောင်း ဦးအောင်သိန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြည်မနှင့် အလှမ်းဝေးသည့် ကျွန်းစုကလေးမှ မဲဆန္ဒရှင် (၆၁၃) ဦးအား ဦးအောင်သိန်းကို မဲပေးကြရန် ကျွန်းအာဏာပိုင်တို့က ပြောထားပြီးဖြစ်ကြောင်း ကျွန်းသူကျွန်းသားတချို့က ပြောကြသည်။ သို့သော် ဦးလှသန်းတို့ ရဲဘော်ငါးဦးအဖွဲ့သည် ရက်သတ္တသုံးပတ်မျှ အချိန်အတော အတွင်း အကန့်အသတ်များအကြားမှ ကျွန်းသူကျွန်းသားတို့ထံ ပြည်မမှ ဒီမိုကရေစီအရေးတော်ပုံ သတင်းစကားများကို အရောက်ပါးခဲ့နိုင်ကြသည်။

မေလ (၂၇) ရက်နေ့တွင် ကိုကိုးကျွန်းစုရှိ မဲရုံ (၂) တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၆၁၃) ဦးအနက် (၄၃၂) ဦးလာရောက် မဲပေးခဲ့ကြသည်။ ဦးလှသန်းက ၂၄၆ မဲ (၅၆.၉၄) ရာခိုင်နှုန်း၊ တစညကိုယ်စားလှယ်က ၁၈၆ မဲ (၄၃.၀၆) ရာခိုင်နှုန်းစီ အသီးသီးရရှိခဲ့ကြသည်။ ရေတပ်အငြိမ်းစား အရာရှိကြီးတဦးနှင့် ရေတပ်အငြိမ်းစား ရဲဘော်တဦးတို့၏ အားပြိုင်ပွဲလည်းဖြစ်သည်။ စစ်အာဏာဖြင့် ချုပ်ကိုင်ထားသည့် မဲဆန္ဒနယ်ဖြစ်၍ ဦးလှသန်း၏ အောင်ပွဲမှာ ဒီမိုကရေစီအရေးတော်ပုံအောင်မြင်မှုအတွက် ထူးခြားထင်ရှားသည့် လက္ခဏာဟု ဆိုနိုင်သည်။ သူတို့ (ရဲငါးဘော်) အား ရန်ကုန်အပြန်ခရီးတွင် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် (၄၈၅) နေရာအနက်မှ (၄၄၇) နေရာတွင် ၀င်ရောက်အရွေးခံခဲ့ရာ (၃၉၂) နေရာ အနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပြီးသော်လည်း လွှတ်တော်ပေါ်ပေါက်လာခြင်း မရှိသဖြင့် အဖွဲ့ချုပ်က ၁၉၉၀ ဇူလိုင်လ (၂၈-၂၉) တွင် ဂန္ဒီခန်းမ၌ ပထမအကြိမ် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ၏ ပဏာမညှိနှိုင်း အစည်းအဝေးကြီး ကျင်းပခဲ့သည်။ ဂန္ဒီခန်းမကြေညာစာတမ်းထုတ်ပြန်ကာ ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေး သဘောထားကို ပြည်သူသို့ အသိပေးခဲ့သည်။ ဂန္ဒီအစည်းအဝေး မတိုင်မီတရက် (၂၇ ဇူလိုင်၊ ၁၉၉၀) တွင် န၀တအဖွဲ့ကလည်း ကြေညာချက်အမှတ် (၁/၉၀) ကို ထုတ်ပြန်ခဲ့သည်။ (၁/၉၀) ၏ အနှစ်ချုပ်မှာ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံ၊ ထိုသို့ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ကြောင်း၊ ပြည်သူ့ဆန္ဒသဘောထားကို ဥပဒေအရလည်းကောင်း၊ ကျင့်ဝတ်သိက္ခာအရလည်းကောင်း န၀တ က မလေးမစား လုပ်လိုက်ခြင်းလည်းဖြစ်သည်။

ဆက်လက်၍ ၁၉၉၀ စက်တင်ဘာ (၆) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ယာယီ) ဥက္ကဋ္ဌ ဦးကြည်မောင်အား (၁/၉၀) ကို ဆန့်ကျင်မှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြင့် န၀တ က အဖွဲ့ချုပ်အား စတင်ဖြိုခွဲတော့သည်။ ရွေးကောက်ပွဲပြီးနောက် (၂) လကျော်လာသည်အထိ စစ်အုပ်စုက အာဏာစွန့်လွှတ်မည့်လက္ခဏာ မပြတော့။ သို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပြည်သူ့ဒီမိုကရေစီဆန္ဒကို ဖြည့်ဆည်းနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးမှုများ လုပ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးပွဲများ ပြုလုပ်ကြသည့်အနက် ၁၉၉၀ စက်တင်ဘာ (၂၉) ရက်နေ့တွင် အမရပူရမြို့ မဲဆန္ဒနယ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘဘွားနေအိမ်၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေး၊ စက်တင်ဘာ (၃၀) မန္တလေး အနောက်တောင်မြို့နယ် အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေးနှင့် ၁၉၉၀ အောက်တိုဘာ (၁) ရက် အမာခံ (၆) ဦး ယာယီစင်ပြိုင်အစိုးရဖွဲ့စည်းရေး အစည်းအဝေးများလည်း အပါအ၀င်ဖြစ်သည်။

ဦးလှသန်းသည် စက်တင်ဘာ (၂၉၊ ၃၀) အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့သည်။ အောက်တိုဘာလတွင် ထိုအစည်းအဝေးသတင်းများ ပေါက်ကြားသဖြင့် အဖွဲ့ချုပ်ဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများအပြားကို န၀တက ပိုက်စိပ်တိုက်ဖမ်းတော့သည်။ ထိုအဖမ်းခံသူများထဲတွင် ဦးလှသန်းလည်း ပါဝင်သည်။ စုစုပေါင်း (၃၅) ဦး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) နှင့် ၁၂၄ တို့ဖြင့် တရားစွဲခြင်းခံရသည်။ ၁၉၉၁ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် စတင်၍ ရုံးတင်တရားစွဲဆိုပြီး ဧပြီလ (၃၀) ရက်နေ့တွင် စီရင်ချက်ချခဲ့သည်။

ဦးလှသန်း အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် (၂၆) ဦး၊ တိုင်းစည်းတဦးနှင့် မြို့နယ်စည်းတဦးတို့ ဥပဒေပုဒ်မ ၁၂၂ (၁) နိုင်ငံတော်အား သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ထောင်ဒဏ် (၂၅) နှစ်စီ အပြစ်ပေးခြင်းခံရသည်။ ထိုယာယီအစိုးရဖွဲ့စည်းရေး အမှုကိစ္စနှင့် ငြိစွန်းသဖြင့် ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေစဉ် နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်သဖြင့် ဦးမောင်ကို (အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ ဗဟိုအလုပ်သမားဦးစီးအဖွဲ့) သည် ၁၉၉၀ နိုဝင်ဘာ (၉) ရက်နေ့တွင် ရေကြည်အိုင် စစ်ထောက်လှမ်းရေးအချုပ်၌ ကွယ်လွန်ခဲ့သည်။ ဦးတင်မောင်ဝင်း (ခရမ်း ၂၊ လွှတ်တော်ကိုယ်စားလှယ်) သည်လည်း ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ဆေးဝါးနှင့် အစားအစာ ဖြတ်တောက်ခံရသဖြင့် အင်းစိန်တွဲဖက်ထောင် ကျွန်းတိုက်၌ ဇန်န၀ါရီ ၁၈၊ ၁၉၉၁ တွင် ကွယ်လွန်ခဲ့ရသည်။ ဦးလှသန်းသည်လည်း ဆေးဝါးကုသမှု နုံချာညံ့ဖျင်းလှရုံမက လူမဆန်စွာပြုမူဆက်ဆံရာ၌ နာမည်ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်တွင် တခါသုံး ဆေးထိုးအပ်မသုံးမှုကြောင့် (HIV/AIDS) ရောဂါကူးစက်ခံရ၍ အသက် (၅၀) အရွယ် ၁၉၉၆ ခုနှစ် သြဂုတ်လ (၂) ရက်နေ့တွင် အချိန်မတိုင်မီ ကွယ်လွန်ခဲ့ရသည်။

ဦးလှသန်းသည် ကျန်းမာရေးကို အလွန်ဂရုစိုက်သူဖြစ်သည်။ အင်းစိန်ထောင်၊ တိုက် ၄ (အတို) တွင် သူနှင့်အတူ စာရေးသူ နေခဲ့ဖူးသည်။ မိလ္လာချခွင့်ပေးချိန်၊ ရေချိုးခွင့်ပေးချိန်များတွင် ဦးလှသန်းသည် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အမြဲလိုလို လုပ်လေ့ရှိသည်။ အခြားသူတို့ကိုလည်း ကျန်းမာရေးဂရုစိုက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်ပင် သူက တိုက်တွန်းနှိုးဆော်တတ်သေး သည်။ စာရေးသူမှတ်မိသလောက် သဘောမဆိုးသော ထောင်ဝါဒါများက ရေချိုးပြီးနောက် တိုက်ခန်းမပိတ်သေးဘဲ လွတ်လွတ်လပ်လပ် နေခွင့်ပြုလျှင် တိုက်ခန်းနံပတ် (၁၉) တွင် နိုင်ငံရေးဆွေးနွေးကြမြဲဖြစ်သည်။ ထိုဆွေးနွေးဝိုင်းတွင် ဦးလှသန်း အမြဲထက်ထက်သန်သန် ပါဝင်တတ်သည်ကို မှတ်မိနေသည်။

ထိုစဉ်က တိုက်ခန်း (၁၉) တွင် ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသော ဦးမြစိန် (စာရေးဆရာ စိန်မင်း)၊ ဦးလေးမြင့် (စာရေးဆရာ လှကွန့်)၊ ဦးဟန်တင့်နှင့် ဦးသောင်းထိုက် (ကွယ်လွန်) တို့ နေကြသည်။ စာရေးသူက အခန်း (၂၃) တွင် ဦးချို (ကျိုက္မရော) နှင့် ဦးလှသန်းက အခန်း (၂၇) တွင် ဦးမြ၀င်း (အင်္ဂပူ ၁၊ လွှတ်တော်ကိုယ်စားလှယ်၊ ယခု အမေရိကန်တွင်နေသူ) နှင့် နေရသည်။ စကားပြောခွင့်အချိန်ကလေးရတိုင်း အခန်း (၁၉) စကားဝိုင်းတွင် ဦးလှသန်းကို ပုံမှန်တွေ့ရတတ်သည်။

ထို့ပြင် ဦးလှထွန်း (ကြည့်မြင်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ မောင်မောင်လတ် (သာကေတ၊ လွှတ်တော်ကိုယ်စားလှယ်၊ ကွယ်လွန်)၊ ဦးကျော်သွင် (ခရမ်း ၁၊ လွှတ်တော်ကိုယ်စားလှယ်၊ ယခု နော်ဝေ)၊ ကျောင်းသားများဖြစ်ကြသော ကိုတင့်ဆန်း (ရကသ)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်၊ ယခု နော်ဝေ)၊ ကိုဝင်းသိန်းနှင့် ကိုစိန်လှိုင် (သုံးရောင်ခြယ်) တို့လည်း (၄) တို တိုက်မှာပင် ရှိနေကြသည်။ (၁၉၉၃-၉၄) ကာလဖြစ်၍ ထိုစဉ်က နိုင်ငံရေးတိုက်ဝင်းများတွင် လွှမ်းမိုးနေသော အကြောင်းအရာမှာ အမျိုးသားညီလာခံ တက်သင့်၊ မတက်သင့် ကိစ္စပင်ဖြစ်သည်။ ညီလာခံက ချမှတ်လိုက်သော အခြေခံမူ (၆) ချက်အနက် (အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး) ဆိုသည့် နံပတ် (၆) အချက်ကို လက်ခံသင့် မသင့်ဆိုသော ပြဿနာက အဓိကအငြင်းပွားစရာ ဖြစ်နေခဲ့သည်။

ဦးလှသန်းသည် တပ်မတော်(ရေ)တွင် (၁၂) နှစ်ကြာမျှ စစ်မှုထမ်းခဲ့ဖူးသူဖြစ်သော်လည်း ထိုကိစ္စကို စဉ်းစားရာ၌ အချို့သော ပုဂ္ဂိုလ်များကဲ့သို့ တွေဝေမှုမရှိ။ သူက တပ်မတော်သည် ကာကွယ်ရေးဝန်ကြီး၏ စီမံကွပ်ကဲမှုအောက်၌သာ ရှိရမည်ဟု ယူဆသူဖြစ်သည်။ ဦးလှသန်းသည် တက္ကသိုလ်တွင် ဥပဒေပညာသင်ယူစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ်ကို လေ့လာသင်ယူခဲ့ရသူဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနံပတ် (၁၉) နိုင်ငံရေးဆွေးနွေးဝိုင်းများ၌ ဥပဒေဆိုင်ရာ ကိစ္စရပ်များဆိုလျှင် သူက ဒိုင်ခံရှင်းပြတတ်သည်။ အဖွဲ့ချုပ်တွင် တာဝန်ရှိသူဖြစ်လာသောအခါ သူသည် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် စပ်လျဉ်း၍ ပိုမိုဖတ်ရှုလေ့လာဖြစ်ကြောင်းလည်း ပြောပြဖူးသည်။

လွတ်လပ်ရေးအတွက် တက်သုတ်ရိုက်ဆောင်ရွက်ခဲ့ရသဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အားနည်းချက်များ ရှိခဲ့ကြောင်း သူက ဝေဖန်ပြဖူးသည်။ အဓိကအားနည်းချက်မှာ တိုင်းရင်းသားများအား တန်းတူအခွင့်အရေးပေးရန် ပျက်ကွက်ခဲ့မှု ဖြစ်ကြောင်း သူက ထောက်ပြဖူးသည်။ တာဝန်ရှိသည့် ဖဆပလ ခေါင်းဆောင်များက ထိုအားနည်းချက်များကို အချိန်မီ မပြင်ဆင်နိုင်ခဲ့သည့်အပြင် မိမိတို့အုပ်စု အာဏာမြဲရေးကို အာရုံစိုက်နေခဲ့သဖြင့် တိုင်းပြည်ဖရိုဖရဲဖြစ်ရသည်ဟူသော သူ့ဝေဖန်ချက်ကို မှတ်မိနေသေးသည်။

ဦးမြစိန် (စာရေးဆရာ စိန်မင်း) က ထိုစဉ်က အကြောင်းများကို ပြန်ပြောဖြစ်တိုင်း ဦးလှသန်းသည် သူ အထူးလေးစား သူများအနက် တဦးဖြစ်ကြောင်း ပြောပြတတ်သည်။ အထူးသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့် ပြည်သူဘက်က ရပ်ရမည်၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရမည် ဆိုသည်ကို ကောင်းစွာသိရှိသူ၊ နိုင်ငံရေးအမြင် ရှင်းလင်းသူဟု ဦးမြစိန်က ဦးလှသန်းအပေါ် မှတ်ချက်ပေးဖူးသည်။

တိုက်ပိတ်ခံထားရသည့် အချိန်များတွင် ဦးလှသန်းသည် ပလတ်စတစ်လက်ဆွဲအိတ်များ ထိုးခြင်းဖြင့် ငြီးငွေ့ဖွယ်အချိန်များကို ကျော်ဖြတ်လေ့ရှိသည်။ မိသားစုများ ထောင်ဝင်စာလာတွေ့သည့်အခါ ငါးပိကြော်၊ ငါးခြောက်ကြော် အစရှိသည့် စားသောက်စရာများကို ပလတ်စတစ်အိတ်များဖြင့် ထည့်ပေးလေ့ရှိသည်။ ထိုပလတ်စတစ်အိတ်များကို သန့်စင်အောင် ဆေးကြော၍ ၀ှက်ထားရသည့် ဘလိတ်ဓား တခြမ်းပဲ့လေးဖြင့် ညီညီညာညာ စိတ်ဖြာရသည်။ ပြီးမှ စိတ်ဖြာထားသော ပလတ်စတစ်ပြားကလေးများကို စိတ်ရှည်လက်ရှည် ရာဂဏန်းများစွာရရှိအောင် နန်းဆွဲရသည်။ ထိုပလတ်စတစ် နန်းကြိုးများကို အသုံးပြု၍ ဒီဇိုင်းလက်ရာမြောက်သည့် လက်ဆွဲအိတ်များ ထိုးခြင်းဖြစ်သည်။ ဦးလှသန်း၏ လက်ရာ လက်ဆွဲအိတ်များမှာ မည်ကာမတ္တအဖြစ်မျှ ထိုးရက်ထားခြင်း မဟုတ်ပေ။ စိတ်ကူးစိတ်သန်းကောင်းကောင်း အရောင်အစပ်အဟပ် ညီညီဖြင့် ဒီဇိုင်းလှလှ အိတ်ကလေးများ ဖြစ်လာအောင် ထိုးထားခြင်းဖြစ်သည်။

ဤသည်ကိုကြည့်၍ ဦးလှသန်းတွင် အနုလက်မှုပညာ၌လည်း ထူးချွန်သည့် အရည်အချင်းများ စိတ်ကူးစိတ်သန်းကောင်းများ ရှိနေသည်ကို သိရသည်။ ထိုသို့ သူကိုယ်တိုင်လုပ်သည့် လက်မှုပညာပစ္စည်းကလေးများဖြင့် အပြင်မှ မိသားစုနှင့် မိတ်ဆွေများကို လက်ဆောင်ပေးတတ်သည်။ တနည်းအားဖြင့် ပြင်ပမှ မိသားစုနှင့် မိတ်ဆွေသင်္ဂဟများ၏ မေတ္တာ၊ စေတနာ၊ စာနာထောက်ခံမှုတို့ကို သူ့လက်မှုပညာ လက်ရာကလေးများနှင့် မေတ္တာတုံ့ပြန်ခြင်းဖြစ်သည်။ သူ့လက်ရာတခုပြီးတိုင်းလည်း ရဲဘော်ရဲဘက်များကိုပြ၍ လိုအပ်ချက်ရှိ မရှိ ဝေဖန်ခိုင်းတတ်သည်။ အခြား အိတ်ထိုးလိုသူများကိုလည်း သူက အိတ်ထိုးနည်း သင်ပေးတတ်သေးသည်။

(၄) တို တိုက်တွင် သူနှင့် ထိတွေ့ဆက်ဆံရင်း ဦးလှသန်းသည် စိတ်နေစိတ်ထား နုညံ့ပျော့ပျောင်းသူ၊ အနုပညာစိတ်ရှိသူ၊ လူသားဆန်သူဖြစ်ကြောင်း ပိုမိုနားလည်ခဲ့ရသည်။ ၁၉၉၄ ဧပြီလတွင် စာရေးသူ (၅) တိုက်သို့ ပြောင်းရသောအခါ သူနှင့် အဆက်ပြတ်သွားသည်။ သို့သော် ထောင်ဝင်စာထွက်သည့်အခါ အမှတ်မထင်တွေ့ဖြစ် နှုတ်ဆက်ဖြစ်ခြင်းမျိုးတော့ရှိသည်။ ထိုနှစ် အောက်တိုဘာလောက်တွင် စာရေးသူ (၃) တိုက်သို့ ပြောင်းရပြန်သည်။ ဦးလှသန်းကတော့ (၄) တို တိုက်မှာပင် ရှိနေဆဲဖြစ်သည်။

(၃) တိုက် နိုင်ငံရေးအကျဉ်းသားများ တာဝန်ယူပြုစုသည့် ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွင် လူတရာကျော် လက်မှတ်ရေးထိုး၍ ကုလသမဂ္ဂသို့ လျှို့ဝှက်ပေးပို့စဉ်က ဦးလှသန်း၏ လက်မှတ်လည်း ပါဝင်ခဲ့သည်။ သူ ညနေတိုင်းဖျားသဖြင့် ဆေးထိုးဆေးသောက်နေရကြောင်း သတင်းကြားရသည်။ သူ့အဖျားကို ငှက်ဖျားဆိုကာ ထောင်ဆေးမှူးက ဆေးထိုးပေးနေသည်မှာ လချီ၍ကြာသည်။ နောက် မပျောက်တော့မှ သလိပ်စစ်ရာ တီဘီအဆုတ်ရောဂါဟုဆိုပြီး ဆေးပြောင်းထိုးပြန်သည်။

အင်းစိန်အကျဉ်းထောင်ကို ၁၈၆၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဗြိတိသျှကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်၊ န၀တခေတ် အဆက်ဆက် နှစ်တရာကျော် လူပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချထားခဲ့သဖြင့် ရောဂါဘယပိုးမွှားအစုံ ခိုအောင်းနေပေသည်။ လတ်ဆတ်သန့်ရှင်းသော ရိက္ခာကို မမှီဝဲရ၊ သန့်ရှင်းသည့် ရေ မသောက်ရ၊ လေကောင်းလေသန့် မရှူရှိုက်ရ၊ နေရောင်ခြည် အလုံအလောက်မရရှိဘဲ တိုက်ပိတ်ခံထားရခြင်းကြောင့် ရောဂါကူးစက်ရန် အလွန်လွယ်သည့်နေရာဖြစ်သည်။

ပိုဆိုးသည်မှာ မကျန်းမာသည့်အခါ သန့်ရှင်းသည့် တခါသုံးဆေးထိုးအပ်ဖြင့် မဟုတ်ဘဲ ပြီးစလွယ် ကြုံရာအပ်ဖြင့် ဆေးထိုးခံရခြင်းဖြစ်သည်။ အရက်ပြန်ကိုပင် ကျကျနန အသုံးပြုခြင်းမရှိ။ သက်ဆိုင်ရာ အိမ်များက ခက်ခက်ခဲခဲ တခါသုံးအပ် ပို့ပေးသော်လည်း ကိုယ့်အပ်ကို သိမ်းထားခွင့်မရှိ၊ သူတို့ထံ၌သာ ပေးအပ်ထားရသည်။ တကယ်ဆေးထိုးသည့်အခါ ကိုယ်အပ်နှင့်ကိုယ် သုံးရခြင်းဟုတ်မဟုတ် စိစစ်ရန်မလွယ်။ သို့ဖြင့် ဦးလှသန်းမှာ အိပ်ရာတွင်လဲကာ နောက်ဆုံး၌ ဆေးရုံတင်ရသည်အထိ ဖြစ်ရတော့သည်။ ဆေးရုံတွင် စစ်ဆေးချိန်ကျမှ သူ့တွင် (HIV/AIDS) ရောဂါကူးစက်ခံနေရသည်ကို သိရတော့သည်။

၁၉၉၅ အောက်တိုဘာလထဲတွင် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ အပြင်သို့ ရောက်သွားခဲ့သဖြင့် အင်းစိန်ထောင် နိုင်ငံရေးတိုက်ဝင်းအတွင်း စစ်ထောက်လှမ်းရေးက ၀င်ရောက်စီးနင်းရှာဖွေခဲ့သည်။ နိုင်ငံရေးအကျဉ်းသား အများအပြား အမှောင်တိုက်ပိတ်ခံကြရသည်။ ကြမ်းတမ်းစွာ စစ်ကြောမေးမြန်းခံကြရသည်။ ဆရာဦးဝင်းတင်၊ ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူ ၂၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနိုင်းနိုင်း (ပုဇွန်တောင်၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာခင်ဇော်ဝင်း၊ မျိုးမြင့်ငြိမ်း၊ ကိုထွန်းဝင်း (တောင်ကုတ်စီးနင်းမှု) နှင့် စာရေးသူတို့မှာ စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသည်။

ထိုကာလတွင် ဦးလှသန်းသည် (HIV/AIDS) ရောဂါကူးစက်ခံရ၍ ရန်ကုန်ဆေးရုံကြီး မြေအောက်အချုပ်ခန်း၌ ရောက်ရှိနေ သည်။ ဆေးရုံတင်ထားသော်လည်း စနစ်တကျ ဆေးဝါးကုသမှု ရရှိသည်မဟုတ်။ ဦးလှသန်းသည် ယုံကြည်ချက် အလွန်ခိုင်မာ သူဖြစ်သည်ဟု သူနှင့်အတူ ဆေးရုံအချုပ်ခန်းတွင် အတူနေခဲ့ဖူးသည့် ခရမ်းရဲစခန်းမှ ရဲတပ်သားတဦး (အမည်မမှတ်မိ) က ပြန်ပြောပြသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ဘာကြောင့် ပေါ်ပေါက်ခဲ့ရသည်ဆိုခြင်းကို ဦးလှသန်းက ဆေးရုံအချုပ်တွင် မမောနိုင်မပန်းနိုင် ရှင်းပြတတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်း၊ အမျိုးသား ညီလာခံကို ဘာကြောင့် အတုအယောင်ဟု ဆိုနိုင်ကြောင်း စသည်တို့ကိုလည်း သူတို့အား ဦးလှသန်းက ရှင်းပြပုံတို့ကို ထိုရဲသားဟောင်း လူငယ်က ပြောပြခဲ့သည်။ ရဲအထူးသတင်းတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေးဘက်မှ ပုဂ္ဂိုလ်များ နေ့စဉ်လာ၍ ဦးလှသန်းအား နိုင်ငံရေးမလုပ်တော့ရန်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် လာပြောကြသည်ကို တွေ့ရပြီး ဦးလှသန်းက လုံးဝနုတ်မထွက်နိုင်ဟု ငြင်းဆိုခဲ့ပုံတို့ကိုလည်း ထိုလူငယ်က ပြောပြသည်။

နောက်ဆုံးတွင် စစ်ထောက်လှမ်းရေးက ဦးလှသန်းအတွက် လိုအပ်သည့် ဆေးဝါးများကို နိုင်ငံခြားမှ မှာထားကြောင်း၊ ဦးလှသန်းအနေဖြင့် နိုင်ငံရေးမှ နုတ်ထွက်မှသာ ထိုဆေးဝါးများဖြင့် ကုသပေးမည်ဖြစ်သည်ဟု အကျပ်ကိုင်ခဲ့ပုံကိုလည်း ထိုလူငယ်က ပြောပြခဲ့သည်။ ဦးလှသန်းက ဆေးကုသမှု မပေးလိုလျှင်လည်း ရှိစေ၊ သူ့အနေဖြင့် လူထုက အပ်နှင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လုံးဝနုတ်ထွက်မည်မဟုတ်၊ အသေသာခံသွားမည်ဟု ခိုင်ခိုင်မာမာ တုံ့ပြန်ခဲ့သည်ဟု အဆိုပါ လူငယ်မှတဆင့် ပြန်ကြားခဲ့ရသည်။ ဦးလှသန်းကား သူ့သန္နိဋ္ဌာန်နှင့်အညီ ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့။ သူ၏ နောက်ဆုံးအချိန်များကို တည်ငြိမ်စွာ ရင်ဆိုင်သွားခဲ့သည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် ထောင်တွင်း၌ သူ ရောဂါရခဲ့ရသည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် သူ ဆေးဝါးကုသခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၉၉၆ သြဂုတ်လ (၂) ရက်နေ့၌ အာဏာရှင်စနစ်က ဦးလှသန်းအား လူမဆန်စွာ သတ်ဖြတ်လိုက်သည်။ သို့သော်လည်း သူ၏ သန္နိဋ္ဌာန်နှင့် ယုံကြည်ချက်ကိုကား အာဏာရှင်တို့ သေအောင်မသတ်နိုင်ခဲ့။

ဦးလှသန်းကား သူ့ပခုံးထက်သို့ ကျရောက်လာသော သမိုင်းရေးတာဝန်ကို ကျေပွန်စွာထမ်းရွက်သွားခဲ့ပေပြီ။ သူ့နာမည်ကား နိုင်ငံ့သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့လေပြီ။ သူကား မမေ့အပ်သည့် နိုင်ငံ့သားကောင်းများ အနက်မှ တဦးဖြစ်ပေသည်။



No comments: