ဦးအောင်ခင်
လွန်ခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်နေ့က (၂၃) ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မှာ နှစ်စဉ်ပုံမှန် ကျင်းပနေကျ (၄၂) ကြိမ်မြောက် အာဆီ ယံ နိုင် ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ (၁၆) ကြိမ်မြောက် ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပတယ်။ သက်ဆိုင်ရာ အမှုထမ်း တွေကတော့ ဇူလိုင် (၁၇) ရက်ကတည်းက လာရောက်ပြင်ဆင်ကြရတယ်။ အစည်းအဝေးပေါင်း (၁၉) ခု ရှိတယ်ဆိုပဲ။ အာဆီယံ အစည်း အဝေးတွေ ကျင်းပတိုင်း မြန်မာ့ကိစ္စ ဘယ်လိုကိုယ်တွယ်မလဲဆိုတာကို ‘သတင်းလောက’ က စိတ်ဝင်စားတယ်။ လာမယ့် အောက်တိုဘာ ဖူးခက်မှာ အာဆီယံထိပ်သီးညီလာခံ ကျင်းပတော့လည်း ဒီလိုဖြစ်ဦးမှာပဲ။
အစည်းအဝေးတွေလုပ်ပြီး ကြေညာချက်ထုတ်တာဟာ အာဆီယံထုံးစံပဲ။ အနှစ်သာရကတော့ ပြောင်းမသွားဘူး။ အစိုးရ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ ဖွဲ့စည်းခဲ့တဲ့ အာဆီယံရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဖွဲ့သက်တမ်းအနှစ် (၄၀) ကျော်မှာ အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတွေ တိုးလာပြီး အစိုးရအချင်းချင်း ဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်းနည်းလမ်းကို သတ်မှတ်နိုင်ခဲ့တယ်။ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှု ကင်းရှင်းတာကို အာဆီယံရဲ့ အောင်မြင်မှုအဖြစ် သတ်မှတ်ကြတယ်။
ဇူလိုင် (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ (၁၂) မျက်နှာ ပူးတွဲကြေညာချက်မှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေ ကြေညာခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့နဲ့ ပါတီစုံပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပဖို့ ဗမာစစ်အစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဖော်ပြတယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ပူးတွဲလုပ်ကိုင်မယ်လို့ ဗမာအစိုးရက အာမခံတာကိုလည်း ကြိုဆိုကြောင်း ဖော်ပြတယ်။
ပြည်ပက ဖိအားပေးမှုနဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဒီမိုကရေစီပြုပြင်ရေးလုပ်ရာမှာ အခက်အခဲတွေ့နေတယ်လို့ ဗမာစစ်အစိုးရ အကြောင်းပြတာကိုလည်း အာဆီယံပူးတွဲကြေညာချက်မှာ ဖော်ပြထားတယ်။ ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်လို့ရမှန်း ဗမာစစ်အစိုးရက သိနေပြီ။ အာဆီယံအနေနဲ့ နာဂစ်လေဘေးမှာ ပါဝင်နိုင်တာပဲ ပြစရာရှိတယ်။ ဒါကြောင့် နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ အာဆီယံပါဝင်တဲ့အခန်းနဲ့ လေဘေးဒုက္ခသည်ဘ၀ကို ဖော်ပြထားတဲ့ စာအုပ် (၂) အုပ် ဖူးခက်မှာ ထုတ်ပြန်တယ်။
အာဆီယံလူ့အခွင့်အရေးအဖွဲ့ကို ‘အာဆီယံအစိုးရများလူ့အခွင့်အရေးကော်မရှင်’ လို့ အမည်ပေးပြီး အခြေခံစည်းကမ်းချက် (၇) မျက်နှာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အတည်ပြုတယ်။ လာမယ့် အောက်တိုဘာလ ဖူးခက်မှာပဲ ကျင်းပမယ့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံအားလုံး လူ့အခွင့်အရေးကော်မရှင်ကို ကိုယ်စားလှယ် စေလွှတ်ရပါလိမ့်မယ်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို ကာကွယ်ဖို့ဖြစ်ကြောင်း ဖော်ပြထားတယ်။
ဒါပေမယ့် အာဆီယံလူ့အခွင့်အရေးကော်မရှင် လိုက်နာရမယ့် မူဝါဒတွေထဲမှာ အဖွဲ့ဝင်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရိုသေလေးစားရေး၊ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး စတာတွေ ပါဝင်နေတာမို့ အဖွဲ့ဝင်အစိုးရတွေ ရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို အရေးယူနိုင်မှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ သက်ဆိုင်ရာ အစိုးရအသီးသီးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကို တဖြည်းဖြည်းမြှင့်တင်ဖို့ ရည်ရွယ်တယ်တဲ့။
ဖူးခက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထူးခြားချက်က ဇူလိုင်လ (၂၂) ရက်နေ့မှာ Treaty of Amity and Cooperation (TAC) အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန် လက်မှတ်ထိုးလိုက်တာပါပဲ။ အာဆီယံအဖွဲ့နဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ လိုပါတယ်။ အမေရိကန်ပါဆိုရင် ဒေသအပြင်က နိုင်ငံပေါင်း (၁၅) နိုင်ငံ လက်မှတ်ထိုးထားပါပြီ။ ဒီအထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား ပါဝင်တယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးထားတာဟာ ဗမာအစိုးရပါဝင်တဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုသလို ဖြစ်သွားတယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိတယ်။
TAC (ခေါ်) အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် အပိုဒ် (၂) မှာ လက်မှတ်ထိုးသူတွေဟာ ပြည်တွင်းရေးမှာ မစွက်ဖက်ရ၊ အင်အားမသုံးရလို့ တားမြစ်ထားတယ်။ TAC စာချုပ်ဝင် နိုင်ငံရဲ့ နယ်နိမိတ် (သို့မဟုတ်) အချုပ်အခြာအာဏာနဲ့ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးကို ရှောင်ကြဉ်ရမယ်လို့ အပိုဒ် (၁၀) က ဆိုထားတာမို့ အမေရိကန်နဲ့ စီးပွားရေးဒဏ်ခတ်အရေးယူမှုကို ဆန့်ကျင်သလိုဖြစ်နေတယ်။ ဒါပေမယ့် ဘယ်လိုအပြုအမူမျိုးဟာ အန္တရာယ် ဖြစ်စေတယ် ဆိုတာကိုတော့ အာဆီယံ TAC စာချုပ်မှာ ရှင်းပြထားတာ မတွေ့ရဘူး။
ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လို့ အမည်ပေးထားတဲ့အတိုင်း အခန်း (၃) ခန်းမှာ ပုဒ် (၄) က ပုဒ်မ (၁၂) အထိ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဖော်ပြထားတယ်။ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံပညာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးစတဲ့ ကိစ္စရပ်တွေမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဟာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုတယ်။ ဆက်ဆံရေးမြှင့်တင် ရာမှာ အဖွဲ့အနေနဲ့ ဆက်ဆံရာမှာရော (၂) နိုင်ငံတည်း ဆက်ဆံရာမှာရော ခွဲခြားမှုမရှိဘဲ တန်းတူဆက်ဆံရမယ်လို့ ဆိုတယ်။
၁၉၉၈ ဇူလိုင်လ (၂၅) ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြင်ဆင်လိုက်တဲ့ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ဒုတိယပြင်ဆင်ချက်အရဆိုရင် ဗမာစစ်အစိုးရအပါအ၀င် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံစလုံးက ထောက်ခံသဘောတူတဲ့ အတွက် အမေရိကန်ဟာ စာချုပ်ဝင်နိုင်ငံဖြစ်လာတာပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူမှသာလျှင် ဒေသအပြင် ဘက်က နိုင်ငံတွေဟာ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ မနီလာပြင်ဆင်ချက်က ဆိုတယ်။ ပြဿနာဖြေရှင်းတဲ့ စည်းကမ်းနည်းလမ်းကို ၂၀၀၁ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။
အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်လက်မှတ်ရေးထိုးလိုက်တဲ့အတွက် အမေရိကန်အစိုးရရဲ့ မြန်မာ့ရေးရာသဘောထား ပြောင်းလဲလာဖွယ်ရှိတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းပြီး ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားတာဖြစ်လို့ အိုဘားမားအစိုးရတဦးတည်းက ဒဏ်ခတ်မှုကို ရုပ်သိမ်းလို့ မရပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုတယ်။ ဒဏ်ခတ်မှုကို မရုပ်သိမ်းဘဲ အာဆီယံ-အမေရိကန် ပူးတွဲမှုတိုးမြှင့်ရေးအစီအစဉ်မှာ ဗမာလည်း အကျိုးခံစားနိုင်ဖွယ်ရှိလာပါတယ်။
အာဆီယံ-အမေရိကန် ပူးတွဲလုပ်ကိုင်မှုမြှင့်တင်ရေးအစီအစဉ်တွေကို ၂၀၀၆ ခုက ၂၀၁၁ အထိ (၅) နှစ် စီမံကိန်းချပြီး အကောင်အထည်ဖော်နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်သုံးခုမှာ စီမံကိန်းပေါင်း နှစ်ရာနီးပါးကို အကောင်အထည်ဖော်နေတာပါပဲ။ မြန်မာပြည်မှာ လောလောဆယ်လုပ်နေတဲ့ အမေရိကန်ပညာရေး အကူအညီမျိုးမှာလည်း တိုးချဲ့လာနိုင်ပါတယ်။
ဇူလိုင်လ (၂၃) ရက်နေ့က နောက်ဆုံးကျင်းပတဲ့ ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံ (၂၇) နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ အာဆီယံ (၁၀) နိုင်ငံနဲ့ ဆွေးနွေးဘက် (၁၀) နိုင်ငံနဲ့ ဒေသဆိုင်ရာ (၇) နိုင်ငံ ဖြစ်တယ်။ ဒီအထဲမှာ မြောက်ကိုရီးယားပါတယ်။ အာရှဒေသလုံခြုံရေးကို အဓိကထားဆွေးနွေးတဲ့ ပုံမှန်အစည်းအဝေးပါပဲ။ ၁၉၉၄ မှာ စတင်ကျင်းပတာမို့ သက်တမ်း (၁၅) နှစ်ရှိပါပြီ။ ဒါပေမယ့် အစည်းအဝေးတက်သူအချင်းချင်း ယုံကြည်မှုရှိအောင် ကြိုးပမ်းတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ပဋိပက္ခမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။
မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်ပြဿနာဟာ ဆက်ပြီးဒုက္ခပေးနေဦးမှာပါပဲ။ ဗမာအစိုးရအဖို့ လှိုင်ခေါင်းထဲက ထွက်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်လို့ ပြောနိုင်တယ်။ မြောက်ကိုရီးယား နောက်လိုက်ရင်တော့ ကြပ်ပြေးလှိုဏ်ခေါင်းထဲက ထွက်နိုင်မှာမဟုတ်ဘူး။
လောလောဆယ်တော့ ARF အစည်းအဝေးတွေအကြားမှာ ဖြစ်ပေါ်တဲ့ ဒေသဆိုင်ရာလုံခြုံရေးကိစ္စကို ထိန်းထားနိုင်အောင် ARF ဥက္ကဋ္ဌက ညှိနှိုင်းကွပ်ကဲရပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌဟာ ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲရဲ့ အလည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရတယ်။ ARF ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ ARF ရဲ့ တရားဝင် သဘောထားဖြစ်တယ်။ ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်။
ဒါကြောင့်မို့ ဗမာစစ်အစိုးရကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မပေးတာ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဟာ (၂၇) နိုင်ငံ ARF ဆွေးနွေးပွဲရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အတွက် ဗမာကို ဥက္ကဋ္ဌခန့်တာနဲ့ ARF အစည်းအဝေးကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေ တက်ကြမှာမဟုတ်ဘူး။ ဗမာအစိုးရကြောင့် ARF ပုံမှန်ဆွေးနွေးပွဲ အလိုအလျောက် ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဗမာအစိုးရဟာ အလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မရတဲ့ တဦးတည်းသော အာဆီယံအဖွဲ့ဝင်ဖြစ်နေပါတယ်။
No comments:
Post a Comment