မဇ္ဈိမသတင်းဌာန
၂၈ ဇူလိုင်လ ၂ဝဝ၉ (အင်္ဂါ)
အပြီးသတ်လျှောက်လဲချက် နောက်ဆုံးနေ့
- ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားလို ရှေ့နေများ၏ လျှောက်လဲချက်ကို ပြန်လည် ရှင်းလင်းချေပ။
- မစ္စတာ ယက်တော ရှေ့နေ ကလဲ စည်ပင် ယာသာ ဥပဒေ နှင့် လူဝင်မှု ကြီးကြပ် ရေး ဥပဒေ တို့ဖြင့် စွဲချက် တင်ထား မှုအတွက် လျှောက် လဲချက် တင်ပြ။
- အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်း ခရိုတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံးနေ့ အဖြစ် ကြားနာအပြီး ဇူလိုင်လ ၃၁ ရက်နေ့ (သောကြာ) တွင် စီရင်ချက်ချမည်ဟု ကြေညာ။
- ဒေါ်အောင်ဆန်းစုကြည်က သူမ အနေဖြင့် အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း သူမရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြားလိုက်သည်။
- ယနေ့ အပြီးသတ်လျှောက်လဲချက် နောက်ဆုံးနေ့ အဖြစ် လူထုနှင့် အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ အမှုစစ်ဆေးရာ အင်းစိန်ထောင်ရှေ့သို့ လာရောက် စောင့်ဆိုင်း။
- ဒေါ်စု ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။
- ဒေါ်စုကို တရားစွဲဆိုသူ များကဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။
၂၇ ဇူလိုင် ၂ဝဝ၉ (တနင်္လာနေ့)
အပြီးသတ်လျှောက်လဲချက် ဒုတိယမြောက်နေ့
- ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက်နေ့ အဖြစ် သူမရှေ့နေများက နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ လျှောက်လဲချက်ပေး။
-နံနက် ၁ဝ နာရီတွင် ရုံးစထိုင်။ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အတွက် ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေး။ မစ္စတာယက်တော၏ ရှေ့နေ ဦးခင်မောင်ဦး လျှောက်လဲချက်ပေး။ ယင်းနောက် တရားခွင်ကို ခေတ္တနား။
- နေ့လည် တနာရီတွင် တရားခွင် ပြန်စ။ အစိုးရရှေ့နေက ညနေ ၅ နာရီထိ လျှောက်လဲချက်ပေး။
- ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲမှ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် မစ္စတာယက်တောတို့ ၃ ဦးအတွက် ရှေ့နေများ လျှောက်လဲချက် တင်သွင်းရာ ပြီးပြတ်ခြင်း မရှိသဖြင့် နောက်နေ့ (ဇူလိုင်လ ၂၈ ရက် ) နံနက် ၁ဝ နာရီကို ထပ်မံ၍ ရုံးချိန်းပေး။
- အစိုးရရှေ့နေက ဒေါ်စုသည် စည်းကမ်းဖောက်ဖျက်သဖြင့် ပြစ်မှုကျူးလွန်ကြောင်းနှင့် ၁၉၇၄ ခု အခြေခံဥပဒေသည် အသက်ရှိသေးသဖြင့် ယခုကဲ့သို့ အမှုစွဲဆိုခြင်းသည် တရားဝင်ကြောင်း လျှောက်။
- ဒေါ်စုရှေ့နေများက ယခုလ ၂၃ ရက် မြန်မာ့အလင်း သတင်းစာတွင် ဒေါ်စုအား ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြထားခြင်းသည် တရားရုံး ဂုဏ်သိက္ခာအား “ကျဆင်း” စေသည်ဟု တရားရုံးသို့ ယနေ့ လျှောက်လဲ။
- အဆိုပါ လျှောက်လဲချက်အတွက် တရားရုံးက ယနေ့ တုံ့ပြန်ခြင်း မရှိ။
- အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -Amnesty International AI က ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂ဝဝ၉ ခုအတွက် ပေးအပ်။
- ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃ဝ ခန့်မှ အန်အယ်ဒီ ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားများသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့။
-“ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ တရားရုံးက မဆုံးဖြတ်ရသေးဘူး။ ဒီအခြေအနေမှာ သူတို့ ဒီလို ရေးတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တရားရုံးကို လျှောက်တယ်။ (၁) တရားရုံးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ (၂) တရားရုံးကို လွှမ်းမိုးချင်တဲ့ သဘောဖြစ်တယ်။ (၃) ဒေါ်အောင်ဆန်းစုကြည်က တရားရုံးရဲ့ အကာအကွယ်ကို မရဘူးဖြစ်နေတယ်လို့ ကျနော်တို့ လျှောက်ပါတယ်”ဟု ဦးညဏ်ဝင်းပြောကြား။
-၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး ဆောင်ရွက်သောကြောင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်း မဟုတ်ဘဲ “တည်ဆဲဥပဒေတရပ်” အား “ဖောက်ဖျက်ကျူးလွန်” သောကြောင့် တရားရင်ဆိုင်နေရသူ ဖြစ်သည်ဟု ဖော်ပြခဲ့သည်ကို ဒေါ်စုရှေ့နေများက လျှောက်ထားချက်ကို တရားရုံးက မတုံ့ပြန်ခဲ့။
၂၄ ဇူလိုင် ၂ဝဝ၉ (သောကြာ)
နောက်ဆုံး လျှောက်လဲချက် ပထမနေ့
- ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် နောက်ဆုံး လျှောက်လဲချက်ကို ယနေ့ တင်ပြ။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံး လျှောက်လဲချက်ကို အင်းစိန်ထောင် တရားခွင်၌ ရှေ့နေ ဦးကြည်ဝင်းက မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄နာရီခွဲထိ လျှောက်လဲခဲ့။
- အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယခုလ ၂၇ ရက်နေ့သို့ ထပ်မံချိန်းဆို။
- ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ရုံးချိန်းများ ပေးနေခြင်းကို သဘောမကျကြောင်း တရားခွင်အပြီးတွင် သူမရှေ့နေများကို ပြောကြားခဲ့။
- မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ခြင်းမရှိဘဲ ကျင်းပမည့် ၂ဝ၁ဝ ခု ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂမှ ပြောသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းအား ပြောကြားလိုက်။်
- အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့ နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက် ခွင့်ပေး။
- နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းခဲ့။
၂၃ ဇူလိုင် ၂ဝဝ၉ (ကြာသပတေး)
နောက်ဆုံး လျှောက်လဲချက်အတွက် ရှေ့နေများနှင့် တွေ့ခွင့်ရ
- ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကြာမျှ တွေ့ဆုံခွင့်ရ။
- မွန်းလွဲ ၂ နာရီ မှ ၄ နာရီအထိ နောက်ဆုံးလျှောက်လဲချက် အတွက် တွေ့ဆုံဆွေးနွေး။
၂၂ ဇူလိုင် ၂ဝဝ၉ (ဗုဒ္ဓဟူး)
နောက်ဆုံးလျှောက်လဲချက်အတွက် ရှေ့နေများနှင့် တွေ့ဆုံခွင့် ပယ်ချခံရ
- အင်းစိန်ထောင် အတွင်းရှိ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးသို့ သောကြာနေ့ (ဇူလိုင် ၂၄) တွင် တင်သွင်းရမည့် နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား သူမ၏ ရှေ့နေများနှင့် တွေ့ဆုံဆွေးနွေးခွင့်ကို မြန်မာစစ်အစိုးရက ပယ်ချ။
၁၇ ဇူလိုင် ၂ဝဝ၉ (သောကြာ)
အပြီးသတ်လျှောက်လဲချက် အတွက် ရှေ့နေများနှင့် ဆွေးနွေးခွင့်ရ
- ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၌ ဇူလိုင်လ ၂၄ ရက်တွင် ပြုလုပ်မည့် အပြီးသတ် လျှောက်လဲချက် အတွက် အင်းစိန်ထောင်တွင် ၂ နာရီကြာ ဆွေးနွေးခွင့်ရ။
၁၃ ဇူလိုင် ၂ဝဝ၉ (တနင်္လာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး အစီရင်ခံ
- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်အကြောင်း လုံခြုံရေးကောင်စီတွင် အစီရင်ခံ။
၁ဝ ဇူလိုင် ၂ဝဝ၉ (သောကြာ)
တရားဆိုင် သက်သေ ဒေါ်ခင်မိုးမိုး ထွက်ဆို
- ဒေါ်အောင်ဆန်းစုကြည်၏ သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးအား ယနေ့ အင်းစိန်ထောင်တွင်းရှိ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စစ်ဆေး။
- ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်း မပြုနိုင် ကြောင်း ခုခံချေပခဲ့သည်ကို တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အဆိုပါ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြောဆို။
- အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးတွင် သောကြာနေ့က ပြုလုပ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇူလိုင် ၂၄ ရက်နေ့သို့ သတ်မှတ်။
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကုလအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးမှုကို သူမရှေ့နေများက သတင်းပေးပြောကြားချက်ကို ဒေါ်စုက မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အပေါ် မှတ်ချက်တစုံတရာ မပေးခဲ့။
၎ ဇူလိုင် ၂ဝဝ၉ (စနေ)
ကုလ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲပြုလုပ်
- ဒေါ်အောင်ဆန်းစုကြည် အရေးဖြင့် မြန်မာ နိုင်ငံရောက်ရှိနေသော ကုလ အထွေထေါ အတွင်းရေးမှူး ဘန်ကီမွန်းသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ သံတမန်များ၊ ပြည်တွင်း သတင်းထောက်များ စုစုပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲကို ဟံသာဝတီ မူးယစ် ဆေးဝါးပြတိုက်တွင် ပြုလုပ်။
- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခြင်း အတွက် ဝမ်းနည်းမိပါကြောင်း ကုလ အထွေထွေ အတွင်းရေးမှူးက ပြောကြား။
- အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သော ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်းတို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် နေပြည်တော်တွင် ၁၅ မိနစ်ခန့် တွေ့ဆုံခွင့်ရ။
၃ ဇူလိုင် ၂ဝဝ၉ (သောကြာ)
တရားဆိုင်ပြ သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးရန် ရုံးချိန်းနေ့
- ဒေါ်အောင်ဆန်းစုကြည်၏ တရားဆိုင်ပြ သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးရန် အင်းစိန်ထောင်တွင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ချိန်းဆိုထားသော နေ့ဖြစ်။
- အင်းစိန်ထောင်တွင်း ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ယနေ့ စစ်ဆေးမည့် အမှုတွဲကို ရန်ကုန် တိုင်းတရားရုံးထံမှ လက်ခံမရရှိသေးသဖြင့်ဟု ဆိုကာ တရားဆိုင်ပြ သက်သေ ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ဇူလိုင် ၁ဝ ရက်နေ့သို့ ရက်ရွှေ့ဆိုင်း။
- ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း မြန်မာ နိုင်ငံသို့ ၂ ရက်ခရီးစဉ် အဖြစ် ယနေ့ နံနက် မြန်မာ စံတော်ချိန် ၉ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်။
၃ဝ ဇွန် ၂ဝဝ၉ (အင်္ဂါ)
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ဆုံ
- ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့် တို့ကို အင်္ဂါနေ့ နေ့လည် ၁ နာရီခန့်က အင်းစိန်ထောင်ရှိ သူမကို ထိန်းသိမ်းထားသည့် နေရာ၌ တွေ့ဆုံ။
- မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အဓိက ဆွေးနွေးမည့် အကြောင်းကိစ္စ ၃ ရပ် အပေါ် အထိန်းသိမ်းခံ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးထိုက်တဲ့ အရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူမရှေ့နေများနှင့် အင်းစိန် အကျဉ်းထောင်တွင် တွေ့ဆုံစဉ် မှတ်ချက်ပြု။
*
၂၉ ဇွန် ၂ဝဝ၉ (တနလာင်္)
ဦးတင်ဦးနှင့် ဦးဝင်းတင် တို့ကို ဗဟိုတရားရုံးက သက်သေထွက်ဆိုခွင့် ပယ်ချ
- ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် တရားဆိုင်သက်သေများအဖြစ် တင်သွင်းထားသည့် အန်အယ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့အား ရန်ကုန်တိုင်းတရားရုံးက ငြင်းပယ်ခဲ့မှုကို ဗဟို တရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ယနေ့တွင် ထပ်မံ၍ ပယ်ချ။
၂၆ ဇွန် ၂ဝဝ၉ (သောကြာ) (ရုံးထုတ်)
ဒေါ်ခင်မိုးမိုး ထွက်ဆိုချက် ကြားနာရက် ရက်ချိန်းပြောင်း
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေထွက်ဆိုမည့် ဒေါ်ခင်မိုးမိုး ထွက်ဆိုရမည့်ရက်ဖြစ်။
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုး၏ ထွက်ဆိုချက်ကို ကြားနာရန်အတွက် ဇူလိုင်လ ၃ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးက ရက်ချိန်းပေး။
- မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ ယနေ့ ရန်ကုန်သို့ ရောက်ရှိပြီး စစ်အစိုးရ အကြီးအကဲများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ဆက်လက် ထွက်ခွာ။
၂၅ ဇွန် ၂ဝဝ၉ (ကြာသပတေး)
ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်၍ ရဲချုပ် ခင်ရီ သတင်းစာရှင်းလင်းပွဲလုပ်
- ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရန်ကုန်ရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးပြတိုက်၌ ယနေ့ မွန်းလွဲ ၂ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်။
- ဒေါ်အောင်ဆန်းစုကြည်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ရိုက်သတင်းမပို့ဘဲ ၄ ရက်အကြာ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကျမှ သူမအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့သဖြင့် သဲလွန်စရရန် ခက်ခဲပြီး အဖြစ်မှန် မဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မစ္စတာယက်တောသည် ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး၊ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းနှင့် စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတဦးဆိုတာ မဟုတ်မှန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်မှုနှင့် ပတ်သက်၍ သူမတွင်သာ တာဝန်ရှိကြောင်း၊ ပထမအကြိမ် လာရောက်စဉ်ကတည်းက တာဝန်ရှိသူများကို သတင်းပြည့်စုံစွာ မပို့ခဲ့ဘဲ ထိန်ချန်ထားခဲ့သည်ဟူ၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြား။
၂၄ ဇွန် ၂ဝဝ၉ (ဗုဒ္ဓဟူး)
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေ ထွက်ဆိုခွင့် လျှောက်ထားချက် ဗဟိုတရားရုံးက ကြားနာ
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေ ထွက်ဆိုခွင့် ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်ထားသည့် အန်အယ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့အား ပြင်ဆင်ခွင့် လက်ခံရန်အတွက် သူမ၏ ရှေ့နေများက ယနေ့တွင် ဗဟိုတရားရုံး၌ လျှောက်လဲချက်ပေး။
- ဗဟိုတရားရုံးက ကြားနာခဲ့ပြီး စီရင်ချက် မချသေးဘဲ တရားခွင်ပြီးဆုံး။
- နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဦးတင်ဦးကို လက်ခံရန် ဖြစ်နိုင်ဖွယ် ရှိကောင်းမှ ရှိမည်ဟူ၍ လည်းကောင်း၊ ပြည်ပအခြေစိုက် အသံလွှင့် သတင်းဌာနများသို့ အင်တာဗျူး အများအပြား ပေးနေသည့် ဦးဝင်းတင်အနေဖြင့်လည်း အာဏာပိုင်များနှင့် သဘောထားချင်း ကိုက်ညီမှုမရှိသဖြင့် အရည်အသွေး ပြည့်မီဖွယ်မရှိကြောင်း ဗဟိုတရားရုံး တရားသူကြီးများက ဒေါ်စု ရှေ့နေများကို ပြောကြား။
၁၉ ဇွန် ၂ဝဝ၉ (သောကြာ)
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေထွက်ဆိုခွင့် လျှောက်လဲရန် ဗဟိုတရားရုံးက ရက်ချိန်းပေး
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေ ထွက်ဆိုခွင့်ပြုရေးနှင့် ပတ်သက်၍ ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ခြင်းကို ကြားနာရန် ဗဟိုတရားရုံးက ဇွန်လ ၂၄ ရက်နေ့သို့ ရုံးချိန်းပေး။
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အန်အယ်လ်ဒီပါတီ ဌာနချုပ်က ကျင်းပ။
- ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး ဖမ်းဆီးခံရသူ The News Watch သတင်းထောက်ချုပ်ဟောင်း၊ အလွတ်သတင်းထောက် ကိုဇော်ထွန်းကို ဗဟန်းမြို့နယ် တရားရုံးက ရဲကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်။
၁၇ ဇွန် ၂ဝဝ၉ (ဗုဒ္ဓဟူး)
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ သက်သေအဖြစ် လျှောက်လဲခွင့် ရရေး အယူခံဝင်မှု ဗဟိုတရားရုံးက လက်ခံ
- ဒေါ်အောင်ဆန်းစုကြည် အတွက် တရားဆိုင် သက်သေ အဖြစ် ထွက်ဆိုခွင့် အင်းစိန်ထောင်ရှိ အောက်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို သက်သေထွက်ဆိုခွင့်ပြုရေး ထပ်မံ လျှောက်လဲမှုကို ဗဟိုတရားရုံးက လျောက်လဲခွင့်ပြု။
၁၂ ဇွန် ၂ဝဝ၉ (သောကြာ)
အမှု ရက်ချိန်း ထပ်မံရွှေ့ဆိုင်း
- အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက သတ်မှတ်ထားသည့်အတိုင်း ယနေ့တွင် ရုံးချိန်း ထုတ်။
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေ ထွက်ဆိုမည့် တောင်ကြီးမြို့နေ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါ်ခင်မို့မို့အား ယနေ့ ရုံးချိန်းတွင် မစစ်ဆေးဘဲ ဇွန်လ ၂၆ ရက်နေ့ကို အင်းစိန် ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက ထပ်မံ ချိန်းဆို။
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးချိန်းအတွက် လာရောက်သည့် သူမရှေ့နေများ အင်းစိန်ထောင်တွင် ၁၅ မိနစ်ခန့် တွေ့ဆုံ။
၁၁ ဇွန် ၂ဝဝ၉ (ကြာသပတေး)
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ သက်သေထွက်ဆိုခွင့် လျှောက်လဲရန် ရက်ကို ဗဟို တရားရုံးက ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း
- ဒေါ်အောင်ဆန်းစုကြည် အတွက် တရားဆိုင် သက်သေထွက်ဆိုခွင့် လျှောက်လဲမည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ ၂ ဦးကို ဗဟိုတရားရုံးချုပ် ဇွန်လ ၁၇ ရက်နေ့ တွင် ခွင့်ပြုကြောင်း ယနေ့ နေ့လည်က ချိန်းဆို။
- ယနေ့ ညနေပိုင်းတွင် လျှောက်လဲရမည့် ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ဗဟိုတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးညဏ်ဝင်းကို အကြောင်းကြား။
၁ဝ ဇွန် ၂ဝဝ၉ (ဗုဒ္ဓဟူး)
ဒေါ်အောင်ဆန်းစုကြည် နှင့် သူမရှေ့နေ ဦးညဏ်ဝင်း တွေ့ဆုံ
- ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းတို့ အင်းစိန်ထောင်တွင် တနာရီခွဲကျော်ကြာ တွေ့ဆုံ။
- ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်သည့် ဓာတ်ပုံများကို မန္တလေး မြို့တော် အပါအဝင် မန္တလေးတိုင်း မြင်းခြံနှင့် မကွေးတိုင်း ကျောက်ပန်းတောင်းတို့တွင် အမည်မသိသူများက တိတ်တဆိတ် ဖြန့်ချိမှု ဖြစ်ပွား။
- နေပြည်တော်မှ လွှင့်ထုတ်နေသော ပိတောက်မြေ FM ရေဒီယို အသံလွှင့်ဌာနမှ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်သည့် ယက်တောနှင့် မချော ဆိုသည့် အတင်းအဖျင်းအစီအစဉ်ကို ထုတ်လွှင့်လျက်ရှိကြောင်း ရန်ကုန်မြို့ခံများကပြောကြား။
၉ ဇွန် ၂ဝဝ၉ (အင်္ဂါ)
ဒေါ်ခင်မို့မို့ကို သက်သေအဖြစ် ရန်ကုန်တိုင်း တရားရုံးက ခွင့်ပြု
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေ ထွက်ဆိုခွင့် အင်းစိန်ထောင်တွင်းရှိ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဦးဝင်တင်၊ ဦးတင်ဦး နှင့် ဒေါ်ခင်မို့မို့ တို့ကို ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်ချက်ပေး။
- သက်သေထွက်ဆိုခွင့်ကို ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို တိုင်းတရားရုံက ပယ်ချ။ ဒေါ်ခင်မို့မို့ကို ခွင့်ပြု။
- ယနေ့ ရန်ကုန် တိုင်းတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်၊ တရားလိုဘက်မှ တိုင်းဥပဒေရုံး ဒုတိယ တိုင်းဥပဒေအရာရှိ ဒေါ်ခင်မာကြည် တက်ရောက်။
- ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းတရားသူကြီး ဦးမြင့်အောင်က ချမှတ်ခြင်း ဖြစ်။
- ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးသည် ဒေါ်ခင်ခင်အေးကို ဗဟို သမဝါယမအသင်း အကြီးတန်း မန်နေဂျာ အဖြစ်မှ မြန်မာစစ်အစိုးရ သမဝါယမဝန်ကြီးဌာနက အကြောင်းပြချက်မပေးဘဲ ယနေ့ အလုပ်ထုတ်။
၅ ဇွန် ၂ဝဝ၉ (သောကြာ)
ရုံးချိန်းရက်ကို ထပ်မံရွှေ့ဆိုင်း၊ တရားဆိုင် သက်သေထွက်ဆိုခွင့် ရန်ကုန်တိုင်းရုံးတွင် လျှောက်လဲ
- ဒေါ်အောင်ဆန်းစုကြည် အမှု ရုံးချိန်း။
-အင်းစိန် အကျဉ်းထောင်တွင်းရှိ ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက ယနေ့ပြုလုပ်သော တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇွန်လ ၁၂ ရက်နေ့သို့် ချိန်းဆို။
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေထွက်ဆိုခွင့်ကို အင်းစိန်ထောင် မြောက်ပိုင်း ခရိုင် တရားရုံးက ပယ်ချခဲ့သူ ၃ ဦးကို သက်သေထွက်ဆိုခွင့် အတွက် ယနေ့ ရန်ကုန်တိုင်း တရားရုံး တရားသူကြီး ဦးမြင့်အောင် ရှေ့မှောက်တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲ။
- တရားဆိုင် သက်သေ (၃) ဦးအား ပယ်ချခံထားခြင်းကို ပြန်လည် ခွင့်ပြု-မပြုနှင့် ပတ်သက်၍ ဇွန်လ ၉ ရက်နေ့ ညနေ ၃နာရီတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း တရားရုံးက အမိန့်ချ။
- ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ထွက်ဆိုခွင့်ကို ဥပဒေ အကျိုးဆောင်လည်းဖြစ်သူ ဦးဉာဏ်ဝင်းနှင့် တရားလို (စစ်အစိုးရ) ဘက်က ရန်ကုန်တိုင်း ဥပဒေရုံးမှ ဥပဒေဝန်ထမ်း အဆင့် ၁ ဖြစ်သူ ဒေါ်ခင်မာကြည် တို့က ရန်ကုန်တိုင်းတရားသူကြီး ဦးမြင့်အောင်ထံ နှစ်ဖက် လျှောက်လဲခဲ့ကြခြင်းဖြစ်။
၃ ဇွန် ၂ဝဝ၉ (ဗုဒ္ဓဟူး)
တရားဆိုင် သက်သေ ၃ ဦးပြန်လည် လက်ခံရေး ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထား
- ဒေါ်အောင်ဆန်းစုကြည် အတွက် မြောက်ပိုင်း ခရိုင် တရားရုံးက သက်သေထွက်ဆိုခွင့် ပယ်ချ ခံရသူ ၃ ဦးအား ပြန်လည်သုံးသပ်ပေးရန် တရားဆိုင် ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထား။
- တရားဆိုင် ဘက်မှ သက်သေထွက်ဆိုခွင့် အယူခံ ဝင်မှုကို နှစ်ဘက် ရှေ့နေများ လျှောက်လဲကြရန် ဇွနုလ ၅ ရက်နေ့ ညနေ ၃ နာရီသို့ တရားရုံးက ချိန်းဆို။
၂၉ မေ ၂ဝဝ၉ (သောကြာ)
ရုံးချိန်း ၁ဝ ရက်မြောက်နေ့၊ အမှု ရုံးချိန်း ရက်ပြောင်း
- အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရက်ချိန်းရွှေ့ကြောင်း ရှေ့နေများထံသို့ အကြောင်းကြားစာပေးပို့။
- ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ ဒေါ်စုမှာ နိုင်ငံခြားသားကို လက်ခံတွေ့ဆုံခဲ့ပြီး သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သဖြင့် ယခုကဲ့သို့ အရေးယူရကြောင်း စစ်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံ အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ကျင်းပသည့် ၈ ကြိမ်မြောက် The Shangri- La Dialogue အစည်းအဝေးတွင် ပြောကြား။
၂၈ မေ ၂ဝဝ၉ (ကြာသပတေး)
ရုံးချိန်း ၉ ရက်မြောက်နေ့ ၊ အပြီးသတ် လျှောက်လဲရန် ချိန်းဆို
- ရုံးချိန်း ၉ ရက်မြောက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးကြည်ဝင်း သက်သေအဖြစ် ၂ နာရီခန့် ယနေ့ ထွက်ဆို။
-အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အင်လျားကန် မည်သည့်နေရာမှ ဆင်းသက်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မည်သည့်လမ်းကြောင်းမှ ရေကူးသွားခဲ့သည်ကို ယနေ့ မွန်းလွဲတွင် ရဲက သရုပ်ပြခိုင်း။
- တက္ကသိုလ် ရိပ်သာလမ်းကို မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့်က စတင်ပိတ်ဆို့ခဲ့ပြီး ညနေ ၄ နာရီတွင် ပြန်ဖွင့်ပေး။
- အမှုကို အပြီးသတ် လျှောက်လဲရန်အတွက် တရားရုံးက ဇွန်လ ၁ ရက်နေ့သို့ ချိန်းဆို။
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရန် ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ အင်းစိန်ထောင်ရှေ့တွင် အသက် ၅၆ နှစ်အရွယ် လေတပ်အငြိမ်းစား ဗိုလ်ကြီး ဇော်ညွှန့် ယနေ့ ဆန္ဒပြသဖြင့် ရဲက ဖမ်းဆီး။
၂၇ မေ ၂ဝဝ၉ (ဗုဒ္ဓဟူး)
တရားဆိုင် သက်သေ ၄ ဦးမှ ၁ ဦးသာ လက်ခံ
- ဒေါ်အောင်ဆန်းစုကြည် အတွက် သက်သေထွက်ဆိုရန် သူမရှေ့နေများက အန်အယ်ဒီ အမတ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန်ထောင်တွင်း တရားရုံးသို့ အမည်စာရင်း တင်သွင်း။
- အင်းစိန်ထောင် အတွင်းရှိ မြောက်ပိုင်း ခရိုင် တရားရုံးက ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ဥပဒေ ပုဒ်မ ၂၅၇ အရ ဟုဆို၍ ပယ်ချ။
-''တရားရုံးမှာ ကျင့်ထုံးပုဒ်မ ၂၅၇ ပြဋ္ဌာန်းချက်အရ ပယ်နိုင်တဲ့ အခွင့်အရေးရှိတယ်၊ အာဏာရှိတယ်။ သို့သော် ဘယ်လိုအခါမျိုးမှာ ပယ်ရမလဲဆိုတော့ တရားစီရင်ရေးကို အနှောက်အယှက်ဖြစ်အောင်၊ ကြန့်ကြာအောင်၊ တရားစီရင်ရေး မမှန်မကန်ဖြစ်အောင် လုပ်မှသာ ပယ်ရမှာ ဖြစ်တယ်။ ဒီလို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ အခုလို ငြင်းပယ်တာ မှားတယ်ပေါ့ဗျာ'' ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ တဦးဖြစ်သည့် ဦးကြည်ဝင်းကပြောဆိုသည်။
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် အင်းစိန် တရားရုံးတွင် မေလ ၂၆ ရက်နေ့က သူမ ကိုယ်တိုင် ရေးသား လျှောက်လဲသည့်စာကို အများပြည်သူသို့ ထုတ်ပြန်။
၂၆ မေ ၂ဝဝ၉ ( အင်္ဂါ)
၇ ရက်မြောက်နေ့ အဖြစ် စစ်ဆေးကြားနာ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပယ်ဖျက်။
- ဒေါ်အောင်ဆန်းစုကြည် အမှုကို ၇ ရက်မြောက်နေ့ အဖြစ် စစ်ဆေးကြားနာ။
- ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ဆေး ကြားနာမှုကို ဒုတိယ အကြိမ် အဖြစ် သံတမန် ၂၉ ဦးနှင့် နိုင်ငံခြား သတင်းထောက် ၁၅ ဦး၊ ပြည်တွင်း သတင်းထောက် ၁ဝ ဦးတို့ တက်ရောက်ခွင့်ရ။
-ခရမ်းရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် တရားရုံးသို့ ရောက်ရှိ။
- သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများက ဒေါ်အောင်ဆန်းစုကြည် ဝင်လာချိန်မှသည် ထိုင်သွားသည်အထိ မတ်တပ်ရပ် ဂုဏ်ပြု။
- ဒေါ်အောင်ဆန်းစုကြည်က သူမရှေ့နေ ဦးဥာဏ်ဝင်းပေးသော စာကိုဖတ်အပြီး သံတမန်များကို နှုတ်ခွန်းဆက် စကားပြောကြား။ တရားခွင်ကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စတင်။
- ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို။ သူမက တရားရုံးတော်သို့ လျှောက်လဲစာ ကိုယ်တိုင် ရေးသား တင်သွင်း။
- မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သံတမန်များနှင့် သတင်းထောက်များ အင်းစိန် အကျဉ်းထောင်ထဲမှ ပြန်ထွက်။
- သူမကို အကျယ်ချုပ်ထားသည့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) ကို စစ်အစိုးရက ယနေ့ ပယ်ဖျက်ပေး။
- အင်းစိန် အကျဉ်းထောင်တွင် စစ်အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၊
- မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူများ၏ သဘောတူညီချက်ဖြင့်သာ ဒေါ်အောင်ဆန်းစုကြည် အမှု အပေါ် ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း စစ်အစိုးရကို ထိုင်းက တုံ့ပြန်။
၂၅ မေလ် ၂ဝဝ၉ (တနလာင်္)
ဒေါ်အောင်ဆန်းစုကြည် အမှု ၆ ရက်မြောက်နေ့
- ဆဋ္ဌမမြောက်နေ့ အဖြစ် စစ်ဆေး ကြားနာ။ နံနက် ၁ဝ နာရီတွင် တရားခွင် စတင်။
- စစ်အစိုးရက တရားလိုပြ သက်သေ ၂၃ ဦးတင်သွင်း။ ရဲ ၁၄ယောက်ပါဝင်ပြီး၊ အရပ်သား ၉ ဦး ပါဝင်။
-ဒေါ်အောင်ဆန်းစုကြညု၏ ရှေ့နေများက ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်၊ ရဲမှူးကြီး ဝင်းနိုင်ထွန်း၊ ဒုတိယရဲမှူး စကျော်ဝင်း၊ ရဲမှူး တင်ဇော်ထွန်းတို့ကို စစ်ဆေး။
- အခြားသော သက်သေများကို တရားလို စစ်အစိုးရဘက်က ပြန်လည် ရုပ်သိမ်း။
- ဒေါ်အောင်ဆန်းစုကြည် ဘက်မှ သက်သေများ စာရင်းတင်ပြ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်မိုးမိုးတို့ ပါဝင်။
- ညနေ ၄နာရီတွင် တရားခွင် ပြီးဆုံး။
- နောက်နေ့ (မေလ ၂၆ ရက် အင်္ဂါနေ့) တရားခွင် ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုမည်ဖြစ်။
- ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရာ အင်းစိန် ထောင်ရှေ့သို့ ဇိုမီး အမျိုးသား ကွန်ကရက်ပါတီမှ ပူးကျင်ရှင်းထန်နှင့် ဦးဝင်းတင်တို့လည်း လာရောက် စောင့်ဆိုင်း။
- အာဆီယံက ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးမှုနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခြင်းကို ပြည်တွင်းရေးဝင်စွက်ဟု မြန်မာစစ်အစိုးရက နိုင်ငံပိုင်သတင်းဌာနများမှ တုံ့ပြန်။
၂၂ မေလ ၂ဝဝ၉ (သောကြာ)
ဒေါ်အောင်ဆန်းစုကြည် အမှုကို လက်ခံ စစ်ဆေးရန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်။
- ဒေါ်အောင်ဆန်း စုကြည်အမှု ရုံးချိန်း ၅ ရက်မြောက်နေ့။
- ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်သည် ဟူသော စစ်အစိုးရ၏ ဦးတိုက် လျှောက်ထားချက်ကို လက်ခံစစ်ဆေးရန် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ယနေ့ ဆုံးဖြတ်။
- ညနေ ၄ နာရီ ၄၅ မိနစ်တွင် တရားရုံးကို ၄၅ မိနစ်ကြာ ရပ်နားပြီး နှစ်ဦးပါ တရားသူကြီး အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်။
-ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ လာရောက်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ၏ အတွင်းရေးမှူး ဦးအေးသာအောင်လည်း အင်းစိန်ဈေးအနီးတွင် လာရောက် စောင့်ဆိုင်း။
- ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီဆု ရွေးချယ်။
- တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများအတွက် မြန်မာ အတိုက်အခံများသို့ ဒေါ်လာငွေ တသောင်း လှူဒါန်း။
- ယခု အမှုကို စစ်အစိုးရက ဖန်တီးခဲ့ခြင်း မဟုတ်ကြောင်း၊ အတိုက်အခံ အဖွဲ့အစည်းများက အချိန်ကိုက် ဖန်တီးခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက မေလ ၁၈ ရက်နေ့တွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ဖြေကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ။
၂၁ မေလ ၂ဝဝ၉ ( ကြာသပတေး)
ရုံးချိန်း စတုတ္ထနေ့၊ မျက်မြင်သက်သေများကို စစ်ဆေး
- ရုံးချိန်း စတုတ္ထမြောက်နေ့ အဖြစ် ဂျွန်ဝီလျံ ယက်တောထံမှ သိမ်းဆည်းရမိသည့် ဗီဒီယိုထဲတွင် ရိုက်ကူးထားသည်များကို မျက်မြင်သက်သေက ရုံးတော်သို့ ပြသ။
- တရားရုံးက မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေး။ ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်အန္တရာယ်ဘေး မြင်ခဲ့ဟု ယက်တောပြော။
- ညနေ ၄ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် အင်းစိန်ထောင် အတွင်းမှ ပြန်လည် ထွက်ခွာ။ ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ လာရောက်။
၂ဝ မေလ ၂ဝဝ၉ (ဗုဒ္ဓဟူး)
ရုံးချိန်း တတိယနေ့၊ သံရုံးများနှင့် သတင်းထောက်များ တက်ခွင့်ရ
- ရုံးချိန်း တတိယမြောက်နေ့ အဖြစ် တရားခွင်သို့ နိုင်ငံခြားသံရုံးများမှ သံအရာရှိ ၃ဝ နှင့် သတင်းစာဆရာ ၁ဝ ဦးတို့ တက်ရောက် နားထောင်ခွင့် ရခဲ့။
- ဗဟန်းမြို့နယ် ရဲစခန်းမှူး တင်ဇော်ဝင်း က တရားလိုပြ သက်သေအဖြစ် ထွက်ဆို။ တရားလိုပြ သက်သေနှစ်ဦး လျှောက်လဲ။
- တရားခွင်ကို မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်မှာစတင်ပြီး ၂ နာရီ ၁ဝ မိနစ်တွင် ပြီးဆုံး။
- ဒေါ်အောင်ဆန်းစုကြည်မှာ အကျီင်္ပန်းရောင်၊ ယောလုံချည်အနီ ဝတ်ဆင်ထား၊ လက်ကိုင်အိတ်အနက် ကိုင်ဆောင်ထား။
- ဒေါ်အောင်ဆန်းစုကြည်မှာ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် ဆလွန်းကား ၁ခ/ ၈၉၁၈ ဖြင့် ရောက်ရှိလာ။ တရားရုံးတွင်းသို့ ဝင်ရောက်လာပြီး သူမ၏ ရှေ့နေများကို နှုတ်ဆက်ကာ နေရာယူခဲ့။
- တရားခွင်အပြီးတွင် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကားဆို။
- ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌဖြစ်သော ရုရှားနိုင်ငံ၏ သံအမတ်၊ ထိုင်းနှင့် စင်္ကာပူ သံအမတ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တရားခွင်အပြီး သီးခြား တွေ့ဆုံခွင့်ရ။
- နိုင်ငံခြား သတင်းထောက် တယောက်ကို သူ့အနေဖြင့် စကားပြောခွင့် မရသဖြင့် စိတ်မကောင်း ဖြစ်မိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား။
- နိုင်ငံခြား သတင်းထောက် တယောက်က တရားခွင်ပုံကို ပန်းချီဆွဲ။
- တရားခွင် ဝင်ရောက်နားထောင်ခွင့်ရ သတင်းထောက် အချို့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း အထင်းသား ပေါ်လွင်နေသည်ဟု အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသူများကို ရှင်းလင်းပွဲငယ် ပြုလုပ်ပြောကြား။ လုံခြုံရေးများ ရောက်ရှိလာသဖြင့် ရှင်းလင်းပွဲငယ် ပျက်သွား။
၁၉ မေလ ၂ဝဝ၉ ( အင်္ဂါ)
နိုင်ငံပိုင် သတင်းစာက တရားခံ ဒေါ်စုဟု သုံးနှုန်း၊ ရုံးချိန်း ဒုတိယနေ့
- ရုံးချိန်း ဒုတိယနေ့ အဖြစ် တရားလိုပြသက်သေ ၅ဦးထွက်ဆို၊ မှုခင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ရဲအုပ်သန်းနိုင်၊ ဒုတိယ တပ်ကြပ် မျိုးလွင်၊ ဒုတိယရဲမှူး မောင်မောင်မြင့် ၊ ရယက ဥက္ကဌ ဦးသာစိန် တို့ဖြစ်။
- နိုင်ငံပိုင် သတင်းစာက သတင်းထုတ်ပြန်ရာတွင် တရားခံ ဒေါ်အောင်ဆန်းစုကြည်ဟု သုံးနှုန်းခဲ့။
- ရွှေတိဂုံဘုရား အင်္ဂါထောင့် ဒေါ်အောင်ဆန်းစုကြည် အတွက် ပုံမှန် ဆုတောင်းပွဲ ရှိနေသဖြင့် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထား။
- အင်းစိန် အကျဉ်းထောင်ရှေ့ ဦးဝင်းတင် ထိုင်နေရာသို့ ယူနီဖောင်းဝတ် လက်နက်ကိုင် လုံခြုံရေးများ ကားတစီး ရောက်ရှိလာရာ ရုတ်ရုတ်သဲသဲဖြစ်။
- တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆို။
၁၈ မေလ ၂ဝဝ၉ ခုနှစ် (တနင်္လာ)
ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ပထမ ရက်
- ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးထုတ်။
- ညနေ ၃ နာရီတွင် တရားခွင်မှနေ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ကို ရဲကားဖြင့် အင်းစိန်ထောင်မှသည် ရန်ကုန်မြို့ထဲဘက်သို့ ခေါ်ဆောင်သွား။
- အင်းစိန်ဂုံးကျော် တံတားမှ ပေါက်တောဝ အထိ လမ်းပိတ်။ အင်းစိန်ထောင် ရှေ့သို့ လမ်းလျောက်၍သာ ဝင်နိုင်။ အင်းစိန် ဘူတာရုံကိုပါ အစောင့်ချထား။ ရဲ၊ စွမ်းအားရှင် နှင့် ကြံ့ဖွံ့များ အစောင့်ချထား။ စွမ်းအားရှင်များနှင့် ဒိုင်နာကားများကို အသင့်ခေါ်ယူထား။
- NLD အဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် ပြည်သူ အင်အား ၃ဝဝဝ ခန့် အင်းစိန်ထောင်ရှေ့တွင် စုရုံးရောက်ရှိ။
- ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် မြောက်ပိုင်း ခရိုင် တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြု။ အမေရိကန် သံရုံး တခုတည်းကို ဝင်ခွင့်ပြုခဲ့။
- ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ဈေး အနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ဖမ်းဆီး။
၁၇ မေလ ၂ဝဝ၉ ( တနင်္ဂနွေ)
ဒေါ်အောင်ဆန်းစုကြည် မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို စစ်အစိုးရက မေလ ၇ ရက်နေ့ ညနေပိုင်းတွင် ခေါ်ယူထိန်းသိမ်းထားရာမှ ယနေ့ ပြန်လွှတ်။
၁၆ မေလ ၂ဝဝ၉ (စနေ)
ဒေါ်အောင်ဆန်းစုကြည် အတွက် ရှေ့နေလိုက်မည့် ရှေ့နေများ လိုင်စင်သိမ်းခံရ
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ရှေ့နေလိုက်ရန် ပြင်ဆင်နေသည့် တရားရုံးချုပ်ရှေ့နေကြီး ဦးအောင်သိန်းနှင့် တက်ကြွလှုပ်ရှားသူများ၏ အမှုကို လိုက်ပါပေးနေသည့် ဦးခင်မောင်ရှိန် တို့၏ ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင်များအား နအဖ အာဏာပိုင်များက ရုတ်သိမ်းလိုက်သည်။
၁၅ မေလ ၂ဝဝ၉ (သောကြာ)
ဒေါ်အောင်ဆန်းစုကြည် အမှု ထိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရူမ်း က သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြား။
၁၄ မေလ ၂ဝဝ၉ ခုနှစ် (ကြာသပတေး)
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ခေါ်ဆောင် တရားစွဲ၊ အမှုနံပတ် ၄၇/၂ဝဝ၉ ဖြစ်
- ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် ၅ နာရီ ၃ဝ မိနစ်တွင် လက်နက်ကိုင်ရဲများ ရောက်လာပြီး နေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်သွား။
- အင်းစိန်ထောင်သို့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိ။
- အင်းစိန်ထောင် မြောက်ပိုင်းခရိုင် တရားရုံးက နံနက် ၉ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဝင်း၊ ဒေါ်ဝင်းမမ၊ ဂျွန် ဝီလီယံ ယက်တော တို့ကို အကျယ်ချုပ် ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲကြောင်း အမှုကို ဖတ်ပြခဲ့ပြီး အမှုကို မေလ ၁၈ ရက်နေသို့ ရုံးချိန်းပေး။
- အမှုနံပါတ် ၄၇/၂ဝဝ၉ ဖြစ်။
- နေအိမ်အကျယ်ချုပ် ကာလအတွင်း စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှု ဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲ။
- ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ စောင့်ရှောက်သူာ ဒေါ်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- ချိုးဖောက်သူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆို။
- အမေရိကန် နိုင်ငံသားကို အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ ကန့်သတ်နယ်မြေကို ဝင်ရောက်မှုဖြင့် ရန်ကုန် မြူနီစပယ် အက်ဥပဒေ ပုဒ်မ ၂၈ ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ၊ အမှုနံပါတ် ၄၉/၂ဝဝ၉ ဖြင့် တရားစွဲ။
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ကောင်စစ်အရာရှိ မစ္စတာ ကောလင်းပီဖတ်စ်တ် (Colin P. Furst) မစ္စတာယက်တော ရုံးထုတ်ရာ အင်းစိန်ထောင်သို့ စကားပြန်နှင့် လာရောက်။
- အင်းစိန်ထောင် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုသည့် ယခု အမှုအတွက် တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင်တို့ဆောင်ရွက်။
၁၃ မေလ ၂ဝဝ၉ ခုနှစ် (ဗုဒ္ဓဟူး)
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ခေါ်ယူမည် ဖြစ်ကြောင်း စစ်အစိုးရက အကြောင်းကြား
- ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ခေါ်ယူတရားစွဲဆိုမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကို စစ်အစိုးရက အကြောင်းကြား။
-မြန်မာနိုင်ငံ ရဲအထူးသတင်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင် က တရားလို အဖြစ် တိုင်ကြား။
- မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ဒုတိယအတွင်းဝန် (ကောင်စစ်ဝန်)နှင့်အဖွဲ့ Mr. John William Yettaw အား ကောင်စစ်ဆိုင်ရာတွေ့ဆုံမှုပြုလုပ်ပြီး မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ အင်းယားကန်နံဘေး နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု။
၇ မေလ-၂ဝဝ၉ ခုနှစ် (ကြာသပတေး)
ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ အမေရိကန် နိုင်ငံသား တဦး ဝင်ရောက်ခဲ့
- ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်း အတွင်းသို့ အင်းလျားကန်မှ တဆင့် ရေကူး ဝင်ရောက်သည်ဟု ဆိုကာ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို မေလ ၆ ရက်နေ့က ဖမ်းဆီးကြောင်း စစ်အစိုးရ သတင်းစာက ကြေညာ။
------------------------------------------------------------------
No comments:
Post a Comment