Monday, January 27, 2014

ပန်းတောင်းမြို့နယ်ရှိ စမ်းသပ်ရေနံတွင်းများ တူးဖော်ခွင့် ရပ်ဆိုင်းပေးရန် အကြောင်းကြားစာပို့

သက်အောင်(ဇေယျဝတီ)

ပဲခူးတိုင်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တောင်ဘို့ကြီးကျေးရွာအုပ်စုတွင် ဒေသခံများ စမ်း သပ်တူးဖော်နေသည့် ရေနံတွင်းများကို ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တူးဖော်မှု ရပ်ဆိုင်းလိုက်သည်ဟု တောင်ဘို့ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ယင်းသို့ တစ်နိုင်တစ်ပိုင် စမ်းသပ်တူးဖော်နေဆဲ ရေနံတွင်းများသည် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇန်န၀ါရီ ၂၁ ရက်တွင် အကြောင်းကြားစာပို့ကာ တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“၁၄ ရက်၊ ၁၅ ရက်လောက်မှာ သတင်းတပ်ဖွဲ့က သတင်းတင်လိုက်တယ်။ နီးစပ်ရာ ကျေးရွာတွေကို ရောင်းချပေးနေတယ်ဆိုပြီး သတင်းတင်လိုက်တော့ မတူးဘဲ ရပ်ထားရတယ်။ စွမ်းအင်ဝန်ကြီးဌာနကို ခွင့်ပြုချက်တင်ထားတာ မကျသေးဘူး။ ကျမှ တူးပိုင်ခွင့်ရှိမယ်။ အခုလောလောဆယ် ရပ်ထားရတယ်” ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းက ပြောသည်။

ဥသျှစ်ပင်မြို့၊ တောင်ဘို့ကြီးကျေးရွာအုပ်စု မြေ၀ါကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာကြားကွင်း အ မှတ် (၃၃/က) ဦးပိုင်အမှတ်(၅၁/၁) ဒေသအခေါ် ရေနံမြောင်ကွင်းတွင် ဒေသခံများက စမ်းသပ် တူးဖော် ခဲ့ရာ အချို့တွင်းများတွင် တစ်ရက် ရေနံစိမ်း ၁၅ ဂါလံအထိ ထွက်ရှိနေသည်ဟု ဆိုသည်။

ရေနံတူးဖော်မှုကိုရပ်ဆိုင်းရန် ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာထုတ် တားမြစ်ရုံသာမက ဥသျှစ် ပင်ရဲစခန်းမှူးကပါ ဆက်တူးမတူး စောင့်ကြည့်ခိုင်းထားသည်ဟုလည်း အုပ်ချုပ်ရေးမှူးဦးကြည်ဝင်းက ပြောသည်။

“ကျွန်တော့်ကို အမြဲတမ်း သတင်းပို့ခိုင်းထားတယ်။ ဆက်တူးတယ်၊ မတူးဘူးဆိုတာ”ဟု ပြောသည်။

ရေနံတူးဖော်ခွင့် ရောင်းချခွင့်၊ သိုလှောင်ခွင့်နှင့်ပတ်သက်၍ စတင်တူးဖော်စဉ်ကာလကတည်းက စွမ်း အင်ဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ပြီး ခွင့်ပြုချက်ရရှိပါက ထပ်မံတူးဖော်မည်ဖြစ်ကြောင်း ရေနံစမ်းသပ် တွင်းတူးသူ ဦးလေးလွင်က ပြောသည်။

“တူးဖော်ခွင့် သိုလှောင်ခွင့်၊ ရောင်းချခွင့်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို လျှောက်ထားပြီးပြီ။ စတူးကတည်းက ကျတော့မယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ရေနံတွင်းများ စမ်းသပ်အောင်မြင်ပါက ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ယခင် နှစ် ပွင့်လင်းရာသီက အဆိုပါနေရာ၌ ရေနံတွင်းများ စမ်းသပ်တူးဖော်ခဲ့ရာ အောင်မြင်မှုမရရှိဘဲ ငွေကျပ် သိန်း ၃၀ ခန့် အရှုံးပေါ်ခဲ့သည်ဟု ဦးလေးလွင်က ဆက်ပြောသည်။

No comments: