Tuesday, January 28, 2014

အသုဘပို့ခြင်းကို တံတားဖြတ်သန်းခွင့် ပိတ်ပင်ခဲ့သည့် ရွာသားများ အမှုဖွင့်ခံရ

ဇော်ဇော်ထွေး

ကျေးရွာဓလေ့ထုံးတမ်းများအရ ရွာနာသည်ဟုဆိုပြီး အသုဘပို့ဆောင်သူများအား အများပိုင်တံတားပေါ် မှ ဖြတ်သန်းခွင့် ပိတ်ပင်သည့် အခြားရွာသားများကို အမှုဖွင့်တိုင်တန်းထားသည်ဟု ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်သိန်းနိုင်က မဇ္ဈိမကို ဇန်န၀ါရီ ၂၆ ရက်တွင် ပြောသည်။

အမှုမှာ ဇန်န၀ါရီ ၁၅ ရက် နေ့လယ်၁၂ နာရီက ထန်းတပင်မြို့နယ် ကျိုက်ခနော ကျေးရွာသားများသည် ကျေးရွာသုသာန်သို့ အသုဘပို့ဆောင်စဉ် တစ်ခုတည်းသော တံတားအား ဖြတ်သန်းခြင်းမပြုနိုင်ရန် ရှမ်း စုကျေးရွာသား (၄၅)ဦးက ထော်လာဂျီများဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

“တံတားက ကျေးရွာနှစ်ခုရဲ့ တစ်ခုတည်းသော တံတားပါ၊ မြို့နယ်အုပ်ချုပ်ရေးကလည်း တရားဝင်မဖြေ ရှင်းရသေးခင်မှာ တံတားပေါ်ကနေသွားမြဲသွားဖို့ ခွင့်ပြုထားတယ်။ ဒါကို ရွာဓလေ့အရ အသုဘပို့ရင် ရွာဦးတိုက်ဖြစ်နေတဲ့အတွက် ရွာနာတယ်ဆိုပြီး တစ်ဖက်ရွာက တံတားပေါ်ကနေပေးမသွားဘူး၊ ဒါ ကြောင့် ကျွန်တော်တို့ဆီမှာ အများသူငါသွားတဲ့လမ်းကို ပိတ်ပင်မှုနဲ့ အမှုဖွင့်ထားတာပါ။ ဒီအမှုကို စစ်ဆေးတုန်းပဲ ရှိပါသေးတယ်” ဟု စခန်းမှူးဖြစ်သူ ရဲအုပ်သိန်းနိုင်က ရှင်းပြသည်။

ထိုနေ့က ကျိုက်ခနောကျေးရွာနေ အစုကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကြွယ်နှင့် ရွာသား ၁၀၀ ခန့်သည် တစ်ရွာတည်းနေ ကွယ်လွန်သူ ဒေါ်ခင်သန်း၏ နာရေးအသုဘကို တံတားပေါ်မှ ဖြတ်သန်းခွင့် မရသဖြင့် တံတားဘေးအကျယ် ၁၅ပေခန့်၊ အနက်နှစ်ပေခန့်ရှိ ရေနုတ်မြောင်းအတွင်းမှ ဖြတ်သန်းသယ် ဆောင်ခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြွယ်က တံတားဖြတ်သန်းခွင့် ပိတ်ပင်သည့် ရှမ်းစုကျေးရွာသား ၄၅ ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို တက်သစ်နယ်မြေ ရဲစခန်းက (ပ)၁၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တားဆီးပိတ်ပင်မှု ပုဒ်မ ၃၄၁ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

No comments: