Tuesday, January 28, 2014

လူငယ်များ တိုးတက်ရန် ပညာရေးကဏ္ဍလိုအပ်ချက်များ လွှတ်တော်အမတ် အများဆုံးထောက်ပြ

မင်းမင်း

နိုင်ငံအဝှမ်းရှိ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၏ လိုအပ်ချက်များနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဆိုကို ဇန်နဝါရီ ၂၇ ရက်က ဆွေးနွေးစဉ် အမျိုးသား လွှတ်တော် အမတ်အများစုက ထောက်ပြကြသည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ထိန်းကျောင်းတည့်မတ်ပေးရမည့် ပညာရေးကဏ္ဍတွင် သင်ထောက်ကူ ပစ္စည်း ပြည့်စုံမှုမရှိခြင်း၊ ပညာသင်စရိတ်ကြီးမားမှု၊ ကောင်းမွန်သည့် သင်တန်းကျောင်းများ ရှားပါးနေခြင်းနှင့် အရည်အချ င်းပြည့်သည့် ပညာရေးဝန်ထမ်းရှားပါးမှုတို့ကို အမတ်များက ဝေဖန်ထောက်ပြခဲ့သည်။

လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို “အခြားအာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများကဲ့သို့ ပြည်ထောင်စုအဆင့် လူငယ်ဆိုင်ရာ ကော်မရှင်၊ ကော်မတီ သို့မဟုတ် ဝန်ကြီးဌာနဖွဲ့စည်းပြီး ပိုမိုလုပ်ဆောင်နိုင်ရန်” အစိုးရအားတိုက် တွန်းထားသည့် ဧရာဝတီတိုင်းမှ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်ရီ၏ အဆိုကို ဆွေးနွေးကြစဉ် လွှတ်တော် ကိုယ်စားလှယ်များက အထက်ပါအတိုင်း ထောက်ပြခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဆလိုင်းခွဲယန်က “ပညာရေးက ဘဝကို လုံခြုံမှု မပေးနိုင်တော့ပါလားလို့ ခံယူနေကြပြီ။ လူငယ်များဟာ ဘွဲ့လည်းရရော ဘာဆက်လုပ်မလဲဆိုတဲ့ အသံဟာ ကျယ်လောင်လာပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ပညာရေးနှင့် အလှမ်းကွာနေသည့် ကျေးလက်ဒေသများမှ လူငယ်များ၏ အသံကိုလည်း “သတိမမူ၊ ဂူမမြင် ဟန်ဆောင်ကြဖို့ မသင့်လျော်ပါဘူး” ဟု ဦးဆလိုင်းခွဲယန်က ပြောသည်။

လူငယ်များအား နိုင်ငံတစ်ကာနှင့် အဆင့်အတန်းမှီစေရန် စီးပွားရေး၊ နိုင်ငံရေး၊ အသက်မွေးဝမ်းကျောင်း၊ သမိုင်း နှင့် ယဉ်ကျေးမှုစာပေများကို နိုင်ငံတွင်းသာမကဘဲ နိုင်ငံတစ်ကာတွင်ပါ လေ့လာစေရန် လိုအပ်နေပြီဟုလည်း မွန်ပြည်နယ် လွှတ်တ်ာကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ထောက်ပြသည်။

“ပညာကောင်းကောင်း သင်ခဲ့တဲ့အတွက် နိုင်ငံရေးလုပ်မယ်ဆိုရင်လည်း နိုင်ငံရေး၊ စီးပွားရေးလုပ်မယ်ဆိုရင်လ ည်း စီးပွားရေးပေါ့။ နိုင်ငံရေးလုပ်မယ်ဆိုရင် ကျောင်းသားဘဝကတည်းက နိုင်ငံရေးကိုလေ့လာရမယ်လေ” ဟု ၎င်းကပြောသည်။

လူငယ်ဘဝတွင် ပြည့်စုံကောင်းမွန်သည့် ပညာသင်ကြားခွင့်ရရှိမှသာ နောင်အနာဂတ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက် မည်ဟု လည်း ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ် ဦးစောမော်ထွန်းက ထောက်ပြသည်။

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုသလိုပဲ။ အစကောင်းမှ အနှောင်းသေချာမှာပါ” ဟု ပြောသည်။

အဆိုနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြန်လည်ရှင်းလင်းသေးရာတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် လူငယ့်ရေးရာကိစ္စများကို ဆောင်ရွက်နေသည့်အပြင် ကင်းထောက်လူငယ်များ ဖွဲ့စည်းပြီး လှုပ်ရှားဆောင်ရွက်စေခြင်း၊ ဘက်စုံထူးချွန်ကျောင်းသား/သူများအား ချီးမြင့်ခြင်းတို့ လုပ်ဆောင်နေသ ည်ဟု လွှတ်တော် ကိုယ်စားလှယ်များကို ရှင်းပြခဲ့သည်။

မြန်မာ့ပညာရေးလောကတွင် စီမံခန့်ခွဲမှု အားနည်းချက်၊ သင်ကြားနည်းစနစ် မှားယွင်းမှု၊ ကျူရှင်စနစ်စသည်တို့ ချွတ်ချော်နေမှုများအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ ရက်က ပြင်းပြင်းထန်ထန်ဝေဖန်ထားဖူးသည်။

No comments: