Monday, January 27, 2014

ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ တပ်ပိုင်ကွင်း၌ ဟောပြောခွင့်မရ၍ ကားပေါ်တွင်ဟောပြော

တင်ဇာအောင်၊ ဂျွန်ချစ်ငြိမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း အခြေခံဥပဒေဆိုင် ရာရှင်းလင်းပွဲ ခရီးစဉ်အတွင်း ဇန်န၀ါရီ ၂၆ ရက်က တောင်ကြီးမြို့ ဟောပြောပွဲတွင် စစ်တပ်ပိုင် အဝေရာ မီးပုံးပျံကွင်း၌ ဟောခွင့်ပြုချက်မရ၍ ကားပေါ်တွင် စင်ထိုး၍ ဟောပြောခဲ့သည်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံးပေါ်တွင် ကားပေါ်၌ စင်ထိုး၍ ဟောပြောပွဲ ပြု လုပ်ရခြင်းဖြစ်ကာ ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပိတ်တာဆို့တာကို မူအရ လုံးဝ မကြိုက်ဘူး။ ပြည်သူလူထုရဲ့ လွတ်လပ်ပိုင်ခွင့်ကို မလိုအပ်ဘဲ ကန့်သတ်တာလို့ ထင်ပါတယ်။ တစ်ဖက် ကဆိုရင်လည်း ကျွန်မက စိတ်ထဲမှာ ဒေါသတွေ ဘာတွေ မရှိပါဘူး။ ကျွန်မတို့ပြည်သူတွေအနေနဲ့လည်း ဒေါသမထားစေချင်ဘူး”ဟု ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဟောပြောပွဲသို့ ဒေသခံပရိသတ် ၅,၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး မီးပုံးပျံကွင်း ဟောပြောခွင့်မရခြင်း နှင့်ပတ်သက်၍လည်း တက်ရောက်လာသည့် ပြည်သူလူထုအချို့က “အဝေရာမီးပုံပျံကွင်းကို စစ်တပ်ပိုင် ကွင်းအဖြစ်သတ်မှတ်တာကို လက်မခံပါ”ဟူသည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။

ယင်းအပြင် “မီးပုံးပျံကွင်း၊ ပြည်သူ့ကွင်း”ဆိုသည့် စတစ်ကာများကို ရင်ဘတ်တွင် တပ်ဆင်လာသည်ကို လည်း တွေ့ရသေးသည်။ ယင်းကွင်း အသုံးပြုခွင့်မရခြင်းနှင့်ပတ်သက်ပြီး အေးသာယာမြို့သစ်မှ အ သက် ၅၀ ခန့်ရှိ ဦးကျော်ဆန်းက “ကွင်းကျယ်ကျယ်မှာ နေရာမရတော့ စိတ်မကောင်းပါဘူး။ နေ့လယ် တစ်နာရီလောက်ကပဲ လာစောင့်နေပါတယ်”ဟု ဆိုသည်။

ယင်းအပြင် ဟောပြောကွင်း မရသည့်အတွက် တောင်ကြီးမြို့ခံများမှ ဧည့်ဝတ်မကျေသကဲ့သို့ ဖြစ်သည့် အတွက်ကြောင့် ခွင့်လွှတ်ပါဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမေးသည့် မြို့ခံ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးကလည်း ဆိုခဲ့သည်။ အဆိုပါကွင်း အသုံးပြုခွင့်မှာ ပြည်နယ်အ စိုးရ၏ အာဏာမသက်ရောက်ဘဲ စစ်တပ်ပိုင်ကွင်းဖြစ်သည့်အတွက် စစ်တပ်နှင့်သာ သက်ဆိုင်သည်ဟု ဇန်န၀ါရီ ၂၅ ရက် ညနေပိုင်းက ပြည်နယ်အုပ်ချုပ်ရေးမှူးက ထပ်မံ အကြောင်းပြန်ခဲ့သည်ဟု တောင်ကြီး ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ယင်းနေ့ညနေပိုင်းတွင် မဇ္ဈိမကို ပြောခဲ့ သေးသည်။

အဆိုပါမီးပုံးပျံကွင်း အသုံးပြုခွင့်ရရန် ပြည်နယ်ဝန်ကြီးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများသို့ ဇန်န၀ါရီ ၂၁ ရက်ကပင် စာတင်ထားပြီး ၂၃ ရက်ကမှ စစ်တပ်ပိုင်ကွင်းဖြစ်သည်ဟု အကြောင်းပြန်ခြင်းဖြစ်သည်။ ယင်းနောက် ၂၃ ရက်စွဲဖြင့် သက်ဆိုင်ရာစစ်တပ်နှင့် တိုင်းမှူးထံသို့ စာတင်ခဲ့သော်လည်း ၂၅ ရက်တွင်မှ မရဟု ထပ်မံ အကြောင်းပြန်ခြင်းဖြစ်သည်။ ယင်းကြောင့် ဟောပြောပွဲကို ကားပေါ်တွင်ပင် ပြုလုပ်ခဲ့ရပြီး လမ်းပေါ်တွင် ပြည်သူများ လာရောက် နားထောင်ခဲ့ကာ ဟောပြောသည့်နေရာအနီး တောင်ကုန်းများ ပေါ်တွင်လည်း ပြည်သူများ နားထောင်ခဲ့ကြသည်။

ယင်းအပြင် ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည် နယ်ခရီးစဉ်တွင်လည်း ဟားခါးမြို့သို့ ရောက်ရှိစဉ် ပြည်ထောင်စုရိပ်သာ၌ တည်းခိုရန် စီစဉ်ထားသော် လည်း အခန်းလုံလောက်စွာမရရှိသဖြင့် ဟားခါးမြို့ထဲရှိ ချယ်ရီတည်းခိုခန်း၌သာ တည်းခိုခဲ့ရသေးသည်။ ယင်းခရီးစဉ်အတွင်းကလည်း ပြည်ထောင်စုရိပ်သာတွင် တည်းခိုခန်း ခြောက်ယောက်စာသာရသဖြင့် ပြောင်းလဲတည်းခိုခဲ့ခြင်း ဖြစ်သည်။

No comments: