Tuesday, January 28, 2014

ပြည်ပရောက်လုပ်သားများအရေး အေဂျင်စီ၊ အေဂျင်စီအဖွဲ့ချုပ်နှင့် ၀န်ကြီးဌာန သုံးပွင့်ဆိုင် တာဝန်ယူရမည်

ရဲလင်းထွဋ်

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပအလုပ်အကိုင်ခေါ်စာများကို မြန်မာပြည်ပအလုပ်အ ကိုင်ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ချုပ်မှတစ်ဆင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သို့ တင်ပြရမည်ဟု ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က ဇန်န၀ါရီ ၂၆ ရက်က လှိုင်သာယာစက်မှုဇုန်ရှိ သု ခစုစံသင်တန်းကျောင်းတွင် ပြုလုပ်သော ပထမဦးဆုံး ပြည်ပအလုပ်အကိုင်ပြပွဲဖွင့်ပွဲတွင် ပြောကြားလိုက်သည်။

“အေဂျင်စီတွေက ကျွန်တော်တို့ကို တိုက်ရိုက်တင်နေမယ်ဆိုရင် အဖွဲ့ချုပ်က ကြားထဲက လွတ်နေမယ်။ ဖြစ်သမျှ သူ တာဝန်မရှိဘူးဖြစ်နေမယ်။ သူမှမသိတာကိုး၊ အခု အဖွဲ့ချုပ်ကို ထိုင်းနဲ့ မလေးရှားမှာ ခင်ဗျား တို့လည်း ရုံးဖွင့်။ ကိုယ်စားလှယ်ထား၊ ပြဿနာဖြစ်ရင် ခင်ဗျားတို့လည်း လိုက်ရှင်း အခုဆို အာမခံတာ သုံးဆင့်ဖြစ်သွားပြီ။ ဟိုဘက်မှာရှိတဲ့ အေဂျင်စီတွေကလည်း အာမခံ၊ ပြီးရင် အဲ့ဒီအေဂျင်စီတွေနဲ့ ဆက် သွယ်ထားတဲ့ အေဂျင်စီတွေကလည်း အာမခံရမယ်၊ ပြီးရင် အဖွဲ့ချုပ်ကလည်း အာမခံရမယ်။ အဆင့် ဆင့် အချိန်မကြာအောင် ကျွန်တော်တို့ စီစဉ်ထားရတယ်။ အပတ်စဉ် ကျွန်တော်တို့လည်း ကက်ဘိနက် ကို တင်ပြနေတယ်”ဟု ၀န်ကြီးက ပြောသည်။

ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး သက် တမ်း ခြောက်လပြည့်ချိန်တွင် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ဒီဇင်ဘာ ၂၂ ရက်က ထပ်မံရွေးချယ် တင် မြှောက်ခဲ့ပြီး အဖွဲ့သက်တမ်းကာလကို နှစ်နှစ်သို့ တိုးမြှင့်လိုက်သည်။

အေဂျင်စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က “အသင်းက အားလုံး တညီတညွတ်တည်းဖြစ်ရင် ဒါ့ထက်မက အသင်းရဲ့ကောင်းကျိုး၊ အခက်အခဲအားလုံးကို စုပေါင်းဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပြည်ပအလုပ်အကိုင်ဈေးကွက်တွင် ဖြစ်ပေါ်နေသော အခက်အခဲ ပြဿနာများနှင့် ပြည်ပရောက် မြန်မာလုပ်သားများအရေးကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

“အသင်းကြီးရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းတွေမှာ ပြင်စရာတွေတော့ရှိတယ်၊ ဥပမာ- အမှုဆောင်အဖြစ်က နုတ် ထွက်သွားပြီးနောက်ပိုင်းမှာ လပိုင်းအတွင်းမှာဖြစ်ပေါ်တဲ့ ကိစ္စရပ်တွေအတွက် လျော်ကြေးပေးဆောင်ရ မယ်ဆိုတာမျိုးက ဥပဒေနဲ့ကျတော့ မကိုက်ညီဘူး”ဟု တက်ရောက်လာသည့် ပြည်ပအလုပ်အကိုင်အေ ဂျင်စီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြည်ပအလုပ်အကိုင်ခေါ်ယူမှုများအတွက် အလုပ်ခေါ် စာများကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသို့ တိုက်ရိုက်တင်၍ လျှောက်ထားရ ပြီး တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၈၂ ခု ရှိသည်။

No comments: