Monday, January 27, 2014

အခြေခံဥပဒေပြင်ရန် ကူညီနိုင်သူများက မကူညီခြင်းအပေါ် ဒေါ်စု မေးခွန်းထုတ်

တင်ဇာအောင်၊ ဂျွန်ချစ်ငြိမ်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး ကူညီနိုင်သူများက မကူညီခြင်းသည် တိုင်းပြည်အတွက် အမှန် တကယ် စေတနာရှိရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၆ ရက်က တောင်ကြီးမြို့တွင် ကျင်းပသော အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ၌ မေးခွန်းထုတ်လိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပေးနိုင်တဲ့ ပုဂ်္ဂိုလ်၊ ပြုပြင်ပြောင်းလဲရေး ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ပုဂ်္ဂိုလ်တွေက လုပ်မပေးလို့ရှိရင်တော့ ဒီပုဂ်္ဂိုလ်တွေက တိုင်းပြည်အတွက် တ ကယ်ပဲစေတနာရှိရဲ့လားလို့ ကျွန်မတို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်”ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

အကူအညီပေးနိုင်သူ၊ ပြုပြင်ပြောင်းလဲရေး လုပ်ပေးနိုင်သူသည် မည်သူဖြစ်သည်ကိုမူ ထည့်သွင်းပြောဆို ခြင်းမရှိပေ။

“တိုင်းပြည်အပေါ်မှာ စေတနာရှိတဲ့သူတိုင်းက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပောင်းလဲရေးက လိုတယ် ဆိုတာ သိသင့်တယ်”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် နည်းလမ်းတစ်ခုဖြင့်မရပါက အခြားနည်းလမ်းတစ်ခုဖြင့် သွားရ မည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် လွှတ်တော်အတွင်း ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့ လာသုံးသပ်ရေးကော်မတီက ပြုပြင်ပြောင်းလဲရေးများကို လိုအပ်သလို ပြောင်းလဲမှု မလုပ်နိုင်ပါကလည်း အခြားနည်းလမ်းဖြင့် သွားမည်ဟု ဇန်န၀ါရီလ ၂၅ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ နယ် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သေးသည်။

“ပြည်သူလူထုအင်အားနဲ့ ဖွဲ့စည်းပုံကို ပြင်မည်”ဟု ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့လူထုတွေ့ ဆုံပွဲတွင် ပြောခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ပြည် ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နှင့် လေးပွင့်ဆိုင် ဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း ယခုအချိန်အထိ တွေ့ဆုံခွင့် မရသေးပေ။

ယင်းအပြင် ပြည်သူလူထုအနေဖြင့်လည်း မိမိတို့မဲပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်က ဖွဲ့စည်းပုံမ ပြင်လိုပါက ဘာကြောင့် မပြင်လိုသည်ကို မေးမြန်းသင့်ပြီး ယင်းမေးခွန်းကို ကျေလည်အောင် ရှင်းမပြနိုင် သူသည် ပြည်သူလူထုကို ကိုယ်စားမပြုဟုလည်း ပြောကြားထားသည်။

တောင်ကြီးမြို့ ဟောပြောပွဲကို ယခင်ရည်ရွယ်ထားသည့် အဝေရာမီးပုံးပျံကွင်းတွင် ခွင့်ပြုချက်မရသဖြင့် ထိုကွင်း၏မြောက်ဘက် ကျောက်တစ်လုံးလမ်းမဘေးတွင် ဆယ်ဘီးကားကြီးပေါ်တွင် စင်ထိုး ဟောပြော ခဲ့ရာ ပရိသတ် ၅,၀၀၀ ခန့် တက်ရောက်ခဲ့သည်။

No comments: