Monday, January 27, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ရေး လက်မှတ်ထိုးရာတွင် ABSDF ပါဝင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ လက်ခံ

ဟိန်းကိုစိုး

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)လည်း ပါဝင်လက်မှတ်ရေးထိုးရန် လက်ခံအတည်ပြု လိုက်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးနေ့ အပိတ်မိန့်ခွန်းတွင် သဘာပတဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ထည့်သွင်းပြောကြားသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) လော်ခီးလာတပ်စခန်း၌ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံနောက်ဆုံးနေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ABSDF ပါဝင်ရန် KNU ကိုယ်စားလှယ် တစ်ဦးက အဆိုပြုသည်ကို AA (ရခိုင်ပြည်တပ်မတော်)က ထောက်ခံကာ ညီလာခံက အတည်ပြုလိုက်ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ABSDF ပါဝင်ရန် အတည်ပြုခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက “တိုင်းရင်းသား လူမျိုးစုတွေ ခံယူထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ဖို့ အမြဲ ရပ်တည်ခဲ့တယ်။ ကျောင်းသား တပ်မတော် အနေနဲ့ ဒါကို ကတိပြုပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်၍ ဖိတ်ခေါ် ထားကာ လက်မှတ်ရေးထိုးချိန်တွင် အားလုံးပါဝင်နိုင်ရန်လည်း ဆောင်ရွက်သွားမည်ဟု ညီလာခံ ပြောရေးဆိုခွင့်ရှိသူ ကချင် လွတ်မြောက်ရေး တပ်မတော်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗျူဟာမှူးဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း “အရင်ကတည်းက သူတို့ ဘက်က ပါဖို့ပြောထားတာ။ အခုစာချုပ်လက်မှတ်ထိုးတာ ပါလာပြီ။ အပစ်ရပ်ရေးလည်းပါမယ်။ ABSDF ပါလာတာကောင်း တယ်” ဟု မဇ္ဈိမကို ပြောသည်။

ABSDFသည် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးခြင်းကို ၂ဝ၁၃ခုနှစ် သြဂုတ်လထဲတွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပွဲကို ၂ဝ၁၃ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယခုအချိန်အထိ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ဒုတိယအကြိမ်ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးနိုင်ရန် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ အကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ABSDF၏ ဗဟိုကော်မတီဝင် ကိုကျော်ကိုကိုက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် နှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံသို့ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သည်။

No comments: