Thursday, January 9, 2014

မအူပင်မြို့နယ်မှူးဟောင်း သိမ်းခဲ့သည့် လယ်ဧက သုံးပုံတစ်ပုံခန့် လယ်ပိုင်ရှင်များ ပြန်ရ

ဖိုးစိုးသူ

မအူပင်မြို့နယ် ပရိုက်ကျေးရွာတွင် ၂၀၀၈ ခုနှစ်အတွင်း မအူပင်မြို့နယ်မှူးက လယ်သမားများထံမှ သိမ်း ယူခဲ့သော လယ်မြေဧက ၁၈၀ ခန့်ကို ဇန်န၀ါရီ ၈ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

အဆိုပါလယ်မြေများကို ဇန်န၀ါရီလ ၇ ရက်တွင် မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ၊ ကျေး လက်ဒေသဖွံ့ဖြိုးရေး ထောက်ကူပြုအဖွဲ့များနှင့် တွေ့ဆုံပြီး အဆိုပါလယ်ပိုင်ရှင်များကို ဖွံ့ဖြိုးရေးအ တွက် ငွေကျပ် ၁၁၀ သိန်းကိုလည်း ပေးမည်ဖြစ်ကြောင်း မအူပင်မြို့နယ်မှူးတာဝန် ထမ်းဆောင်ခဲ့သူ၏ သားဖြစ်သူ ဦးထွန်းဇော်ဝင်းက ပြောသည်။

“အစက ငါးကန်တွေလုပ်မလို့ပါပဲ။ နောက်ပြီး ဘာမှမလုပ်ဖြစ်လို့ မူလပိုင်ရှင်လယ်သမားတွေကို ပြန်ပေး လိုက်တာပါ။ ဘယ်လိုတွေ ပြန်ပြီး ခွဲယူကြမယ်ဆိုတာကိုတော့ သူ့တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြန်လုပ်ပေးပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

မအူပင်မြို့နယ် ပရိုက်ကျေးရွာအနီးရှိ ကွင်းအမှတ် (၉၆၉-ဓ)တွင် လယ်ဧက ၅၀၀ ခန့်ကို လျော်ကြေးငွေ မပေးပဲ သိမ်းယူခဲ့ခြင်းဖြစ်ပြီး လယ်သမား ၂၄ ဦးခန့်ကို ပြန်လည်၍ ပေးအပ်ခဲ့ခြင်းလည်းဖြစ်ကြောင်း မအူ ပင်မြို့နယ် ဖွံ့ဖြိုးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးမောင်ဝင်းက ပြောသည်။

“မြို့နယ် မြေစာရင်းရုံးမှာ လယ်သမားတွေရဲ့ သိမ်းဆည်းခံရတဲ့ စာရင်းတွေအတိုင်း ပြန်ပြီးပေးမှာပါ။ အဲ ဒီစာရင်းတွေက မြို့နယ်မြေစာရင်းရုံးမှာ ရှိတယ်။ ဒါကြောင့် သတ်မှတ်ချက်တွေအတိုင်း ပြန်ပြီး ပေးလိမ့် မယ်” ဟု ဆက်ပြောသည်။

လယ်၂၁ ဧက သိမ်းခံရသူ ဦးမောင်ဦးက “ကျွန်တော်တို့ဆီက သိမ်းသွားတဲ့ လယ်တွေက ရေနက်ကွင်း တွေဖြစ်တယ်။ ငါးမွေးဖို့ဆိုပြီးတော့ သိမ်းသွားခဲ့တာပဲ။ စပါးတစ်မျိုးပဲ စိုက်လို့ရတယ်။ အခု ပြန်ပေးမယ် လို့လည်း သိနေရတယ်။ လယ်သမားတွေအတွက် ပေးတဲ့ငွေကတော့ ဘဏ်ထဲထည့်ပေးထားပြီလို့ သိရ တယ်။ လယ်တွေကိုတော့ လာမဲ့နှစ် လယ်စိုက်ချိန်အမှီ ပြန်ပြီးပေးစေချင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လယ်မြေသိမ်းဆည်းမှုများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် တစ်ရက်လျှင်နှစ် မှုနှုန်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဆိုသော်လည်း ပြည်နယ်တိုင်းဒေသကြီးများတွင် ဖြေရှင်းမှုများမှာ နှောင့်နှေးကြန့်ကြာမှုများရှိနေသည်ဟု လယ်သမားအရေး ဆောင်ရွက်သော အဖွဲ့အစည်းများက ဝေဖန် လျက်ရှိသည်။

No comments: