Friday, January 3, 2014

တိုင်းနှင့်ပြည်နယ်များတွင် ဘဏ္ဍာငွေ ပိုမိုရရှိရေး အခွန်ဥပဒေပြင်မည်ဟု ဒေသအစိုးရအချို့ ကတိပြုထား

အေးမြင့်စန်း

တိုင်းနှင့်ပြည်နယ်များတွင် ဘဏ္ဍာငွေပိုမိုရရှိရေး အခွန်ဥပဒေပြင်ရန် တိုင်းနှင့် ပြည်နယ်လွှတ်တော်အချို့ မှတင်ပြရာတွင် ဒေသအစိုးရများက ပြင်ဆင်သွားမည်ဟု ကတိပေးထားပြီးဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့က မဇ္ဈိမကို ပြောသည်။

တိုင်းနှင့်ပြည်နယ်များတွင် ယစ်မျိုးခွန်၊ မြေယာခွန်ကဲ့သို့သော ကောက်ခံရသည့် အခွန်များရှိနေရာ တိုင်း နှင့်ပြည်နယ်က တိုက်ရိုက်ကောက်ခံခွင့်ရှိသည့် အခွန်ဝင်ငွေများ တိုးမြှင့်ရေးဆွဲရန်နှင့် အခွန်ဥပဒေကြမ်း ကို ရေးဆွဲရန် အစိုးရများထံမှ ကတိရထားခြင်းဖြစ်သည်။

“မြေယာခွန်ဥပဒေကို အစိုးရအဖွဲ့က သမ္မတဆီတင်ပေးဖို့ လွှတ်တော်တွင်းမှာ ကတိပေးထားတယ်”ဟု ဧရာဝတီတိုင်း၊ လွှတ်တော် ကတိက၀တ်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးလှမြင့်က ပြောသည်။

မြေယာခွန်ဥပဒေကို ဒီဇင်ဘာလဆန်းက ဧရာဝတီတိုင်း၊ အဋ္ဌမအကြိမ် လွှတ်တော်တွင် လွှတ်တော်ဥပ ဒေကြမ်းကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းနိုင်ရန် သမ္မတထံ တင်ပြပေး မည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။

တိုင်း၊ ပြည်နယ်များ ကောက်ခံခွင့်ရသည့် အခွန်ငွေကို ပိုမိုရရှိရန် ဧရာဝတီတိုင်းအနေဖြင့် မြေယာဥပဒေ ရှိ အခွန်နှုန်းထားများကို ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

“မြေအမျိုးအစားပေါ်မူတည်ပြီး မြေယာခွန် တိုးမြှင့်ရေးဆွဲထားတယ်။ မြေအမျိုးအစား သုံးမျိုးကို အရည် အသွေးအလိုက် အဆင့်တစ်ကို တစ်ဧကကို ကျပ် ၅၀၀ (တစ်နှစ်) ဦးတည် တိုးမြှင့်ရေးဆွဲထားပြီး အခြား လယ်မြေ၊ ဥယျာဉ်ခြံမြေတွေကိုလည်း ဒီနှုန်းနဲ့ချိန်ပြီး ကောက်ခံသွားမယ်”ဟု ဦးလှမြင့်က ပြောသည်။

ဧရာဝတီတိုင်း လွှတ်တော်အနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ ကျေးလက် ထင်းစိုက်ခင်းဥပဒေ၊ ကုန်တင် ကုန်ချဥပဒေ၊ မော်တော်ယာဉ်ဥပဒေ၊ စည်ပင်သာယာရေးဥပဒေ၊ ယစ်မျိုးခွန်ဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပ ဒေများ ပြဋ္ဌာန်းထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း အခြေခံဥပဒေ ဇယား(၅)ပါ ပြည်နယ်က ကောက်ခံခွင့်ရှိသည့် အခွန် ဥပဒေကို ပြင်ဆင်ရေးဆွဲပေးရန်အဆိုကို နိုဝင်ဘာလ အဋ္ဌမအကြိမ် လွှတ်တော်တွင် တင်သွင်းခဲ့ရာ ပြည် နယ်အစိုးရက သမ္မတထံ တင်ပြမည်ဟု ကတိပေးထားပြီးဖြစ်သည်ဟုလည်း ပြည်နယ်လွှတ်တော်ဥပဒေ ပြုရေးကော်မတီ အတွင်းရေးမှူးဦးအောင်မြကျော်က ပြောသည်။

လာမည့် ရခိုင်ပြည်နယ် နမ၀အကြိမ် လွှတ်တော်အစည်းဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ကပေးထားသည့် ကတိအရ အခွန်အခဥပဒေကြမ်းကို ရေးဆွဲခြင်းမရှိပါက ပြည်နယ်လွှတ်တော် တာဝန်ရှိသူများက သမ္မတ ထံ တင်ပြသွားမည်ဖြစ်သည်။

“အခွန်ဥပဒေတွေကို ပြည်နယ်အစိုးရက ရေးဆွဲဖို့ ပျက်ကွက်နေတယ်။ ကျွန်တော်တို့ဘက်က ဖိအားပေး မှာပဲ။ ပေးထားတဲ့ကတိအတိုင်း အခွန်ဥပဒေတွေ ချမပြနိုင်ဘူး၊ မပြဋ္ဌာန်းနိုင်ဘူးဆိုရင် သမ္မတနဲ့ လွှတ် တော်ကို တိုက်ရိုက်တင်ပြသွားမယ်”ဟု ဦးအောင်မြကျော်က ပြောသည်။

ပြည်နယ်အတွင်း အခွန်ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသဖြင့် မြေယာခွန်နှင့် ယစ်မျိုးခွန်ကဲ့သို့ အခွန် များကို တိကျစွာ စည်းကြပ်ခြင်းမပြုနိုင်ဟုလည်း ဆိုသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်းတို့သည် မြေယာခွန်၊ ယစ်မျိုးခွန်၊ အဆောက် အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်တို့ကို ကောက်ခံပိုင်ခွင့်ရှိသည်။

No comments: