Thursday, January 9, 2014

နိုင်ငံရေးတွင်ပါဝင်ရန် ဒေါ်စုတိုက်တွန်းမှု အားဖြစ်စေဟု လူငယ်များဆို

နန်းလွင်နှင်းပွင့်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ဇန်န၀ါရီ ၇ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ကျောင်းသားလူငယ် များကို နိုင်ငံရေးတွင် ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်အပေါ် လူငယ်အဖွဲ့အစည်းနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ခေါင်းဆောင်များက ကြိုဆိုလိုက်ပြီး အင်အားဖြစ်စေသည်ဟု မဇိ္ဈမသို့ သုံးသပ် ပြောဆိုကြသည်။

“အခုလို အန်တီစုအနေနဲ့ နိုင်ငံရေးမှာ ကျောင်းသားတွေ၊ လူငယ်တွေ ပါဝင်လာဖို့ ပြောတာက လက်ရှိ ကျောင်းသားလူငယ် အဖွဲ့အစည်းတွေအတွက် ရှေ့ကိုဆက်လျှောက်ဖို့ အားတစ်ခုပေးလိုက်သလိုပဲ။ ဒါ က တပ်လှန့်သတိပေး ပြောဆိုလိုက်တဲ့သဘောပါပဲ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှုန်း ကို လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ရှေ့ဆက်နိုင်အောင် တိုက်တွန်း အားပေးလိုက်တာပါ”ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောသည်။

ယင်းကို ကျောင်းသားသမဂ္ဂခေါင်းဆောင်တို့ကလည်း ထောက်ခံ ကြိုဆိုခဲ့ကြသည်။ သို့သော် တရားဝင် မဟုတ်သည့်တားဆီးပိတ်ပင်မှုများ၊ ကျောင်းအပ်ချိန်တွင် မိဘအုပ်ထိန်းသူနှင့် ကျောင်းသား၊ ကျောင်းသူ များလက်မှတ်ရေးထိုးရသည့် ၀န်ခံကတိပြုစာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပါတီမ၀င်ရန်၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခြင်းမပြုရန် စသဖြင့် ကန့်သတ်ထားဆဲဟု ပြောသည်။

ထို့ပြင် တက္ကသိုလ်အသီးသီး၌ ကျောင်းသားသမဂ္ဂများ၊ အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ပြီး ရန်ကုန်မြို့တက္ကသိုလ်များ၌မူ ၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း တရားဝင်မဟုတ် သော ခွင့်ပြုမှုများရှိလာသည်ဟု ၎င်းတို့က ဆိုသည်။

အခမ်းအနားများ၊ ဟောပြောပွဲများ ကျင်းပခွင့်အချို့ကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၏ ခွင့်ပြုချက်ဖြင့် ကျင်းပနိုင်မှုကို ရည်ညွှန်းပြောဆိုကြခြင်းဖြစ်သည်။

“အဲဒီလို ပြောင်းလဲမှုတွေက ထူးခြားတယ်၊ တရားဝင်တော့မဟုတ်ဘူး၊ ရန်ကုန်လို မြို့ပြမှာပဲ ပြောင်းတာ၊ နယ်ဘက်တွေက အဖွဲ့အစည်းတွေမှာတော့ ထောက်လှမ်းရေးတွေဘာတွေက လိုက်တုန်းပဲ စစ်နေတုန်း ပဲ ဖွဲ့ခွင့်မပေးဘူး၊ ရန်ကုန်မှာ အခုလို ပြောင်းလဲလာတာ လပိုင်းပဲရှိသေးတယ်ဆိုပေမယ့် ကျွန်တော်တို့ တွေက သတိထားနေရတုန်းပဲ။ မထင်ရင်မထင်သလို ဖမ်းဆီးတာမျိုးက ရှိနေဦးမှာပဲ။ အခုက နိုင်ငံလုံး ဆိုင်ရာအဆင့် ကျွန်တော်တို့ကို ဖွဲ့စည်းခွင့်ပေးထားတာ မဟုတ်သေးဘူး”ဟု ကျောင်းသားလူငယ်လှုပ် ရှားမှုများ ကူညီဆောင်ရွက်ပေးနေသူ ကိုလင်းထက်နိုင်က ပြောသည်။

ကိုလင်းထက်နိုင်သည် ၂၀၀၇ ခုနှစ်မတိုင်မီ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရူပဗေဒ တတိယနှစ် သင် တန်းသို့ တက်ရောက်နေသူဖြစ်ပြီး ရွှေဝါရောင်အရေးအခင်းအပြီး ထောင်ဒဏ် သုံးနှစ် လေးလ ကျခံခဲ့ရ ပြီးနောက် ကျောင်းပြန်တက်ခွင့် ဆုံးရှုံးခဲ့သူဖြစ်သည်။ ၎င်း၏ဝေဖန်မှုကို ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ် စာမေးပွဲဖြေဆိုထား သူ ကိုဒီငြိမ်းလင်းကလည်း ထောက်ခံခဲ့ပြီး စစ်အစိုးရလက်ထက်ကကဲ့သို့ ဖမ်းဆီးခံရနိုင်သည့် အခြေအ နေ၌ပင် ရှိနေဆဲဟု ပြောသည်။

“ကျောင်းမှာ အာဏာရှိတဲ့သူတွေကလည်း ကျောင်းသားတွေကို ပြောဆိုထားတာတွေကဆိုရင်လည်း ကျောင်းသားအဖွဲ့ကပဲ နိုင်ငံရေးအဖွဲ့လို မထိတွေ့ရမယ့်အဖွဲ့လိုမျိုးဖြစ်နေတဲ့ အခြေအနေက ရှိနေသေး တယ်။ အဖွဲ့အစည်းဝင်တွေအနေနဲ့က ကျောင်းသားအရေးတွေအတွက် အလုပ်လုပ်နေတာဖြစ်ပေမယ့် ဖမ်းဆီးခံရမှာတွေက အခုထိ ထိတ်လန့်နေရတုန်းပါပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောင်းသားအဖွဲ့အစည်း ခေါင်းဆောင်တို့က မြန်မာ့လွတ်လပ်ရေးကို တက္ကသိုလ်ကျောင်းသား တစ်ဖြစ်လဲ ဗိုလ်ချုပ်အောင်ဆန်းက အရယူပေးနိုင်ခဲ့ခြင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လျှင် ကျောင်းသားများ နိုင်ငံရေးနှင့် ကင်း၍ မရနိုင်ဟု ဆိုကြသည်။

“မြန်မာ့နိုင်ငံရေးသမိုင်းမှာ လူငယ်တွေ လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ လူငယ်တွေအနေနဲ့ လဲ ကိုယ့်နိုင်ငံကိုချစ်တယ်ဆိုရင် နိုင်ငံရေးကိုလေ့လာဖို့၊ ကိုယ့်နိုင်ငံကို ကိုယ်ကိုတိုင် ဦးဆောင်နိုင်ဖို့ လေ့ လာရမှာပါ။ ပါဝင်ရမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြော သည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းများတွင် လူငယ်များနှင့်ပတ်သက်ပြီး ထည့်သွင်းပြောကြားမှုများ၊ ၀န်ကြီးအချို့သည်လည်း ကျောင်းသားများ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ လူငယ်များနှင့် ထိ တွေ့ဆက်ဆံမှုများ ရှိလာသော်လည်း လက်တွေ့၌မူ လူငယ်တို့၏ အခန်းကဏ္ဍကို မြှင့်တင်ပေးသည့် ဆောင်ရွက်ခြင်းမျိုးမရှိသေးဟု မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြော သည်။

“လူငယ်တွေဆိုတာက တိုင်းပြည်ရဲ့အနာဂတ်ပါ။ အခုချိန်မှာ သေချာ ရေလောင်း ပေါင်းသင်ထားရမှာပါ။ သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ ပစ်ပယ်မထားစေချင်ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကျောင်းသားသမဂ္ဂအဖွဲ့များ ဖွဲ့စည်းနိုင်ရန် အစိုးရက တရားဝင် ခွင့်ပြုပေးထားခြင်း မရှိသေးပေ။ သို့သော် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်မြောက်ရေး တက်ကြွလှုပ်ရှားသူများက ဆောင်ရွက်နေကြသည်။

No comments: