Saturday, January 11, 2014

ယခုနှစ်အတွင်း အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပနိုင်ရန်ကြိုးပမ်းမည်ဟု ဦးဇော်ဇော်ဆို

ရဲရင့်ဌေး

မြန်မာ့အမျိုးသမီး ဘောလုံးလောက တိုးတက်ကောင်းမွန်လာစေရန်အတွက် ယခုနှစ်အတွင်း အမျိုး သမီးလိဂ်ပြိုင်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မဇ္ဈိမသို့ ပြောသည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ် ဘောလုံးရာသီကတည်းက စတင်ကျင်းပရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရသည်။ “အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကျွန်တော်တို့အနေနဲ့ ဒီနှစ်ထဲ မှာ စလုပ်နိုင်အောင် ကြိုးစားပါမယ်။ ပရိုလိဂ်မဟုတ်တောင် ဆီမီးပရိုအဆင့်လောက်တော့ ရအောင်လုပ် မယ်။ ဒါမှလည်း အမျိုးသမီးဘောလုံးလောက တိုးတက်မှာ။ လောလောဆယ်မှာတော့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနေပါတယ်။ အသင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အားလုံးဝိုင်းကူဖို့ လိုပါတယ်” ဟု ဦးဇော် ဇော်က ဆိုသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အာဆီယံဒေသတွင်း ထိပ်တန်းအသင်းတစ်သင်းဖြစ်သော် လည်း မျိုးဆက်သစ်ထွက်ပေါ်မှုနှုန်း အားနည်းသောကြောင့် နောက်ပိုင်းနှစ်များတွင် ချန်ပီယံဆုများနှင့် ဝေးကွာနေသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲနှင့် ပရော်ဖက်ရှင်နယ် ဖူ ဆယ်လိဂ်ပြိုင်ပွဲတို့ရှိပြီး အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပဖြစ်ပါက တတိယမြောက်ပရိုလိဂ်ဖြစ်လာမည်ဖြစ် သည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပမည့် အခြေအနေနှင့်ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း မန်နေဂျာ ဒေါ်မြတ်မြတ်ဦးက “အန်တီတို့အနေနဲ့ကတော့ ဒီသတင်းကို ကြိုဆိုပါတယ်။ စနစ်တကျ လုပ်နိုင်မယ်ဆိုရင် ပိုကောင်းမှာပါ။ ကစားသမားတွေရဲ့ဘ၀လည်း တိုးတက်လာနိုင်ပါတယ်။ အမျိုးသမီး လိဂ်စမယ်ဆိုရင် သူတို့လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ကြီးဋ္ဌာနတွေနဲ့ ညှိနှိုင်းဖို့တော့လိုပါမယ်” ဟု ပြောသည်။ အာဆီယံ ဒေသတွင်းနိုင်ငံများတွင်ထိုင်းနိုင်ငံမှာ အမျိုးသမီးပရိုလိဂ်ကို အောင်မြင်စွာ ကျင်းပနေနိုင်သော နိုင်ငံဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ရှစ်သင်း၊ ပထမတန်းတွင် ရှစ်သင်းပါဝင်ယှဉ်ပြိုင် နေသည်။

No comments: