Tuesday, January 7, 2014

မေတ္တာကိုအခြေခံသည့် ထောက်ခံမှုမျိုးမဖြစ်ရန် ဒေါ်စု သတိပေး

စုမြတ်ဝေ



ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူထု၏မေတ္တာကို အလေးထားသော်လည်း မေတ္တာအရ နိုင်ငံရေးကို ထောက်ခံခြင်းထက် ပြည်သူများက ရှင်းရှင်းလင်းလင်းသိပြီး ထောက်ခံမှုကိုသာ ပိုလိုလားသည်ဟု ၁၁ နှစ်အကြာတွင်မှ ကလေးမြို့သို့ ပြန်လည်ရောက်ရှိစဉ် လာရောက်ကြိုဆိုသော ဒေသခံလူထုကို ပြောဆို လိုက်သည်။

“ကျွန်မကိုပဲဖြစ်ဖြစ် ကျွန်မရဲ့ပါတီကိုပဲဖြစ်ဖြစ် ထောက်ခံတဲ့အခါမှာ ပြည်သူလူထုကဘာကြောင့်ထောက် ခံတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပြီးတော့ ထောက်ခံမှသာ တကယ်တန်ဖိုးရှိမှာပါ။ အဓိပ္ပာယ်ရှိမှာပါ။ ဘာမသိညာမသိနဲ့ ထောက်ခံတယ်ဆိုရင် မေတ္တာအရ ထောက်ခံတယ်ဆိုရင် ကျေးဇူးတင်ပေမယ့်၊ မေ- တ္တာအရ နိုင်ငံရေးမှာ ထောက်ခံလို့မဖြစ်ပါဘူး။ သေသေချာချာ စဉ်းစားပြီးတော့ နိုင်ငံရဲ့အကျိုးကို ရှေ့ ထားပြီးတော့ ထောက်ခံကြရမှာ ဖြစ်ပါတယ်”ဟု ဇန်န၀ါရီ ၆ ရက်က ကလေးမြို့ လူထုနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်ခရီးစဉ်ဖြစ်သည့် တီး တိန်၊ ဖလမ်း၊ ဟားခါးမြို့များသို့ သွားရောက်ရန်အတွက် ဇန်န၀ါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် Air KBZ လေကြောင်းလိုင်းဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ရောက်ရှိလာသည်။

၂၀၀၃ ခုနှစ်က တစ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခု ၁၀ နှစ်ကျော်အကြာမှ ဒုတိယအကြိမ်လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုသောလူထုက သောင်းဂဏန်းနီးပါးရှိပြီး မော်လိုက်၊ကလေး ၀၊တမူး၊ မင်းကင်းဒေသများဘက်မှ လာရောက်ကြိုဆိုကြသော ဒေသခံများလည်းပါဝင်သည်ဟု ကလေး မြို့ဒေသခံ အဖွဲ့ချုပ်ဝင်များထံမှ သိရသည်။

လာရောက်ကြိုဆိုသော လူထုထံမှ “၂၀၁၅ တွင် အမေစု သမ္မတဖြစ်ပါစေ”၊ “၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အောင်မြင်ပါစေ”၊ “အမေ့ဆန္ဒပြည့်ပါစေ” စသဖြင့်ရေးထားသော ဗီနိုင်းဆိုင်းဘုတ်များ၊သံပြိုင်ကြွေးကြော် ဆုတောင်းသံများက ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသော ကလေးမြို့လေဆိပ်မှ သူမတည်းခို မည့်နေရာ ဟုန်ရှင်းဟိုတယ်ရောက်သည်အထိ ဗိုလ်ချုပ်လမ်းတစ်လျှောက် လွင့်ပျံ့၍နေသည်။

ဟုန်းရှင်းဟိုတယ်သို့ ရောက်ရှိပြီး လာရောက်ကြိုဆိုသော ဒေသခံလူထုကို ဒေါ်အောင်ဆန်းစုကြည်က နှစ်မိနစ်ကြာ နှုတ်ဆက်စကားပြောရာတွင် “ဒီလိုကြိုဆိုတဲ့ ကလေးက ပြည်သူလူထုကို ကျွန်မ ကျေးဇူး တင်ပါတယ်။ ကျွန်မ မရောက်တာ တော်တော်ကြာသွားပါပြီ။ အရင်တစ်ခါလာတုန်းကတော့ ခက်ခက်ခဲခဲ ပေါ့”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကလေးတွင် တစ်ညအိပ်နားပြီး နောက်ရက်များတွင် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့များသို့ သွားရောက်မည်ဖြစ်သည်။ ဇန်န၀ါရီ ၉ ရက်တွင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိပြီး ဇန်န၀ါရီ ၁၀ ရက်နံနက် ၈ နာရီတွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက် စတောင် ဘောလုံးကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်မည့် ရှင်းလင်းပွဲနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ကို အား ပေးပါလို့ ထောက်ခံပါလို့ ပြောတဲ့အခါမှာ အကြောင်းမဲ့ ဘယ်တော့မှ မပြောပါဘူး။ သေသေချာချာ ရှင်းပြ ပါတယ်။ ဘာကြောင့် ကျွန်မတို့ကို လိုလားတယ်။ ပြည်သူလူထုက ကျွန်မတို့ကို ထောက်ခံစေချင်တယ် ဆိုတာ ရှင်းပြလေ့ရှိပါတယ်”ဟု ပြောသည်။

“သေသေချာချာ ဘာကြောင့် ထောက်ခံဖို့လိုသလဲ။ ပြည်သူလူထုရဲ့အင်အားကို ဘာကြောင့် ကျွန်မတို့ လိုသလဲဆိုတာကို ရှင်းပြပြီးတော့မှ ကျွန်မတို့ ရယူချင်ပါတယ်”ဟုလည်း ပြောသည်။

ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ဗဟိုအလုပ်အမှုဆောင် ဦးဇိုဘွဲက “အဲဒီ တုန်းက မိန့်ခွန်းပြောတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအတွက် အားလုံး စုစုစည်းစည်းဖြစ်အောင် အား လုံးပါဝင်ကြဖို့ တိုက်တွန်းတာ။ တိုင်းနဲ့ပြည်နယ်လဲ ကွဲပြားမှုမရှိဘဲ စည်းလုံးမှုရှိအောင်ပေါ့။ နောက်ပြီး ချင်းပြည်နယ်က သူ့အဖေ(ဗိုလ်ချုပ်အောင်ဆန်း) လက်ထက်တုန်းက တစ်ခါမှ မရောက်ဖူးသေးဘူး။ အ ဖေရဲ့အကြွေးကို လာဆပ်တာလို့ ပြောတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၇ ရက် နံနက် ၇ နာရီတွင် ကလေးမြို့မှ ထွက်ခွာမည်ဖြစ်ပြီး တီး တိန်မြို့နယ် ဇိုနွမ်ဇမ်ကျေးရွာရှိ ရှင်ဆန္ဒာဓိက မူလွန်ကျောင်းဆောင်ဖွင့်ပွဲသို့ သွားရောက်မည် ဖြစ်သည်။ ထိုမှဆက်၍ တီးတိန်မြို့သို့ ဆက်လက်ထွက်ခွာကာ တီးတိန်မြို့ တီးတိန်အားကစားကွင်း၌ ညနေပိုင်း တွင် လူထုတွေဆုံပွဲပြုလုပ်ပြီး တီးတိန်တွင် ညအိပ်နားမည်ဖြစ်သည်။

ဇန်န၀ါရီ ၈ ရက် နံနက်အစောတွင် ဖလမ်းမြို့သို့ထွက်ခွာကာ ဖလမ်းတွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး ဟားခါးတွင် ညအိပ်နားမည်ဖြစ်သည်။ ဇန်န၀ါရီ ၉ ရက်တွင် ကလေးမြို့သို့ရောက်ရှိပြီး ၁၀ ရက်တွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။

No comments: