Friday, January 10, 2014

နမခသိမ်းလယ်မြေပြန်ရရေး တိုင်းအစိုးရနှင့် ပြည်ထောင်စုအစိုးရထံ တင်ပြမည်

အောင်ကိုဦး

ချောင်းဦးမြို့နယ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ သိမ်းယူထားသည့် လယ်မြေဧက ၃၅၀၀ ကျော်
ပြန်ရရေး မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အထက်မြန်မာပြည်)က စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရဖွဲ့သို့ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တင်ပြပေးမည်ဖြစ်ဟု တာဝန်ခံ ဦးဝင်းနိုင်က ပြောသည်။

"လယ်ယာမြေ သိမ်းဆည်းခံရတာကို ဥပဒေဘောင်ထဲကနေ ကူညီဆောင်ရွက်ပေးသွားမယ်။ သူတို့ကို ဆန္ဒမပြခိုင်းဘူး။ ထွန်တုံးတိုက်ပွဲ မဝင်ခိုင်းဘူး။ တရားသောနည်းလမ်းနဲ့ ပြန်လည်တောင်းဆိုတာကိုပဲ လုပ်ခိုင်းတယ်။ လိုအပ်တာ ကူညီပံ့ပိုးပေးသွားမယ်"ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (အထက်မြန်မာပြည်) တာဝန်ခံ ဦးဝင်းနိုင် ကမဇ္ဈိမကို ပြောသည်။

အဆိုပါလယ်မြေမှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ လယ်ယာမြေဧက ၃၅၀၀ ကျော်ကို ၁၉၉၉ခု နှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ပေါက်အင်းစိုက်ကွင်း စီမံချက်ဟုဆိုကာ ချောင်းဦးမြို့နယ်နှင့် မြောင်မြို့နယ်ရှိ မကျီးခွ ၊သုံးပန်လှ ၊ရွှေလှေ ၊ငါးလုံးတင်
ကျေးရွာများရှိ တောင်သူ ၃၀၀ ကျော်ထံမှ လယ်မြေများကို သိမ်းယူခဲ့သည်ဟုဆိုသည်။

အဆိုပါ လယ်မြေများ သိမ်းယူခဲ့စဉ်က နစ်နာကြေးနှင့် မြေယာအစား ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ကြောင်းနှင့် လယ်ယာမြေများသည် ဘိုးဘွားပိုင် ဓါးမဦးချ လုပ်ကိုင်ခဲ့သော မြေများဖြစ်ကြောင်း ဒေသခံတောင်သူ ဦးမြင့်သိန်းကဆိုသည်။

မကျီးခွရွာမှ လယ်သိမ်းခံတောင်သူ အသက် ၇၄ နှစ်အရွယ်ရှိ အဘွားဆုံက "ကျွန်မတို့လယ်ကို ပြန်လိုချင်ပါတယ်။ အထက်က လူကြီးတွေ လာကြည့်ပေးကြပါ။ ကိုယ့်လယ် ရှိခဲ့ပြီး စိုက်ခွင့်မရဘူး ။ မသေခင် တံဇဉ်ကိုင်ပြီး လယ်ထဲဆင်းချင်သေးတယ်"ဟု မဇ္ဈိမကိုပြောသည်။

လယ်ယာမြေ အသိမ်းခံရသောကြောင့် လယ်ယာမြေမဲ့ တောင်သူများသည် နီးစပ်ရာကျေးရွာများ၌ လယ်အငှားစိုက်လုပ်ကိုင်နေရပြီး လူငယ်လူလတ်များသည်လည်း မြို့ပေါ်တက်၍ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် စားပွဲထိုးများအဖြစ် လုပ်ကိုင်နေကြ ရကြောင်း ဒေသခံများကဆိုသည်။

"ဒီမှာက အကြောက်တရားကရှိတုန်းပဲ။ ဒီလိုတွေရှိနေလို့လည်း မြေတွေအသိမ်းခံနေရတယ်။ ဒါကိုဝိုင်းဝန်းဆောင် ရွက်ပေးရမယ်။ ကျွန်တော်တို့ပါတီ အနေနဲ့ကလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်" ဟု မြောင်မြို့နယ် NLDဥက္ကဋ္ဌ ဒေါက်တာကျော်နိုင်ထွန်း က မဇ္ဈိမကိုပြောသည်။

သိမ်းဆည်ခံလယ်ယာမြေများ ပြန်လည်ရလိုမှုနှင့် ပတ်သက်၍ တောင်သူများမှ သတင်းစားရှင်းလင်းပွဲကို မြောင်မြို့နယ် NLDအဖွဲ့ချုပ် တွင် ဇန်နဝါရီ ၉ ရက်မွန်းလွဲ ၁ နာရီ တွင် ပြုလုပ်ခဲ့သည်။

No comments: